ဆက်နွှယ်မှုရှိသော စီးပွားရေးနှင့် နိုင်ငံရေး

ဆက်နွှယ်မှုရှိသော စီးပွားရေးနှင့် နိုင်ငံရေး
Published 26 October 2017

စီးပွားရေး ပညာဟူသည် စီးပွားရေးကို လေ့လာခြင်း၊ သြဇာသက်ရောက်ခြင်းတို့နှင့် သက်ဆိုင်သည်။ နိုင်ငံရေးပညာဟူသည် အာဏာကျင့်သုံးမှုမှတစ်ဆင့် ပြည်သူများအပေါ် သက်ရောက်သည့် ကျင့်သုံးမှုများနှင့် သဘောတရားများကို လေ့လာခြင်းဖြစ်သည်။ သဘောတရားအရ စီးပွားရေးသည် နိုင်ငံရေးနှင့် သက်ဆိုင်နိုင်ခြင်း မရှိပေ။ စံပြစီးပွားရေး ပညာရှင်တစ်ဦးအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်ရည် တိုးတက်အောင် ပြုလုပ်ပုံနှင့်ပတ်သက်၍ ကြားနေသော၊ ဘက်မလိုက်သော အချက်အလက်များနှင့် အကြံပြုချက်များကို ပေးရမည်ဖြစ်ပြီး နိုင်ငံရေးဘက်လိုက်မှု သို့မဟုတ် နိုင်ငံရေးအညှိုးအတေးများကို လျစ်လျူပြုရမည်ဖြစ်သည်။ ယင်းနောက် ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေးသမားများက ယင်းစီးပွားရေးဆိုင်ရာ အချက်အလက်များကို ချိန်ဆကာဆုံးဖြတ်ရမည် ဖြစ်သည်။

လက်တွေ့ကျင့်သုံးရာတွင် စီးပွားရေးနှင့် နိုင်ငံရေးအကြား အားကောင်းသော ဆက်နွှယ်ချက်တစ်ရပ်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် စီးပွားရေးစွမ်းဆောင်ချက်သည် အဓိကကျသော နိုင်ငံရေး စစ်မျက်နှာတစ်ရပ် ဖြစ်နေသောကြောင့်ပင်။ စီးပွားရေးအကြောင်းအရာ များစွာသည် ပင်ကိုသဘောအရ နိုင်ငံရေးဆန်ပြီး ဖြစ်သည်။ စီးပွားရေးအကြောင်း အရာများသည်လည်း နိုင်ငံရေးကဲ့သို့ပင် ထင်မြင်ချက်သဘောထားများ ကွဲလွဲနေသောကြောင့် ဖြစ်သည်။

စီးပွားရေး အကြောင်းအရာများစွာကို နိုင်ငံရေးယုံကြည်ချက် မျက်စိများမှတစ်ဆင့် ရှုမြင်ကြသည်။ ဥပမာအားဖြင့် လူအချို့သည် အလိုအလျောက်ပင် အစိုးရ၏ စွက်ဖက်မှုကို ပို၍သံသယရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် စီးပွားရေး၌ အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကို လျှော့ချရန်ကြိုးပမ်းသည့် မူဝါဒများကိုသာ ပိုမိုနှစ်ခြိုက်ကြသည်။ အခြားတစ်ဖက်မှကြည့်လျှင် စီးပွားရေးပညာရှင်များ အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုပို၍ရှိအောင် မြှင့်တင်ခြင်းကို ပိုမိုနှစ်ခြိုက်နိုင်သည်။ ထို့ကြောင့် ယင်းကဲ့သို့ဖြစ်အောင် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကို တိုက်တွန်းအားပေးရန် ပိုမိုဆန္ဒရှိနိုင်သည်။

ဥပမာအားဖြင့် ချမ်းသာသူများအတွက် ဝင်ငွေခွန်လျှော့ပေးရန် ဆန္ဒရှိနိုင်မှုနှင့် ပတ်သက်၍ ကွဲပြားခြားနားသော စီးပွားရေးပညာရှင်များကို မူဝါဒရေးဆွဲခိုင်းပါက ၎င်းတို့၏ အဆိုပြုချက်များတွင် ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ အကြိုက်များ ထင်ဟပ်ပါဝင်လာမည် ဖြစ်သည်။ အခွန်လျှော့ပေးခြင်းနှင့် ပတ်သက်သော အကျိုးကျေးဇူးများကို ထောက်ခံသော အထောက်အထားအချို့ကို တွေ့ရှိနိုင်မည်ဖြစ်သကဲ့သို့ အခွန်တိုးကောက်ခြင်းနှင့် ပတ်သက်သော အကျိုးကျေးဇူးများကို ထောက်ခံသော အထောက်အထားအချို့ကိုလည်း တွေ့ရှိရမည် ဖြစ်သည်။

အချို့သော စီးပွားရေးပညာရှင်များသည် အလွန်စေ့စပ်သေချာမှုရှိစွာ ဘက်မလိုက်ဘဲ နိုင်ငံရေးဆိုင်ရာ တိမ်းညွတ်မှု ကင်းရှင်းကြသည်။ စီးပွားရေးပညာရှင် စစ်စစ်တို့သည်  အချက်အလက်များအတိုင်းသာ ကောက်ယူကြပြီး မိမိပို၍ သဘောကျသည့် စာရင်းဇယားများကို ကွက်ယူခြင်းအား ရှောင်ရှားကြသည်။ ၎င်းတို့၏ ကောက်ချက်များနှင့် အကြံပြုချက်များသည် အချက်အလက်များ မတိုင်မီက ကြိုတင်စဉ်းစားထားသော နိုင်ငံရေးကိစ္စများနှင့် ကိုက်ညီရန် မလိုအပ်ပေ။

ထို့ကြောင့် စီးပွားရေးမူဝါဒများကို အကြံပြုသည့် ပညာရှင်များအနေဖြင့် နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှုအပေါ် အခြေမပြုဘဲ မှန်ကန်သော အချက်အလက်များပေါ်၌သာ အခြေခံရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent