ဆွေမျိုးများထဲမှ အသက်ကြီးသူများကို လေးစားခြင်း

ဆွေမျိုးများထဲမှ အသက်ကြီးသူများကို လေးစားခြင်း
Published 6 October 2017

ဆွေမျိုးများထဲမှ မိမိထက် အသက်ကြီးသူများသည် လေးစားရန် တစ်စုံတစ်ရာ ထိုက်တန်သူများဖြစ်ကြသည်။ ယဉ်ကျေးမှု အစဉ်အလာများနှင့် ဘဝနေထိုင်နည်းများ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အမျိုးမျိုး ကွဲပြားမည်ဖြစ်သော်လည်း မိမိတို့၏ ဆွေမျိုးများထဲမှ အသက်ကြီးသူများကို ဂါရဝပြုခြင်းနှင့် ယင်းအစဉ်အလာကို နောက်မျိုးဆက်များထံသို့ လက်ဆင့်ကမ်းပေးခြင်းသည် ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်ကို အမှတ်ရမှုတစ်ရပ်ဖြစ်သည်။ သို့သော် တစ်နှစ်တာကာလအတွင်း ဝါကျွတ်ချိန်၌ ပစ္စည်းပစ္စယများဖြင့် သွားရောက်ကန်တော့ရုံသက်သက်ဖြင့် လေးစားခြင်းမမည်ပေ။ လေးစားမှုကို ပြသရန် နည်းလမ်းများနှင့် ပတ်သက်၍ အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပို၍နားထောင်ပါ- “ကျွန်ုပ်တို့ထံ၌ ပါးစပ်တစ်ပေါက်တည်း ရှိသော်လည်း နားနှစ်ခုရှိခြင်းမှာ အကြောင်းရှိသည်” ဟူသည့် ဆိုရိုးစကားကို ဤနေရာ၌ သုံးရမည်ဖြစ်သည်။ အသက်ကြီးသူတစ်ဦး၏ ရှေ့မှောက်၌ ရှိသည့်အခါ ပြောသည့်အလုပ်ထက် နားထောင်သည့် အလုပ်ကို ပိုလုပ်သင့်သည်။ အသက်ကြီးသူတို့၏ စကားသည် ဆယ်စုနှစ်များစွာသော အတွေ့အကြုံများမှ လာသည်။ ယဉ်ကျေးပါ- အသက်ကြီးသူများရှေ့မှောက်၌ ယဉ်ကျေးရမည်ဖြစ်သည်။ သူတို့ပြောလျှင် နားထောင်၊ သူတို့မေးလျှင် တည်ငြိမ်သော လေသံဖြင့် လေးလေးစားစား တုံ့ပြန်ရမည်။ အကြံဉာဏ် တောင်းခံပါ- အသက်ကြီးသူများသည် မိမိထက်ပို၍ အတွေ့အကြုံများသူများ ဖြစ်သောကြောင့် ၎င်းတို့၏ အကြံဉာဏ်ကို လေးစားရမည်ဖြစ်သည်။ မိမိ၏ ဘဝအခြေအနေတစ်ရပ်ကို တုံ့ပြန်ရန် အကြံဉာဏ် လိုအပ်သည့်အခါ အသက်ကြီးသူများထံ အချိန်ယူ၍ တောင်းခံရမည်ဖြစ်သည်။ ၎င်းတို့နှင့်အတူ လည်ပတ်ပါ- အငြိမ်းစားအရွယ်ရှိ အသက်ကြီးသူများသည် နေအိမ်များအတွင်း၌သာ အနေများသောကြောင့် ၎င်းတို့၏ လူ့အသိုင်းအဝိုင်းအတွက် အကျိုးမရှိဘဲ အချိန်ကုန်ရတတ်သည်။ ၎င်းတို့အား လေးစားမှုပြကာ အတူလည်ပတ်ခြင်းဖြင့် လူ့အသိုင်းအဝိုင်းအတွင်းသို့ ခေါ်ဆောင်လာသင့်သည်။ အစားစားလျှင် ဦးစားပေးပါ- လူမျိုးများစွာတို့၌ အစားစားသည့်အခါ အသက်ကြီးသူများကို ဦးစွာ စားစေခြင်းမှာ အစဉ်အလာဖြစ်သည်။ မိမိအတွက် အစားတစ်ပန်းကန် မပြင်ဆင်မီ အသက်ကြီးသူများအား ဦးစွာ ပြင်ဆင်ပေးရသည်။ အစဉ်အလာ ထုံးတမ်းများအကြောင်း မေးမြန်းပါ- မိမိလူမျိုးတို့နှင့်ပတ်သက်၍လည်းကောင်း၊ မိမိတု့ိ၏ ဘိုးစဉ်ဘောင်ဆက်နှင့်ပတ်သက်၍လည်းကောင်း၊ မည်ကဲ့သို့သော အစဉ်အလာထုံးတမ်းများ ရှိပါသနည်းဟု မေးမြန်းခြင်းမှာ အသက်ကြီးသူများအား လေးစားမှုကို ပြသခြင်းဖြစ်သည်။ ၎င်းတို့၏ ဘဝအကြောင်းကို မေးမြန်းပါ- အသက်ကြီးသူတို့အား ၎င်းတို့၏ဘဝအကြောင်း မေးမြန်းခြင်းဖြင့် အလွန်အံ့သြဖွယ်ကောင်းသည့် အကြောင်းအရာအချို့ကို ကြားရနိုင်သည်။ ၎င်းတို့အပေါ် စိတ်ဝင်စားမှု ပြသခြင်းသည် မိမိအနေဖြင့် ၎င်းတို့အား ဂရုစိုက် စောင့်ရှောက်ခြင်းလည်းဖြစ်သည်။ ၎င်းတို့ထံ ဖုန်းခေါ်ပါ- အသက်ကြီးသူတစ်ဦးကို သွားရောက်တွေ့ဆုံရန် မလွယ်ကူသည့် အနေအထား၌ ရှိတတ်သည်။ သို့သော် လူချင်း သွားရောက်တွေ့ဆုံမှသာ လေးစားသည်မဟုတ်ပါ။ ဖုန်းခေါ်ကာ နှုတ်ဆက်ခြင်းမျိုးဖြင့် လေးစားမှုကို ပြသနိုင်သည်။ ၎င်းတို့အား လေးစားကြောင်းပြောကာ ချီးကျူးမှုပြုလုပ်ပါ- ၎င်းတို့နှင့် စကားပြောသည့်အခါ “ကျွန်တော်/ကျွန်မတို့ သိပ်ကို လေးစားပါတယ်။ အဲဒီလို လုပ်ခဲ့နိုင်တာက ဂုဏ်ယူစရာပါ” အစရှိသဖြင့် ထည့်သွင်း ပြောကြားခြင်းသည် ရိုးစင်းသော်လည်း ထုတ်ဖော်ပြောကြားရန် မေ့လျော့နေတတ်ကြသည်။ ယင်းကဲ့သို့ မပျက်မကွက် ပြုလုပ်ရန် လိုသည်။

ထို့ကြောင့် ဝါကျွတ်ချိန်ကျမှ သွားရောက်ဂါရဝပြုခြင်းထက် မိမိဆွေမျိုးများထဲမှ အသက်ကြီးသူများကို ယခုအကြံပြုချက်များအတိုင်း အမြဲတစေ လေးစားမှုကို ပြသသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent