<

ပြဿနာဖြေရှင်းမှုဆိုင်ရာ ကျွမ်းကျင်မှု

လူတို့သည် နေ့စဉ်နှင့်အမျှ ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ပြဿနာဖြေရှင်းမှုနှင့် ပတ်သက်၍ ကောင်းမွန်သော ကျွမ်းကျင်မှုကြောင့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ကြုံတွေ့ရသည့် ပြဿနာအချို့သည် ယခင်က ကြုံဖူးသည်ထက် ပိုမိုပြင်းထန် ပိုမိုရှုပ်ထွေးတတ်သည်။ ပြဿနာများကို အချိန်မီ အခက်အခဲမရှိ ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းသည် အလွန်ကောင်းမွန်သော အရည်အချင်းဖြစ်သည်။ သို့သော် ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဟူ၍ မရှိပေ။ ပြဿနာကို ဖြေရှင်းရန်အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားသည့်တိုင် မသိနိုင်သောအရာများကား အမြဲတမ်း ရှိနေတတ်သည်။ ပြဿနာကို ဖြေရှင်းရာ၌ အထိုက်အလျောက် စွန့်စားရမှု ပါဝင်ပြီး ယင်းစွန့်စားရမှုကို မဖြေရှင်းဘဲ ထားပါက ဖြစ်လာနိုင်ဖွယ်ရှိသည့် အရာများနှင့် ချိန်ဆရသည်။

ပြဿနာဖြေရှင်းခြင်း အဆင့်ဆင့်ကို ယခုကဲ့သို့ သတ်မှတ်နိုင်သည်။ ပြဿနာအမျိုး အမည်သတ်မှတ်ခြင်း – ပထမဆုံး အဆင့်ဖြစ်ပြီး ထပ်မံတွေးခေါ်မှုနှင့် သုံးသပ်မှုများ လိုအပ်တတ်သည်။ အမျိုးအမည် သတ်မှတ်မှုကိုယ်၌ကိုက ပြဿနာဖြစ်နေနိုင်သောကြောင့် ခက်ခဲသည့်အလုပ်ဖြစ်သည်။ တစ်ခါတစ်ရံတွင် မိမိအနေဖြင့် ပိုမိုရှင်းရှင်းလင်းလင်း နားလည်ရုံမက အခြားသူများအား သဘောသဘာဝကို ရှင်းပြရန် အချိန်ယူရတတ်သည်။ ထို့ကြောင့် ဒုတိယအဆင့်သို့ ဆက်သွားရသည်။ ပြဿနာကို ဖွဲ့စည်းတည်ဆောက်ခြင်း – ယင်းအဆင့်တွင် လေ့လာစူးစမ်းရန်၊ သေချာစွာ စစ်ဆေးရန်၊ အချက်အလက် ရှာဖွေရန်နှင့် ပြဿနာ ရုပ်လုံးပေါ်လာရန် အချိန်အပိုင်းအခြားများ ပါဝင်သည်။ ဖွဲ့စည်းတည်ဆောက် ရာတွင် ပြဿနာနှင့်ပတ်သက်၍ အချက်အလက် ပိုမိုရရှိရန်နှင့် ပိုမိုနားလည်လာရန် ကြိုးပမ်းရသည်။ ဖြစ်နိုင်ဖွယ် ဖြေရှင်းချက်များကို ရှာဖွေခြင်း – ယင်းအဆင့်တွင် အရေးယူ ဆောင်ရွက်ရန် ဖြစ်နိုင်ဖွယ် လမ်းကြောင်းများကို အတိုင်းအတာ ကျယ်ပြောစွာ ရေးဆွဲရသည်။ သို့သော် ယင်းအဆင့်တွင် အကဲဖြတ်ရန် ကြိုးပမ်းမှု အနည်းငယ်မျှသာ ပါသည်။ အဖွဲ့အစည်းများတွင် ကွဲပြားခြားနားသော လူများသည် ကွဲပြားခြားနားသော နယ်ပယ်ရပ်များ၌ ကွဲပြားခြားနားသော ကျွမ်းကျင်မှုများ ရှိကြပြီး လူတိုင်း၏ အမြင်အမျိုးမျိုးကို နားထောင်ခြင်းက အသုံးဝင်သည်။ ဆုံးဖြတ်ချက် ချမှတ်ခြင်း – ယင်းအဆင့်တွင် အရေးယူဆောင်ရွက်ရန် ဖြစ်နိုင်ဖွယ် လမ်းကြောင်းအမျိုးမျိုးကို သေချာစွာ သုံးသပ်မှု ပါဝင်သည်။ ယင်းနောက် အကောင်အထည်ဖော်ရန်အတွက် အကောင်းဆုံးဖြေရှင်းမှုကို ရွေးချယ်ရသည်။ ယင်းအဆင့်သည် ပြဿနာဖြေရှင်းခြင်း လုပ်ငန်းစဉ်၌ အရှုပ်ထွေးဆုံး အဆင့် ဖြစ်နိုင်သည်။ အသေအချာ သုံးသပ်သည့်အခါ ဖြေရှင်းမှုအချို့သည် အချိန် သို့မဟုတ် ဘတ်ဂျက် အကန့်အသတ်များကဲ့သို့သော အခြားပြဿနာများကြောင့် ဖြစ်နိုင်ဖွယ်မရှိကြောင်း တွေ့ရှိလာရနိုင်သည်။ ယခုအဆင့်တွင် ပြဿနာကို တစ်စုံတစ်ရာ ဖြေရှင်းမှု မရှိဘဲ ထားပါက ဘာဖြစ်လာနိုင်သနည်းဟူသည့် အချက်ကိုလည်း စဉ်းစားရသည်။ တစ်ခါတစ်ရံတွင် ပြဿနာတစ်ရပ်အား ဖြေရှင်းရန်ကြိုးပမ်းမှုသည် အလွန်ဖန်တီးမှုရှိသော အတွေး သို့မဟုတ် ဆန်းသစ်သော စိတ်ကူးများ ထပ်မံလိုအပ်ခြင်းဆီသို့ ဦးတည်သွားနိုင်သည်။ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း ကိုယ်၌က အလွန်အရေးကြီးသော ကျွမ်းကျင်မှုဖြစ်သည်။ အကောင်အထည်ဖော်ခြင်း – ရွေးချယ်ထားသော အရေးယူဆောင်ရွက်ရန် လမ်းကြောင်းကို လက်ခံခြင်းနှင့် ဆောင်ရွက်ခြင်း ပါဝင်သည်။ အကောင်အထည်ဖော်ရာတွင် အထူးသဖြင့် အမျိုးအမည် သတ်မှတ်ခြင်း သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ခြင်း အဆင့်များ၌ အပြည့်အ၀ ဆောင်ရွက်နိုင်မှု မရှိခဲ့ပါက နောက်ထပ် ပြဿနာများ ပေါ်ထွက်လာနိုင်သည်။ စောင့်ကြည့်ကွပ်ကဲခြင်း/တုံ့ ပြန်ခြင်း – နောက်ဆုံးအဆင့်မှာ အချိန်အတိုင်းအတာတစ်ရပ်အတွင်း ပြဿနာကို ဖြေရှင်းခြင်းနှင့် ပတ်သက်သော ရလဒ်များကို ပြန်လည်သုံးသပ်ခြင်းဖြစ်သည်။ ယင်းတွင် ရွေးချယ်ထားသော ဖြေရှင်းမှုရလဒ်နှင့် ပတ်သက်သော အောင်မြင်မှုအဖြစ် တုံ့ပြန်မှုမျိုးရရန် ကြိုး ပမ်းခြင်းဖြစ်သည်။ လုပ်ငန်းစဉ်ကို အောင်မြင်မှု ရှိ မရှိ စစ်ဆေးသုံးသပ်ခြင်းဖြစ်သည်။ ယင်းလုပ်ငန်းစဉ်ကို စောင့်ကြည့်ကွပ်ကဲခြင်း၊ အပြောင်းအလဲများ သက်ရောက်မှုခံရသည့် လူများထံမှ တုံ့ပြန်မှုများ ရယူခြင်းတို့ဖြင့် ဆောင်ရွက်ရသည်။ ရလဒ်များနှင့် ပတ်သက်သော မှတ်တမ်းများ ထားရှိခြင်းနှင့် ထပ်မံပေါ်ပေါက်လာသော ပြဿနာများကို မှတ်တမ်းတင်ခြင်းသည် ကောင်းမွန်သော အလေ့အထဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ “ပြဿနာကို မျှဝေလိုက်ခြင်းက ထက်ဝက်လျော့ကျစေသည်” ဟူသော ဆိုရိုးစကားအတိုင်း ပြဿနာများကို အခြားသူများအား ပြောပြလိုက်ခြင်းသည် စိတ်သက်သာရာ ရစေသည့်အပြင် ပို၍ဖြစ်နိုင်ဖွယ်ရှိသော ဖြေရှင်းမှုများအတွက် လမ်းဖွင့်ပေးနိုင်သော အမြင်အမျိုးမျိုး ရရှိလာနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာ ၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

September 30, 2017














Copy Protected by Chetan's WP-Copyprotect.