<

ဥပဒေပြင်ဆင်ရေးများနှင့် လွှတ်တော်၏ အခန်းကဏ္ဍ

အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းရန် ပြဋ္ဌာန်းထားသကဲ့သို့ ထိန်းကျောင်းမှု အားကောင်းရေးအတွက် သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍမှာ အဓိကကျလျက် ရှိပါသည်။ တစ်နည်း ဆိုရသော် လွှတ်တော်ကော်မတီများသည် လွှတ်တော်အသီးသီးအတွက် အရေးကြီးသော လွှတ်တော်၏ ကိုယ်ပွား အဓိက မောင်းနှင်အားများဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းသည့် မြန်မာနိုင်ငံအတွက် လွှတ်တော် သို့မဟုတ် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍမှာ အရေးပါနေခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပချိန်တွင် “ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေး ကာလဟာ စတင်ခါစဖြစ်ပြီး များစွာ နုနယ်တဲ့ အခြေအနေမှာ ရှိပါသေးတယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ ရှိနေဖို့ များစွာ ကြိုးပမ်းအားထုတ်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားကြရဦးမှာ ဖြစ်ပါတယ်။ ပြည်သူတွေအကြား ဒီမိုကရေစီ အလေ့အကျင့်တွေ ခိုင်မာအားကောင်းစေဖို့ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အခွင့်အရေး ရရှိရန် တာဝန်နဲ့ ၀တ္တရားလည်း ရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များက စံနမူနာပြ ကျင့်ကြံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှု ခိုင်မာဖို့အတွက် အပြောင်းအလဲဟာ ဆက်လက်ဆောင်ရွက်ကြရမယ့် Process အဖြစ် ခံယူထားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များ ပီသစွာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ဒီမိုကရေစီ အခွင့်အရေးများ ရရှိပြီး လူမှုစီးပွားဘ၀ မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်သွားကြပါစို့” ဟူ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားထားသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းကာ သတ်မှတ်ချက်များနှင့်အညီ ပါဝင်သော ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် စသည်ဖြင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပရသော လွှတ်တော်အစည်းအဝေးများသည် ဥပဒေပြုရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။ ၎င်းအပြင် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင်လည်း ဥပဒေပြုရေး အာဏာသည် တစ်ခု အပါအ၀င် ဖြစ်သည်။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုပြီး အဆိုပါ နိုင်ငံတော် အာဏာသုံးရပ်ကို ပြည်ထောင်စု၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းထားသည်။ နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေး အာဏာကို ခွဲဝေအပ်နှင်းထားသည်။

လတ်တလောတွင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် အဖွဲ့အစည်းများ အနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်ကြောင်း အပါအ၀င် လိုအပ်သော ဥပဒေ ပြင်ဆင်ခြင်း၊ ဥပဒေဆိုင်ရာ လိုအပ်ချက်များအပေါ် ထောက်ပြပြောဆိုခြင်းများ ပြုလုပ်လျက် ရှိနေပြီ ဖြစ်သည်။ သို့ပါ၍ ဥပဒေပြုရေး အခန်းကဏ္ဍ၌ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရန် အပြောင်းအလဲ လုပ်ဆောင်နိုင်ရေးမှာ အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင်လ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

July 29, 2017














Copy Protected by Chetan's WP-Copyprotect.