အခက်အခဲ အကျပ်အတည်းမှ လွန်မြောက်ရေး

အခက်အခဲ အကျပ်အတည်းမှ လွန်မြောက်ရေး
Published 3 October 2017

ခက်ခဲကျပ်တည်းသော အချိန်ကာလများကို ဖြတ်ကျော်ရသည့်အခါ ခံနိုင်ရည်ရှိသော မိသားစုများသည် အကျပ်အတည်းတစ်ရပ်ကို လူတစ်ဦးချင်း တွန်းလှန်တောင့်ခံရန် ကိစ္စထက်မျှဝေယူရမည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ယင်းကဲ့သို့သော မိသားစုများအတွင်း ဆက်ဆံရေးများသည် အလွန်အမင်း အရေးကြီးသည်။ မိသားစုဝင်များနှင့် လည်းကောင်း၊ မိသားစုအတွက် အရေးကြီးသော အခြားသူများနှင့်လည်းကောင်း အတူတကွ ပူးပေါင်းခြင်းသည် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အရည်အသွေးများ ပိုမိုအားကောင်းစေနိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ခံနိုင်ရည်ရှိသော မိသားစုများသည် အခက်အခဲ အကျပ်အတည်းများကို မိသားစု၏ ဘဝစက်ဝန်းတစ်လျှောက် ဖွံ့ဖြိုးမှုနှင့် ပြောင်းလဲမှုကိုဖြစ်စေမည့် စီမံခန့်ခွဲနိုင်သော အဓိပ္ပာယ်ရှိသော တစ်စုံတစ်ရာအဖြစ်သာ ရှုမြင်ကြသည်။

စိတ်ပညာတွင် Ink Blot Test ဟူသည့် စမ်းသပ်စစ်ဆေးမှုတစ်ရပ်ရှိသည်။ ယင်းစမ်းသပ်ချက်တွင် လူတစ်ဦးအား မင်စွန်းကွက်တစ်ခုကို ကြည့်စေပြီး ၎င်းအနေဖြင့် မည်သည့်အရာနှင့်တူသည်ဟု ထင်မြင်ကြောင်း ရှင်းပြစေသည်။ စိတ်ပညာရှင်အချို့က ယင်းစမ်းသပ်ချက်ကို လူတစ်ဦး၏ စိတ်ခံစားမှုဆိုင်ရာ အခြေအနေနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ စရိုက်လက္ခဏာရပ်များအား ပိုမိုသိနားလည်နိုင်ရန်အတွက် အသုံးပြုတတ်သည်။ လူတစ်ဦးသည် အကျပ်အတည်းတစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းအနေဖြင့် ယင်းအနေအထားကိုကြည့်ကာ ကွဲပြားခြားနားသောအမြင်များ ထွက်ပေါ်လာနိုင်သည်။ ၎င်းအနေဖြင့် ရှုံးနိမ့်မှု သို့မဟုတ် အကူအညီမဲ့မှု အနေအထားအဖြစ် ရှုမြင်နိုင်သည်။ ၎င်းအနေဖြင့် ကြောက်ရွံ့ထိတ်လန့်သွားနိုင်သည်။ အခက်အခဲ အကျပ်အတည်းကို အခြားသူများနှင့်အတူ ပူးပေါင်းကျော်ဖြတ်ရန် ယင်းအခြားသူများနှင့် လက်တွဲမှုကို ပိုမိုခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဟုလည်း ရှုမြင်နိုင်သည်။ အကျပ်အတည်းမှ လွတ်မြောက်ပြီးပါက မိမိကိုယ်မိမိ ပိုမိုခိုင်မာအားကောင်းသော လူတစ်ဦးအဖြစ်လည်း ရှုမြင်နိုင်သည်။ ဖြစ်ပေါ်နေသော အကျပ်အတည်းတစ်ရပ်နှင့် ပတ်သက်၍ မိမိအနေဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိသည်များလည်း များစွာရှိနိုင်သည်။ မိမိအနေဖြင့် ထိန်းချုပ်နိုင်မည့် တစ်ခုသောအရာမှာ ယင်းအကျပ်အတည်းအား မည်သို့ရှုမြင်မည်နည်းဟု ရွေးချယ်စရာ နည်းလမ်းသာဖြစ်သည်။ မိမိရွေးချယ်လိုက်သောအရာသည် အကျပ်အတည်းကာလကို ကျော်ဖြတ်ခဲ့ပုံ၌ ကြီးမားသော ကွဲပြားခြားနားမှုများကို ဖြစ်စေနိုင်သည်။

အကျပ်အတည်း သို့မဟုတ် စိန်ခေါ်မှုတစ်ရပ်ကို မည်သို့မည်ပုံ ရှုမြင်မည်နည်းဟူသည်နှင့် ပတ်သက်၍ စဉ်းစားရန် အချိန်ယူရမည်ဖြစ်သည်။ အနေအထားနှင့် ပတ်သက်၍ မိမိတွေးလိုက်သည့်အခါ စိတ်ထဲသို့ ပထမဆုံးရောက်လာသည့် စကားလုံးများကို ချရေးရမည်ဖြစ်သည်။ ယင်းနောက် မိမိရေးသားထားသည်များကို ကြည့်ရမည်ဖြစ်သည်။ အကျပ်အတည်းအပေါ် မိမိ၏အမြင်သည် မိမိအား ရှေ့သို့တက်နိုင်စေမည်လား သို့မဟုတ် မိမိကျရောက်နေသည့် အကျပ်အတည်းအတွင်း ပိတ်မိသွားစေမည်လား စဉ်စားရမည်ဖြစ်သည်။ တစ်နည်းဆိုသော် မိမိအားရှေ့သို့တက်နိုင်ရန် အထောက်အကူပြုစေမည့် အတွေးမျိုးကို ရွေးချယ်ရမည်ဖြစ်သည်။ စိန်ခေါ်နေသော အနေအထားမှနေ၍ ပေါ်ထွက်လာနိုင်သည့် အပြုသဘောဆောင်သောအရာများကို စဉ်းစားရမည်ဖြစ်သည်။ ယင်းနောက် အပြုသဘောဆောင်စေမည့် ယင်းစကားလုံးများကို ချရေးရမည်ဖြစ်သည်။ ရေးသားထားသည့် စာသားများကို နေ့စဉ်မြင်နိုင်သည့် နေရာ၌ထားရှိပြီး အလွန်ခက်ခဲသည့် အချိန်မှနေ၍ ကောင်းမွန်သည့် တစ်စုံတစ်ရာ မည်သို့ထုတ်ယူရမည်ကို မိမိကိုယ်မိမိ နေ့စဉ်သတိပေးနေရမည်ဖြစ်သည်။

ထို့ကြောင့် မိသားစုတစ်စုအနေဖြင့် အကျပ်အတည်းတစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ မိသားစုစိတ်ဓာတ်ဖြင့် မျှဝေခံစားရမည်ဖြစ်သော စိန်ခေါ်မှုဟုရှုမြင်ကာ လွန်မြောက်နိုင်မည့်နည်းလမ်းကို ပူးပေါင်းလက်တွဲ အဖြေရှာရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာလ (၃) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent