လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ် ပီပြင်ရေး

လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ် ပီပြင်ရေး
Published 10 October 2017

လူတိုင်း၏ နေထိုင်မှုပုံစံများသည် မတူညီကွဲပြားမှုများ ရှိသော်လည်း ကျန်းမာရေးအပေါ် သက်ရောက်မှုပုံစံများမှာတော့ တူနေကြသည်။ အာဟာရချို့တဲ့ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိသော အစားအသောက်များ စားသုံးခြင်း၊ ဆေးလိပ်အရက်နှင့် မူးယစ်ဆေးစွဲခြင်း၊ အင်တာနက် လူမှုကွန်ရက်ကဲ့သို့ နည်းပညာသစ်များ၏ ဆိုးကျိုးဖြစ်သော ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်နိုင်ခြင်း စသည့် လူသားတို့၏နေ့စဉ်ဘဝတွင် တွေ့ကြုံရနိုင်သော စိန်ခေါ်မှုများကြောင့် ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှုများကို ဆိုလိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏သုံးသပ်မှုအရ လူတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ ဘဝအရည်အသွေးတို့နှင့် ပတ်သက်သော အကြောင်းအရာများ၏ ရာခိုင်နှုန်း ၆၀ သည် ဘဝနေထိုင်မှုများပေါ်တွင် မူတည်နေသည်ဟုဆိုသည်။

ဆင်းရဲမွဲတေမှု ပြဿနာများနှင့်အတူ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံစာရင်းတွင် ပါဝင်နေဆဲဖြစ်သော မြန်မာနိုင်ငံတွင်လည်း နေ့စဉ်လူနေမှုပုံစံများနှင့်အတူ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများစွာရှိနေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ထားချက်များအရ မြန်မာနိုင်ငံတွင် အထူးကုဆေးရုံ ၃၂ ရုံ၊ သင်ကြားရေးဆေးရုံ ကိုးရုံ၊ ခုတင် ၅၀၀ ဆံ့ဆေးရုံ ၁၁ ရုံ၊ ခုတင် ၃၀၀ ဆံ့ဆေးရုံသုံးရုံ၊ ခုတင် ၂၀၀ ဆံ့ဆေးရုံ ၂၇ ရုံ၊ ခုတင် ၁၅၀ ဆံ့ဆေးရုံ နှစ်ရုံ၊ ခုတင် ၁၀၀ ဆံ့ဆေးရုံ ၄၁ ရုံ၊ ခုတင် ၅၀ ဆံ့ဆေးရုံ ၁၁၂ ရုံ၊ ခုတင် ၂၅ ဆံ့ဆေးရုံ ၁၅၁ ရုံ၊ ခုတင် ၁၆ ဆံ့ဆေးရုံ ၁၀ ရုံ၊ တိုက်နယ်ဆေးရုံ ၇၂၅ ရုံ စုစုပေါင်း ဆေးရုံ ၁၁၂၃ ရှိပြီး ခွင့်ပြုခုတင် စုစုပေါင်း ၅၄၇၀၃ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်အား သတ်မှတ်ကျန်းမာရေးဘတ်ဂျက်ဖြင့် တွက်ချက်ပါက နိုင်ငံသားတစ်ဦးလျှင် တစ်နှစ်စာ ကျပ် ၁၂၅၀၀ သုံးနိုင်မည့် အနေအထားဖြစ်သည်။ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ ဘဏ္ဍာနှစ်အလိုက်ရရှိမှုမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၇၀၈၉၄၉ ဒသမ ၀၀၆၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၈၄၅၅၅၃ ဒသမ ၃၆၂၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၈၅၀၆၄၄ ဒသမ ၇၀၆ ဖြင့် ခွဲတမ်းရရှိထားသည်ဟုလည်း တရားဝင်ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်း အနေအထားအား အိမ်နီးချင်းနိုင်ငံအချို့နှင့် နှိုင်းယှဉ်ပါက လိုအပ်ချက်များရှိနေသေးသလို ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၏ အားနည်းချက်များကိုလည်း မြင်တွေ့နိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း နှစ်အလိုက် ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်ရရှိနိုင်မှုအပါအဝင် ဆရာဝန်နှင့် လူနာအချိုးကွာဟခြင်းကဲ့သို့သော အခြေအနေများ၊ ဆေးဝါးမလုံလောက်မှုများ စသည့် အထွေထွေ အခြေအနေများက စိန်ခေါ်မှုများအဖြစ်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆရာဝန်နှင့် လူနာအချိုးမှာ လူဦးရေ ၅၁ သန်းနှင့် တွက်ချက်ပါက အစိုးရဝန်ထမ်းဆရာဝန်၊ ပုဂ္ဂလိကဆရာဝန် စုစုပေါင်းအရေအတွက်အရ ဆရာဝန်တစ်ဦးသည် လူ ၄၀၀၀ ခန့်ကို ကုသစောင့်ရှောက်မှုပေးနေရသည့် အနေအထားဖြစ်နေသည်။

ယခုအခါတွင် အစိုးရဆေးရုံကြီးများတွင် တစ်နှစ်လျှင် ပြင်ပလူနာပေါင်း ကိုးသန်းကျော်၊ အတွင်းလူနာပေါင်း နှစ်သန်းကျော်ထိ တက်ရောက်ကုသနေခြင်းကြောင့် အဖြစ်များသော ရောဂါကြီးများ (နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါ) အတွက် အထူးကုဌာနကြီးများကို သီးခြားစီအဆောက်အအုံများအဖြစ် ထားရှိဖွင့်လှစ်နိုင်ရန် စီစဉ်လုပ်ဆောင်နေပြီဟု သိရသည်။ သို့ပါ၍ လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်စေရေးအတွက် အသုံးပြုနိုင်သော ဘတ်ဂျက်ပမာဏ၊ ရရှိနိုင်မည့် ဝန်ထမ်းအင်အား၊ လက်ခံနိုင်မည့် လူနာအရေအတွက် အစရှိသော လက်ရှိအနေအထားနှင့် လိုက်လျောညီထွေရှိမည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မူဝါဒများကို ချမှတ်လျက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာလ (၁၀) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent