ဆင်းရဲစေသော စိတ်ထားကို ကျော်လွှားခြင်း

ဆင်းရဲစေသော စိတ်ထားကို ကျော်လွှားခြင်း
Published 24 October 2017

‘ကျွနု်ပ်တို့ တစ်နေကုန် တွေးနေကြသည့်အတိုင်း ကျွနု်ပ်တို့ ဖြစ်လာကြသည်’ ရက်ဝယ်ဒိုအီမာဆင်

အတွေးပုံစံများက လူတို့၏ကျန်းမာရေးနှင့် ချမ်းသာကြွယ်ဝရေးအပေါ် သက်ရောက်ကြောင်းကို သိပ္ပံနည်းကျ လေ့လာချက်များစွာက သဘောတရားသက်သက်အဖြစ်သာ ပြသခဲ့ခြင်းမဟုတ်ဘဲ အမှန်တကယ် မှန်ကန်ခဲ့သည်။ အတွေးများက လူတို့၏ အောင်မြင်နိုင်ခြေကို ကန့်သတ်နိုင်သည်။ အချို့သောလူများသည် မည်မျှပင် အလုပ်ပြင်းပြင်းထန်ထန် လုပ်ရစေကာမူ တစ်နေ့လုပ်တစ်နေ့စားဟု မတွေးကြပေ။ အားလပ်ရက်များကို ငွေအကုန်မခံနိုင်သော အရာအဖြစ်သာ တွေးသည်။ ရုန်းကန်ရခြင်းသည်သာ ဘဝဟုခံယူသည်။ ကျန်းမာရေးအရ မကောင်းသောအတွေးများသည် ကိုယ်ခံအားစနစ်ကိုဖိနှိပ်ပြီး မကျန်းမာခြင်းဆီသို့ ဦးတည်သွားတတ်ကြောင်း လေ့လာချက်များက ပြသခဲ့သည်။ အမေရိကန်ဆေးပညာအဖွဲ့က ပြုလုပ်ခဲ့သော လေ့လာချက်များအရ လူနာအများအပြား ဖြစ်ပွားသည့် ရောဂါလက္ခဏာရပ်များသည် ကောင်းသောအတွေးများကို မတွေးနိုင်ခြင်းမှ မြစ်ဖျားခံသည့် စိတ်ဖိစီးမှုနှင့် ပတ်သက်နေကြောင်း သိရသည်။

ထို့ကြောင့် လူတို့အနေဖြင့် မကောင်းသောအဆိုးမြင်သော အတွေးများထဲ၌သာ အဘယ့်ကြောင့် တဝဲလည်လည် ဖြစ်နေရသနည်းဟု စဉ်းစားကြည့်ရန် လိုလာသည်။ ယခုအထိ ချမ်းသာကြွယ်ဝမှုမရှိသေးသော်လည်း မိမိ၏မျက်နှာကို ယင်းလားရာအတိုင်း မျက်နှာမူထားပြီး ချမ်းသာကြွယ်ဝမှုနှင့်ဆိုင်သည့် အပြုသဘောဆောင်သော အတွေးများတွေးခြင်းသည် မိမိအနီးတစ်ဝိုက်၌ရှိသော အခွင့်အလမ်းများနှင့် ပတ်သက်၍ မျက်စိဖွင့်ထားခြင်းပင်ဖြစ်သည်။ မကောင်းသောအတွေးများသာ တွေးမိနေခြင်းမှာ အလေ့အထဖြစ်သည်။ မိမိကိုယ်တိုင် မွေးမြူခဲ့သော အတွေးများကိုဖယ်ရှားရန် ခက်ခဲနေတတ်သည်။ အလေ့အထဟောင်းများက ခေါင်းမာ၍နေတတ်သည်။ ဆင်းရဲစေသော စိတ်ထားသည် အတွေ့ရများသော စိတ်ထားတစ်မျိုးဖြစ်သည်။ မိမိတို့အနေဖြင့် ဘယ်သောအခါမျှ အောင်မြင်နိုင်မည် မဟုတ်ဟူသည့် စွဲမြဲနေသောအသိကို မဖျောက်ဖျက်ပစ်နိုင်ပါက မည်မျှပင်ကြိုးစားစေကာမူ ကျရှုံးမှုနှင့်သာ ရင်ဆိုင်ရတတ်သည်။ ထို့ကြောင့် “သင်၏အတွေးများကို ပြောင်းလဲပါ။ သင်၏ကမ္ဘာကို ပြောင်းလဲလိုက်ခြင်းမည်ပါသည်” ဟု ဆိုရိုးရှိခြင်းဖြစ်သည်။

မိမိ၏အတွေးများကို ပြောင်းလဲလိုက်သည့်အခါ မိမိ၏ပတ်ဝန်းကျင်ကို ပြောင်းလဲမှုစတင်ဖြစ်စေလိမ့်မည်ဖြစ်ပြီး သစ်လွင်သောအရာများကို စတင်လုပ်မိပေလိမ့်မည်။ မိမိ၏အတွေးများအား ကန့်သတ်ပိတ်ဆို့မှုဖြစ်စေမည့် လူများထက် မိမိအား စိတ်ကူးရစေမည့် လူသစ်များနှင့် စတင်ဆက်သွယ်ရမည်ဖြစ်သည်။ အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှုတို့နှင့် ပတ်သက်၍ စိတ်ထားကို အကောင်းဘက်သို့ မြှင့်တင်ပေးနိုင်မည့် လူများဖြစ်ရပေမည်။ ၎င်းတို့၏ တွေးပုံခေါ်ပုံ၊ ပြောပုံဆိုပုံနှင့် လုပ်ပုံကိုင်ပုံတို့အား အားကျကာ အတုယူတတ်လာရမည်ဖြစ်သည်။ မိမိအားလွှမ်းမိုးလာသော အတွေးပုံစံများက မိမိ၏စွမ်းအားများကို ကောင်းမွန်သော လားရာအတိုင်းရွေ့စေမည်ဖြစ်သည်။ ကောင်းမွန်သော အဆိုပြုချက်များသည် ဦးနှောက်၏ ဓာတ်သဘောဖွဲ့စည်းပုံကိုပါ ပြောင်းလဲစေနိုင်သည်။

ရည်မှန်းချက်ပန်းတိုင်များကို ချမှတ်ထားပြီး အောင်မြင်အောင် ဆောင်ရွက်ခြင်းက အရေးကြီးသည်။ မိမိ၏အစီအစဉ်များကို အသံသွင်းထားပြီး နားထောင်ခြင်းမျိုးက မိမိကိုယ်မိမိ လမ်းကြောင်းမှန်ပေါ်၌ ရှိအောင်ထိန်းထားရေး၌ အထောက်အကူပြုသည်။ ထိုအခါ သင့်အားဆင်းရဲစေသည့် မကောင်းသောအတွေးများက ဆွဲဆောင်နိုင်မည် မဟုတ်တော့ပါ။ သေးသည်၊ ကြီးသည်ကအရေးမကြီးဘဲ မိမိစွမ်းဆောင်နိုင်ပြီးသမျှအတွက် မိမိကိုယ်မိမိ ချီးမွမ်းမှုကိုစတင်ရန်လိုသည်။ ဆင်းရဲစေသည့် မကောင်းသောစိတ်ထားကို ဖယ်ရှားရန်အတွက် အကောင်းမြင်သော စိတ်ထားကို မွေးမြူရမည်ဖြစ်သောကြောင့်ပင် အတွေးများကို ကန့်သတ်ချက်ဘောင်များထဲမှ ထွက်သွားအောင် ချဲ့ထွင်ခြင်းသည် မိမိ၏ဖန်တီးနိုင်စွမ်းကို ခွင့်ပြုရာရောက်သည်။

ထို့ကြောင့် ဆင်းရဲစေသောစိတ်ထားများ မည်မျှနက်ရှိုင်းစွာ အမြစ်တွယ်နေသည်ဆိုသည်က အရေးမကြီးဘဲ မိမိ၏စိတ်ထားကို အကြီးအကျယ် ပြောင်းလဲနိုင်ရေးအား စတင်လိုက်ရန်သာ အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ (၂၄) ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read