လူတိုင်း လက်လှမ်းမီသော ကျန်းမာရေးစနစ်သို့ ဦးတည်ပြီး အမျိုးသားကျန်းမာရေး စီမံကိန်းရေးဆွဲရန် လုပ်ဆောင်နေပြီး အမျိုးသားကျန်းမာရေးစီမံကိန်းကို ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံများနှင့် ပတ်သက်သည့် အစီအစဉ်၊ လူ့စွမ်းအား အရင်းအမြစ်နှင့် ပတ်သက်သည့် အစီအစဉ်၊ ကျန်းမာရေးဝန်ဆောင်မှု ပေးအပ်ခြင်းဆိုင်ရာ အစီအစဉ်နှင့် ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်တို့ဖြင့် အဓိကထား ရေးဆွဲမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကလေးအယောက် ၁၀၀၀ မွေးဖွားလျှင် အယောက် ၅၀ သေဆုံးနေပြီး ၂၉ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်းကို ခံစားနေရကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။ နိုင်ငံတကာတွင် ကလေးငယ်များ အာဟာရ လုံလောက်စွာ မရရှိမှုကြောင့် တိုင်းပြည်ထုတ်ကုန် GDP ၁၁ ရာခိုင်နှုန်း ဆုံးရှုံးနေရကြောင်း၊ အစားအစာများမှ အာဟာရ လုံလောက်စွာ မရရှိမှုကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းသည်လည်း လတ်တလော အကြောင်းအရင်းများ ဖြစ်ကြောင်း၊ အသက်ငါးနှစ် အောက် ကလေးငယ်များ၏ ရှစ်ရာခိုင်နှုန်းသည် ပိန်လှီနေပြီး ကာလတာရှည် အာဟာရ ချို့တဲ့မှုကြောင့် ငါးနှစ်အောက်ကလေးငယ် သုံးယောက်တွင် တစ်ယောက်မှာ ပုညှက်နေကာ လတ်တလော အာဟာရချို့တဲ့မှုနှင့် ကာလရှည် အာဟာရချို့တဲ့မှု နှစ်မျိုးလုံးနှင့်ဆိုင် သည့် ကိုယ်အလေးချိန် လျော့ကျမှုသည် ၂၂ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံရှိ ကလေးငယ်များသည် အလုပ်လုပ်ရခြင်း၊ ကျောင်းမနေနိုင်ခြင်း၊ ရောဂါ ကြိုတင်မကာကွယ်နိုင်ခြင်း၊ အကြမ်းဖက်ခံရခြင်း၊ မတော်တဆမှုကြောင့် သေဆုံးခြင်း၊ အာဟာရချို့တဲ့ခြင်းစသည့် ပြဿနာများကြောင့် ဘ၀ အခွင့်အရေးများ နစ်နာ ဆုံးရှုံးနေရကြောင်း Save The Children ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်းမာရေး အချက်အလက်ဆိုင်ရာ အဖွဲ့အစည်း Health data.org ၏ လေ့လာချက်များအရ မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကြောင့် သေဆုံးမှုနှုန်းသည် ဒုတိယမြောက် အမြင့်မားဆုံးဖြစ်ကာ Iron Deficiency Anaemia (IDA) ဟု ခေါ်ဆိုကြသော သံဓာတ် ချို့တဲ့မှုကြောင့်ဖြစ်ပွားသော သွေးအားနည်းရောဂါကြောင့် ကျန်းမာရေးချို့တဲ့မှု ဖြစ်ပွားနှုန်းသည်လည်း ပဉ္စမမြောက် အမြင့်မားဆုံးဖြစ်နေသည်။ ၂၀၁၆ ခုနှစ် Global Nutrition Report အရ မြန်မာနိုင်ငံ၏ အာဟာရဖွံ့ဖြိုးမှုအဆင့်သည် ၁၃၆ နိုင်ငံတွင် အဆင့် ၁၀၆ တွင် ရှိနေပြီး မြန်မာနိုင်ငံ၌ အာဟာရချို့တဲ့မှုနှုန်း မြင့်မားလျက်ရှိကာ အရှေ့တောင်အာရှနိုင်ငံများတွင် အာဟာရချို့တဲ့မှု တတိယမြောက် အမြင့်ဆုံးနိုင်ငံဖြစ်နေသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကောင်အထည်ဖော် လုပ်ဆောင်နေသည့် အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇- ၂၀၂၁) ကို ဘဏ္ဍာနှစ်အလိုက် တစ်ဆင့်ချင်း လုပ်ဆောင်မည်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ဘူးသီးတောင်၊ မောင်တော အပါအဝင် မြို့နယ်ပေါင်း ၇၈ မြို့နယ်တွင် အခြေခံကျန်းမာရေး အဆောက်အအုံလိုအပ်ချက်များနှင့် ပစ္စည်းအင်အား၊ လူအင်အားများ ဖြည့်ဆည်းနိုင်ရန်အတွက် ဘဏ္ဍာငွေလျာထားချက်များ လုပ်ဆောင်လျက်ရှိနေပြီဟု သိရသည်။ သို့ပါ၍ ပြည်သူဗဟိုပြု ကျန်းမာရေးစနစ်၏ ထိရောက်လျင်မြန်မှုသည် ဆင်းရဲမွဲတေမှုများကြောင့် အထွေထွေ လူမှုပြဿနာများကို ရင်ဆိုင်နေရသူများအတွက် အရေးပါသော အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်ပါသည်။ အမျိုးသားကျန်းမာရေးစနစ် ကောင်းမွန်ခြင်း တစ်နည်းအားဖြင့် ပြည်သူအခြေပြု ကျန်းမာ ရေးဝန်ဆောင်မှုသည် နိုင်ငံ့အနာဂတ်အတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ၏ အခြေခံကောင်းများကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(အောက်တိုဘာ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)