ဆယ်ကျော်သက်တို့၏ အပြုအမူ၊ သဘောထားနှင့် စရိုက်လက္ခဏာရပ်များအပေါ် လူ့အဖွဲ့အစည်း၏ သက်ရောက်မှု

ဆယ်ကျော်သက်တို့၏ အပြုအမူ၊ သဘောထားနှင့် စရိုက်လက္ခဏာရပ်များအပေါ် လူ့အဖွဲ့အစည်း၏ သက်ရောက်မှု
Published 17 October 2017

ဆယ်ကျော်သက်တို့၏ အပြုအမူ၊ သဘောထားနှင့် စရိုက်လက္ခဏာရပ်များကို ပုံသွင်းရာတွင် လူ့အဖွဲ့အစည်းသည် ကြီးမားသော အခန်းကဏ္ဍမှပါဝင်သည်။ ဆယ်ကျော်သက်တို့၏ အခြားသူများအပေါ် ရှုမြင်ပုံ၊ အထွေထွေအမြင်နှင့် ကျင့်ဝတ်တို့ကို လူ့အဖွဲ့အစည်းက ပြဋ္ဌာန်းသည်။ မိဘများသည် ဆယ်ကျော်သက်တို့၏ ဖော်ပြပါအရာအားလုံးနှင့် ပတ်သက်၍ သြဇာလွှမ်းမိုးမှုရှိသော်လည်း ဆယ်ကျော်သက်များအပေါ် ရေရှည်လွှမ်းမိုးသည့်အရာများသည် လူ့အဖွဲ့အစည်းထံမှ သင်ယူထားခြင်းဖြစ်သည်။ မီဒီယာများ၊ အိမ်နီးချင်းများ၊ ဥပဒေများနှင့် ကျောင်းများပါဝင်သည့် လူ့အဖွဲ့အစည်းဟူသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသောအရာများ များစွာရှိနေသည်။ ယင်းအရာများက ဆယ်ကျော်သက်များ၏ စိတ်သဘောထားနှင့် အပြုအမူများအပေါ် လွှမ်းမိုးပုံနှင့် အရွယ်ရောက် ရင့်ကျက်လာသည့်အခါ မည်ကဲ့သို့သောသူ ဖြစ်လာမည်ကို ပုံသွင်းပုံတို့အား လေ့လာကြည့်သင့်သည်။

ယနေ့ခေတ်တွင် မီဒီယာများ အမျိုးအစားကျယ်ပြန့်၍လာသည်။ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဗီဒီယိုဂိမ်း၊ လူမှုကွန်ရက်ပလက်ဖောင်း၊ ရေဒီယို အစရှိသဖြင့် မျိုးစုံရရှိနိုင်သည်။ ယင်းမီဒီယာများအားလုံးသည် ဆယ်ကျော်သက်တို့အား ပုံသွင်းရန် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဆယ်ကျော်သက်တို့အနေဖြင့် လူအုပ်စုတစ်စု၌ ပါဝင်သူများကို အကြမ်းဖက်ပုံအား သတင်းများအားလုံး၌ဖော်ပြပါက ဆယ်ကျော်သက်တို့သည် ၎င်းတို့အပေါ် စာနာခြင်း သို့မဟုတ် ဖိနှိပ်သူများကို မုန်းတီးခြင်း ဖြစ်ပေါ်စေနိုင်သည်။ သို့သော် အလားတူသတင်းမှာပင် ခံရသူများကို မကောင်းသောသူများအဖြစ် ဖော်ပြပါက ယင်းလူအုပ်စုဝင်များအပေါ် ပြင်းထန်သည့် မုန်းတီးစိတ် ဖြစ်ပေါ်လာစေနိုင်သည်။ ဆယ်ကျော်သက်တို့၏ ထင်မြင်ချက်များအပေါ် မီဒီယာများကလွှမ်းမိုးနိုင်ပြီး ယင်းထင်မြင်ချက်များက ၎င်းတို့၏အပြုအမူကို လမ်းညွှန်နိုင်သည်။

ပြစ်မှုဖြစ်ပွားမှုနှုန်းနှင့် ယင်းကို ဥပဒေထိန်းသိမ်းရေးအဖွဲ့များက မည်သို့မည်ပုံ တုံ့ပြန်ပုံသည် ဆယ်ကျော်သက်များ၏ အပြုအမူနှင့် သဘောထားများအပေါ် သက်ရောက်ရာ၌ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ ဆယ်ကျော်သက်များအနေဖြင့် ၎င်းတို့ ဝန်းကျင်တစ်ဝိုက်၌ ပြစ်မှုများအဖြစ်များကြောင်း တွေ့ရှိသွားပါက ယင်းတို့ကို ဘာမျှမထူးဆန်းသည့်အရာများဟု လက်ခံသွားပြီး ၎င်းတို့ကိုယ်တိုင်ပင် အခါအားလျော်စွာ ကျူးလွန်လာနိုင်သည်။ သို့သော် ဥပဒေထိန်းသိမ်းရေးအဖွဲ့များအနေဖြင့် ယင်းအနေအထားကို ကောင်းမွန်စွာ ကိုင်တွယ်ခဲ့ပါက လုံးဝကွဲပြားခြားနားသွားနိုင်သည်။ ဆယ်ကျော်သက်များအနေဖြင့် ပြစ်မှုကျူးလွန်သူများသည် ကျူးလွန်သောပြစ်မှုများအတွက် အပြစ်ပေးခံရသည်ကို တွေ့ရှိသောကြောင့် မှားယွင်းသောလမ်းကြောင်းကို လျှောက်မိပါက အကျိုးဆက်များခံရမည်ကို သဘောပေါက်သွားပေလိမ့်မည်။ ထို့ကြောင့် ယင်းကဲ့သို့ကျူးလွန်ခြင်းမျိုးကို ရှောင်ကြည်ပေလိမ့်မည်။ ယင်းတို့အားလုံးသည် လူ့အဖွဲ့အစည်းအပေါ်၌ မူတည်သည်။

ဆယ်ကျော်သက်တို့၏ စိတ်သဘောထားနှင့် စရိုက်လက္ခဏာရပ်များကို ပုံသွင်းရာတွင် ကျောင်းများသည်လည်း ကြီးမားသော အခန်းကဏ္ဍမှပါဝင်သည်။ ဆယ်ကျော်သက်တို့သည် ကျောင်း၌ လူပေါင်းစုံနှင့် တွေ့ရသည်။ များသောအားဖြင့် ၎င်းတို့သည် မည်ကဲ့သို့သောသူများကို ပေါင်းသင်းသနည်းဟူသည်က ၎င်းတို့ မည်ကဲ့သို့သောလူမျိုး ဖြစ်လာမည်ကို ပြဋ္ဌာန်းသည်ဟု ဆိုနိုင်သည်။ ကောင်းမွန်သော ပြုစုစောင့်ရှောက်မှုရှိသော ယဉ်ကျေးရည်မွန်သော အပေါင်းအသင်းများသည် ဆယ်ကျော်သက်များ၏ အထွေထွေအပြုအမူများကို တိုးတက်စေနိုင်ပြီး မကောင်းသော အပေါင်းအသင်းများက ၎င်းတို့အား ပျက်စီးစေနိုင်သည်။ မူးယစ်ဆေးစွဲခြင်း၊ အရက်စွဲခြင်းမှသည် ပြစ်မှုများကျူးလွန်ခြင်းအထိ ဖြစ်စေနိုင်သည်။

ထို့ကြောင့် ဆယ်ကျော်သက်များအား လူ့အဖွဲ့အစည်းမှနေ၍ ကောင်းသောသက်ရောက်မှုများ ရရှိအောင်နှင့် မကောင်းသော သက်ရောက်မှုများကို ရှောင်နိုင်အောင် ပြုစုပျိုးထောင်ပေးရန်မှာ လူကြီးတို့၏တာဝန်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ (၁၇) ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent