သဘာဝသယံဇာတများကို ထိန်းသိမ်းခြင်း

သဘာဝသယံဇာတများကို ထိန်းသိမ်းခြင်း
Published 30 September 2017

သဘာဝသယံဇာတများ ပေါများသော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံအနေဖြင့် စီမံခန့်ခွဲမှုအလွဲများ၊ အဂတိလိုက်စားမှုများ စသည့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံအတွက် နစ်နာဆုံးရှုံးမှု များပြားခဲ့ရသည်။ မြန်မာနိုင်ငံတွင် သစ်တောဧရိယာ အများအပြား တည်ရှိခဲ့သော်လည်း တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် နစ်နာမှုများစွာ တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ သို့သော် ကျန်ရှိနေသေးသော သဘာဝသယံဇာတများ ဆက်လက်ထိန်းသိမ်းရန်အတွက်မူ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့် အပါအဝင် နိုင်ငံသားအားလုံးတွင် တာဝန်ရှိမည် ဖြစ်ပါသည်။

ယင်းကဲ့သို့ ထိန်းသိမ်းရမှုများ၌ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ် ထိန်းသိမ်းထားမှုများလည်း ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၃၉ ခုအနက် ခုနစ်ခုမှာ အာဆီယံအမွေအနှစ် ဥယျာဉ်စာရင်းတွင် ပါဝင်ထားသည်။ ယင်းတို့မှာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန်ဘေးမဲ့တော၊ နတ်မတောင် အမျိုးသားဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်တို့ဖြစ်သည်။ ယင်းကဲ့သို့ ခုနစ်ခုအထိ ပါဝင်ခြင်းမှာ နိုင်ငံအလိုက် အရေအတွက် အများဆုံး ပါဝင်နိုင်သည့် အနေအထားဖြစ်ပါသည်။ ထို့ပြင် မိုးယွင်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကိုလည်း ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ငှက်မျိုးစိတ်များ ကျက်စားနေမှုကြောင့် ၂၀၀၅ ခုနှစ်မှစ၍ Ramsar Site အဖြစ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံ အနေဖြင့် သဘာဝသယံဇာတ အများအပြား တည်ရှိနေသည့်အတွက် အဖိုးတန်သစ်တောများနှင့်အတူ ဇီဝမျိုးစုံမျိုးကွဲများလည်း ရှိနေရာ ရေရှည်တည်တံ့ရေးအတွက် အခြားကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝနယ်မြေများအား သတ်မှတ်တည်ထောင်လျက်ရှိသည်။ ထိုသို့ သတ်မှတ်ထိန်းသိမ်းရာတွင် ၁၉၈၀ ပြည့်နှစ် အစောပိုင်းများက မြန်မာအစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး သဘာ၀၀န်းကျင် ထိန်းသိမ်းရေးနှင့် အမျိုးသားဥယျာဉ် စီမံကိန်းများကို စတင်ခဲ့သည်။ ထို့ပြင် ၁၉၉၄ ခုနှစ်အတွင်း တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကိုလည်း ပြဋ္ဌာန်းထားသည်။ သို့ပါ၍ သဘာဝနယ်မြေများအဖြစ် သတ်မှတ်ရာတွင် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် အပြန်အလှန် နားလည်မှုရှိစွာ ပူးပေါင်းလုပ်ဆောင်ရန်လည်း လိုအပ်မည်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ခါကာဘိုရာဇီအမျိုးသားဥယျာဉ် ချဲ့ထွင်သတ်မှတ်မှုနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်၊ နောင်မွန်မြို့နယ်တို့တွင် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် ချဲ့ထွင် သတ်မှတ်မှုနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့မှုအပေါ် ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။ အဓိက ကန့်ကွက်သည့် အချက်များမှာ ဒေသခံများ၏ လူနေမှုဘဝနှင့် စားဝတ်နေရေး မြှင့်တင်ပေးရန် ကတိကဝတ်များ အကောင်အထည်ဖော်မှု အားနည်းနေသေးခြင်း၊ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့သည့် ဌာနေတိုင်းရင်းသားတို့၏ ဘဝရှင်သန်ရပ်တည်မှု အပေါ် ထိခိုက်နိုင်မည်ကို စိုးရိမ်ခြင်းများ ပါဝင်နေပြီး ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်လိုက်ပါက တည်ဆဲဥပဒေများအရ ကြုံတွေ့လာနိုင်သည့် အခြေအနေများအပေါ် မူတည်၍ ကန့်ကွက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်မှုသည် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ မြေယာပိုင်ဆိုင်မှုများနှင့် ရိုးရာဓလေ့ သဘာဝသယံဇာတ သုံးစွဲမှုများကို တားဆီးဖယ်ရှားခြင်းများ မပြုလုပ်ကြောင်း၊ တိုးချဲ့ဖွဲ့စည်းမည့် နယ်နိမိတ်ကို ဒေသခံများ သဘောတူမှသာ သတ်မှတ်မည်ဟု WCS မှ စက်တင်ဘာ ၂၉ ရက်က သဘောထားမှတ်ချက် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရေး လုပ်ငန်းစဉ်သည် ရှည်လျားရှုပ်ထွေးသဖြင့် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံများအနေဖြင့် မိရိုးဖလာ မြေယာပိုင်ဆိုင်မှုများနှင့် ရိုးရာဓလေ့ သဘာဝသယံဇာတ သုံးစွဲမှုများအပေါ် ထိခိုက်လာနိုင်မှုများအတွက် အလွန်စိုးရိမ်မကင်းဖြစ်မှုများကို သားငှက်ထိန်းသိမ်းရေး အဖွဲ့ WCS အနေဖြင့် လွန်စွာအလေးထားကြောင်း မှတ်ချက်ပြုခဲ့သည်။

သို့ပါ၍ သဘာဝသယံဇာတများ ကာကွယ်ထိန်းသိမ်းရေးသည် မြန်မာနိုင်ငံအတွက် လိုအပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သလို သက်ဆိုင်ရာဒေသခံများ၏ ဘဝရှင်သန်ရပ်တည်ရေး၊ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာမှု၊ လူမှုဘဝနှင့် စားဝတ်နေရေး မြှင့်တင်ပေးရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားကာ အပြန်အလှန် နားလည်မှုရှိစွာဖြင့် ဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent