ပဋိပက္ခအခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှု

ပဋိပက္ခအခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှု
Published 5 October 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာ တစ်လတည်းအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၄၄၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူက ထိပ်ဆုံးမှ ရပ် တည်နေသည်။ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၇၄ ဘီလျံကျော်တွင် တရုတ် နိုင်ငံက ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယအများဆုံး ရင်းနှီးမြှုပ် နှံထားသည်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်အတူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများတွင် အများဆုံးမြှုပ်နှံထားသော ကဏ္ဍမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍ ဖြစ်သည်။ စက် တင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၁ ခုတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၁၄၆၅၉ ဘီလျံကျော်ရှိပြီး အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍ၌ အများဆုံးရင်းနှီး မြှုပ်နှံထားသည်။

အထက်ပါကိန်းဂဏန်းများမှာ တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေများဖြစ်ပါသည်။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးမှုတွင် နိုင်ငံရေးတည်ငြိမ်မှုမှာ အရေးပါလျက်ရှိပြီး ပဋိပက္ခများဖြစ် ပွားခြင်းများကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိနေနိုင်သည်ကိုလည်း သတိပြုစရာအဖြစ် မြင်တွေ့နိုင်ပါသည်။ ယင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအခြေအနေများကြောင့် ထိခိုက်မှုရှိနိုင်သည်ကို ကမ္ဘာ့ ဘဏ်၏ အစီရင်ခံစာတစ်ရပ်တွင် ထောက်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိနိုင်ကြောင်းနှင့် ရင်းနှီးမြှုပ် နှံသူများအကြား လက်ရှိပြုပြင်ပြောင်းလဲမှုအရှိန်အဟုန် နှေးကွေးလျက်ရှိဟု အမြင်များရှိကြောင်း  သိရသည်။ သတင်းထုတ်ပြန်ချက်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စီးပွားရေး တိုးတက်မှုအခြေအနေများ တိုးတက်ကောင်း မွန်လာသည့်အတွက် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို အသုံးချနိုင်မည့် အလားအလာများ ရှိနေကြောင်း၊ သို့သော် စီးပွားရေးတိုးတက်မှုနှုန်းအပေါ် သက်ရောက်နိုင်သည့် အရာများလည်းရှိကြောင်း၊ လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ပဋိပက္ခအခြေအနေများ ကြောင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိနိုင်ကြောင်း ဖော်ပြပါရှိသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံသူများအကြား လက်ရှိတွင် ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် နှေးကွေးလျက်ရှိသည်ဟူသော အမြင်များရှိနေသည့်အပြင် သဘာဝဘေး အန္တ ရာယ်များ ကျရောက်နိုင်သည့် အနေအထားများကြောင့် နဂိုရှိနေသည့် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေနိုင်သည်ဟု သုံးသပ်ထားသည်။

ယင်းအပြင် သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များ ခိုင်မာအားကောင်းမှုရှိနေသော်လည်း အကောင်အထည်ဖော်မှုအပိုင်းတွင် နှေးကွေးမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာက အကြံပြုချက်များအနက် တစ်ခုမှာ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အရေးပါသော ပြုပြင်ပြောင်းလဲမှုများအား ဆက်လက်ဆောင်ရွက်ရန်နှင့် ယင်းသို့ ဆောင်ရွက်လျက်ရှိသည် နှင့် စပ်လျဉ်းပြီး သက်ဆိုင်သူများ အားလုံးထံ ပြန်ကြား ဆက်သွယ်ပေးမှုများ မြှင့်တင်ဆောင် ရွက်ရန်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ချက်များအနက် အချို့မှာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအနက် ငွေရေးကြေးရေး ဝန်ဆောင်မှုများ၊ လျှပ်စစ်ဓာတ်အား၊ မြေယာပိုင်ဆိုင်နိုင်မှု၊ စီးပွားရေးဆိုင်ရာနှင့် အလုပ် သမားရေးရာ ဥပဒေမူဘောင်များ အစရှိသည်တို့ကို တိုးတက်ကောင်းမွန်လာစေမည့် လုပ်ဆောင်ချက်များ ပါဝင်သည်ဟု မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

သို့ပါ၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် အပြောင်းအလဲနှင့်အတူ မြန်မာ့စီးပွားရေးကဏ္ဍ တိုးတက်ပြောင်းလဲရန် လုပ်ဆောင်လျက်ရှိရာ ပဋိပက္ခဖြစ်စဉ်များ အပါအဝင် မတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအပေါ် သတိပြု၍ မှန်ကန်သည့် မူဝါဒများဖြင့် အဖြေရှာ ဖြေရှင်းသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(အောက်တိုဘာ ၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent