<

H1 N1 နှင့် ကျန်းမာရေးသတိ

ယခုရက်ပိုင်းအတွင်း ဆေးကုသမှုခံယူရန် ဆေးရုံတက်ရောက်ကုသနေစဉ်အတွင်း သေဆုံးခဲ့သည့်သူများမှာ H1 N1 Positive ဖြင့် သေဆုံးသွားကြောင်း သတင်းများအရ လူထုအကြား စိုးရိမ်မှုများ ရှိလာသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်၌ ဇူလိုင် ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည့် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် တက်ရောက်ကုသနေသောလူနာသုံးဦး၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာလျက်ရှိကြောင်း၊ ဇူလိုင် ၂၅ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသည့် သံသယရာသီတုပ်ကွေးရောဂါလူနာ ၁၂ ဦးထံမှ နှာခေါင်းတို့ဖတ် (Nasopharyngeal Swab) ရယူပြီး အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဆိုင်ရာ ဗဟိုဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ လူနာသုံးဦးတွင် Seasonal Influenza A (H1 N1) pdm 2019-Positive  ဖြစ်ကြောင်း ထပ်မံစစ်ဆေးတွေ့ရှိရကြောင်း၊  အဆိုပါရာသီတုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၂ ဦးအနက်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် ဇူလိုင် ၂၁ ရက် ည ၈ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စတင်ဆေးရုံ တက်ရောက်ကုသခဲ့ပြီး ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါရောဂါဖြင့် သေဆုံးခဲ့ကြောင်းနှင့် ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဇူလိုင် ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် အသက် (၂၉) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် တက်ရောက်ခဲ့ရာ ရောဂါပြင်းထန်သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ မွန်းတည့် ၁၂ နာရီတွင် လွှဲပြောင်းခဲ့ပြီး မွန်းလွဲပိုင်းတွင် အဆိုပါရောဂါဖြင့် သေဆုံးခဲ့ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

အဆိုပါရောဂါနှင့်ပတ်သက်၍  ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး နယ်စပ်ဝင်ပေါက် ထွက်ပေါက်များ၊ လေဆိပ်၊ ရေဆိပ်များတွင်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။ တုပ်ကွေးရောဂါပိုး Seasonal Influenza (H1 N1) 2009 အပါအ၀င် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးလူဦးရေ၏ ငါးရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ နှစ်စဉ် ဖြစ်ပွားလျက်ရှိပြီး ရောဂါဖြစ်ပွားသူများ၏ တစ်ရာခိုင်နှုန်းအောက်သာ သေဆုံးမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“ချမ်းတုန်ခြင်း၊ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာချေ၊ နှာရည်ယိုခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း၊ ၀မ်းသွားခြင်း၊ ပျို့ခြင်း နှင့် အန်ခြင်း” ရောဂါလက္ခဏာရပ်များ ဖြစ်ပေါ်ပါက H1 N1 နှင့်ပတ်သက်၍ သတိပြုရမည် ဖြစ်သည်။ လတ်တလော တရားဝင်ထုတ်ပြန်ချက်များ၊ အသိပေးမှုများအပေါ် ကျန်းမာရေးသတိရှိရန် လိုအပ်မည်ဖြစ်ပါသည်။ သို့သော် အစိုးရိမ်လွန်ခြင်းမျိုး မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ အဆင့်ဆင့်အနေဖြင့် အများပြည်သူ သိသင့်သည်များကို အချိန်မီလျင် လျင်မြန်မြန် အသိပေးခြင်း၊ သတိပေးခြင်းနှင့် အရေးပေါ်ကိစ္စရပ်များပေါ်ပေါက်က ထိရောက်သည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ (၂၇) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

July 29, 2017














Copy Protected by Chetan's WP-Copyprotect.