အခြေပြ သင်္ကေတနှင့် ယနေ့ခေတ် လူမှု အဖွဲ့အစည်း

အခြေပြ သင်္ကေတနှင့် ယနေ့ခေတ် လူမှု အဖွဲ့အစည်း
Published 21 October 2017

အခြေပြ သင်္ကေတ (Status Symbol) ဟူသည် ပိုင်ဆိုင်သူတို့၏ လူမှုရေး အဆင့်အတန်းနှင့် စီးပွားရေး အနေအထားကို ကိုယ်စားပြု ဖော်ပြသော အရာဝတ္ထု ဖြစ်သည်။ အခြေပြ သင်္ကေတအဖြစ် ဆောင်ရွက်သော အရာဝတ္ထုများသည် အချိန်နှင့်အမျှ ပြောင်းလဲနေသော်လည်း ယင်းအခြေပြ သင်္ကေတ ရုပ်ဝတ္ထု ပစ္စည်းက လူမှုအဖွဲ့အစည်း တစ်ရပ်အတွင်း မြင့်မားသော အဆင့်အတန်းနှင့် နိမ့်ကျသော အဆင့်အတန်းတို့အကြား အဓိက ကွဲပြားခြားနားချက်အဖြစ် အမြဲတမ်း ဆက်နွှယ်ဖော်ပြလျက် ရှိသည်။ ဆိုရလျှင် အခြေပြ သင်္ကေတကို တစ်စုံတစ်ဦးနှင့် ပတ်သက်၍ မြင်သာသော ပြင်ပ အနေအထားအဖြစ် လည်းကောင်း၊ စီးပွားနှင့် လူမှုရေး အခြေအနေအဖြစ် လည်းကောင်း မှတ်ယူနိုင်သည်။

အဆင့်မြင့်သည့် ဇိမ်ခံပစ္စည်းများစွာတို့ကို အခြေပြ သင်္ကေတများအဖြစ် သတ်မှတ်လေ့ ရှိတတ်သည်။ အတိတ်ကာလက ကွဲပြားခြားနားသော လူမှုအဖွဲ့အစည်းများအလိုက် အခြေပြ သင်္ကေတတစ်ရပ်ဟု မှတ်ယူသည့် အရာသည် များစွာ ကွဲပြားခြားနားလှသည်။ သို့သော် ယနေ့ခေတ်၌သာ များစွာသော ကိစ္စရပ်များ၌ ဇိမ်ခံပစ္စည်းများကိုသာ အခြေပြ သင်္ကေတအဖြစ် မှတ်ယူလာကြတော့သည်။ လူမှုအဖွဲ့အစည်း အတွင်းရှိ အထက်တန်းလွှာများကို သာမန်လူတန်းစားများမှနေ၍ ကြီးမားသောအိမ်များ ပိုင်ဆိုင်ခြင်း၊ နောက်ဆုံးပေါ်မော်ဒယ် ကားများ စီးခြင်း၊ အလွန်ဈေးကြီးသော အဝတ်အစားများ ဝတ်ဆင်ခြင်းတို့ဖြင့် ကွဲပြားခြားနား သိသာစေသည်။

ချမ်းသာကြွယ်ဝသူများအတွက် လူအများရှေ့၌ မည်သို့သော အသွင်အပြင်ဖြင့် ပေါ်လာသည်ဟူသည်က အလွန် အရေးကြီးလာသည်။ ကိစ္စ အများစု၌ ယင်းကို အလွန်ဈေးကြီးသည့် အဝတ်အစားများ ဝတ်ဆင်ခြင်းဟု အဓိပ္ပာယ် သတ်မှတ်ကြသည်။ ကမ္ဘာတစ်လွှား၌ အီတလီနှင့် ပြင်သစ် ဒီဇိုင်နာများက စီမံပေးသော ဝတ်စုံများ အကြီးအကျယ် ခေတ်စားလာခြင်းမှာ ယင်းလမ်းကြောင်းအရ ဖြစ်သည်။ သို့သော် ယနေ့ခေတ်၌ အများစု အထင်အကြီးဆုံး အခြေပြသင်္ကေတမှာ ဇိမ်ခံကားများ ဖြစ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ဈေးပေါပေါဖြင့် ဝယ်ယူပြီး ကြည့်ကောင်းအောင် ပြုလုပ်နိုင်သည့် အဝတ်အစားများ၊ ကိုယ်နှင့် သွားလေရာ ပါမလာသည့် အိမ်များနှင့် မတူဘဲ အဆိုပါ ဇိမ်ခံကားများသည် ဈေးပေါသော အရာများနှင့် ကြည့်ကောင်းအောင် အစားထိုး၍ မရသကဲ့သို့ သွားလေရာလည်း ပါလာနိုင်သောကြောင့် ဖြစ်သည်။ ၎င်းအပြင် သာမန်လူများသည်ပင်လျှင် ဈေးအကြီးဆုံး ကားအမှတ်တံဆိပ်များနှင့် ယဉ်ပါးကျွမ်းဝင် တတ်ကြသောကြောင့်လည်း ဖြစ်သည်။ လမ်းပေါ်တွင် သွားနေသည့် နောက်ဆုံးပေါ် ကားမော်ဒယ်များကို သတိပြုမိရန်မှာ နည်းပညာအရ ကျွမ်းကျင်ရန်လည်း မလိုသောကြောင့် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် လူလတ်တန်းလွှာ အဆင့်၌ အခြေပြ သင်္ကေတအဖြစ် ပြိုင်ဆိုင်တတ်ကြသည်မှာ လက်ကိုင်ဖုန်း အမှတ်တံဆိပ်နှင့် မော်ဒယ်များ ဖြစ်လာသည်။ ထို့ကြောင့် လက်ကိုင်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ဖုန်းမော်ဒယ် အမျိုးမျိုးကို မကြာခဏ ပြောင်းလဲထုတ်လုပ်ကာ ဈေးကွက်တင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ အချို့သော လူများသည် အခြေခံ လိုအပ်ချက်ဖြစ်သော စားဝတ်နေရေးနှင့် ပတ်သက်၍ပင် ခြိုးခြံချွေတာကာ ဈေးကြီးသည့် နောက်ဆုံးပေါ်ဖုန်းများ ဝယ်နိုင်ရန် ကြိုးပမ်းကြသည်။ သို့သော် ဖုန်းမော်ဒယ် အမျိုးမျိုး အသစ်အသစ် ထွက်ပေါ်လာနေသောကြောင့် ဖုန်းနှင့် ပတ်သက်သော အခြေပြ သင်္ကေတများသည် တာရှည် မခံတတ်ကြပေ။

အမှတ်တကယ်၌ အခြေပြ သင်္ကေတဟူသော အရာဟူသည် လူများက သတ်မှတ်ထားသည့် အရာသာဖြစ်ပြီး လူတို့အနေဖြင့် တကောက်ကောက် ပြန်လိုက်နေရမည့် အရာမျိုး မဖြစ်သင့်ဟု ယူဆမိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာလ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent