အမျိုးသားရေးဝါဒနှင့် အမျိုးသားနိုင်ငံများ

အမျိုးသားရေးဝါဒနှင့် အမျိုးသားနိုင်ငံများ
Published 29 September 2017

ယခုဖော်ပြချက်၌ အမျိုးသား (Nation) ဟူသည် ဘာသာစကား၊ ယဉ်ကျေးမှု၊ မျိုးနွယ် အစရှိသည်တို့နှင့် ပတ်သက်၍ တူရာ စုစည်းထားသော လူ့အဖွဲ့အစည်း တစ်ရပ်ကို ဆိုလိုသည်။ ထို့ကြောင့် အမျိုးသားတစ်ရပ်က လွှမ်းမိုးသောနိုင်ငံကို အမျိုးသားနိုင်ငံ (Nation-state) ဟုခေါ်ဆိုသည်။ အမျိုးသားရေးဝါဒ (Nationalism) ဟူသည် ယုံကြည်ချက် တစ်ရပ် သို့မဟုတ် အယူဝါဒ တစ်ရပ် သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အိုင်ဒီယိုလိုဂျီ တစ်ရပ်ဖြစ်ပြီး တစ်စုံတစ်ဦးကို အမျိုးသားတစ်ရပ်နှင့် ဆက်စပ်ထားသော သတ်မှတ်ချက် ပါဝင်သည်။ အမျိုးသားရေးဝါဒတွင် အမျိုးသားဆိုင်ရာ သတ်မှတ်ချက် ပါဝင်ပြီး ဖွဲ့စည်း တည်ဆောက်ယူထားသော မျိုးချစ်ဝါဒ (Patriotism) နှင့် လုံးဝခြားနားသည်။ မျိုးချစ်ဝါဒတွင် လူမှုရေးဆိုင်ရာ အခြေအနေနှင့် နိုင်ငံတော်၏ ဆုံးဖြတ်ချက်များနှင့် လုပ်ရပ်များကို ထောက်ခံသော တစ်သီးပုဂ္ဂလဆိုင်ရာ အပြုအမူများ ပါဝင်သည်။

စိတ်ပညာဆိုင်ရာ ရှုထောင့်မှကြည့်ပါက အမျိုးသားရေးဝါဒ ဟူသော တွဲဆက်မှုသည် အခြားသော တွဲဆက်မှု အမျိုးအစားများ (ဘာသာရေး သို့မဟုတ် ချစ်သူ) နှင့် ကွဲပြားခြားနားသည်။ တစ်သီးပုဂ္ဂလ အချင်းချင်းကြား တွဲဆက်ရန် စိတ်ဆန္ဒ သို့မဟုတ် ပတ်သက်ချိတ်ဆက်နေရန် လိုအပ်ချက်သည် လူသားတို့အား စေ့ဆော်မှုများ ဖြစ်စေသည့် အခြေခံအကျဆုံး အကြောင်းတရားတစ်ရပ် ဖြစ်သည်။ အခြားတွဲဆက်မှုများကဲ့သို့ပင် အမျိုးသားရေးဝါဒသည် အလွန်အကျွံ အသုံးပြုပါက အလုပ်မဖြစ်မှုဆီသို့ ဦးတည် သွားစေနိုင်သည်။

နိုင်ငံရေး သို့မဟုတ် လူမှုရေး ရှုထောင့်မှ ကြည့်ပါက အမျိုးသားရေးဝါဒနှင့် ပတ်သက်၍ ဇာစ်မြစ်နှင့် အခြေခံကို ကြည့်မြင်သည့် အဓိက ရှုထောင့်နှစ်ရပ် ရှိသည်။ တစ်ခုမှာ အမျိုးသားရေးဝါဒကို ကမ္ဘာဦးပုံစံ ရှုမြင်မှုဖြစ်သည်။ ယင်းတွင် အမျိုးသားရေးဝါဒကို မွေးဖွားခြင်းနှင့် နှီးနွှယ်မှုကို အခြေခံလျက် အုပ်စုအမျိုးမျိုး ဖွဲ့စည်းသွားသည့် လူသားတို့၏ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ လမ်းကြောင်းကို ရောင်ပြန်ဟပ်ပြမှု ပါဝင်သည်။ အခြားတစ်ရပ်မှာ ခေတ်သစ်ပုံစံ ရှုမြင်မှုဖြစ်သည်။ ယင်းတွင် အမျိုးသားရေးဝါဒကို ဖြစ်တည်ရန်အလို့ငှာ လိုအပ်သော ဖွဲ့စည်းထားသည့် အခြေအနေရပ်များ လိုအပ်သော ဖြစ်ရပ်တစ်ခုအဖြစ် ရှုမြင်ထားသည်။

အမျိုးသားဟူသည့် လက္ခဏာရပ်၌ ပါဝင်သည့် အရာများနှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ သို့သော် အမျိုးသားဟူသည့် လက္ခဏာရပ်များသည် အမျိုးသားရေးဝါဒ လမ်းကြောင်းအမျိုးမျိုးဆီသို့ ဦးတည်သွားနိုင်သည်။ လူမျိုးတစ်စု၊ ယဉ်ကျေးမှုတစ်ရပ်၊ ဘာသာရေးတစ်ရပ် သို့မဟုတ် အမျိုးအမည် သတ်မှတ်ထားသော အုပ်စုတစ်စုဟူ၍ ကန့်သတ်ထားသော နိုင်ငံတစ်နိုင်ငံ၌ နိုင်ငံသားဖြစ်မှုဟူသည့် ယုံကြည်ချက်တစ်ရပ် ဖြစ်နိုင်သည်။ သို့မဟုတ် နိုင်ငံတစ်နိုင်ငံတည်း၌ အမျိုးသားအမျိုးမျိုးအတွက် လူနည်းစုအုပ်စုများ အပါအဝင် အမျိုးသားရေး လက္ခဏာကို ကျင့်သုံးဖော်ပြပိုင်ခွင့် ဖြစ်သည်။ သမိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအရ အမျိုးသားလက္ခဏာတစ်ရပ်ကို သတ်မှတ်ခြင်းသည် အမျိုးသားရေးဝါဒီများက ဖြေရှင်းရန် ကြိုးပမ်းသော လူမှုရေးဖွဲ့စည်းပုံ တစ်ရပ်ကို ပျက်ပြားစေသည့် ၎င်းတို့ သတ်မှတ်ထားသော လူမှုရေးအခင်းအကျင်းနှင့် ယင်းအဖွဲ့ဝင်များ တွေ့ကြုံရသည့် လူမှုရေး အခင်းအကျင်းအကြား သဟဇာတ မဖြစ်ခြင်းကြောင့် အစဉ်အလာ သတ်မှတ်ချက်များကို မကျေနပ်သော သြဇာရှိ အုပ်စုများ၏ တုံ့ပြန်မှုဖြစ်လာတတ်သည်။ ယင်းကဲ့သို့ လူမှုရေး ဖွဲ့စည်းပုံတစ်ရပ် ပျက်ပြားခြင်းသည် စုစည်းညီညွတ်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးရန်အတွက် ယင်းလူ့အဖွဲ့အစည်းအတွင်း အမျိုးသားရေး လက္ခဏာရပ်များကို ပြန်လည်ဖွင့်ဆိုခြင်း၊ လက်ခံနိုင်ဖွယ်ရှိသည်ဟု ယူဆသော အရာများကို ထိန်းသိမ်းခြင်းနှင့် လက်ခံနိုင်ဖွယ် မရှိဟု ယူဆသောအရာများကို ဖယ်ရှားခြင်းတို့ ဖြစ်လာစေသည်။ ယင်းဖွံ့ဖြိုးမှုသည် အတွင်းပိုင်း ဖွဲ့စည်းပုံဆိုင်ရာ အကြောင်းအရာများ၏ ရလဒ် သို့မဟုတ် တည်ရှိပြီးသား အုပ်စု သို့မဟုတ် အခြားလူ့အသိုင်းအဝိုင်းများအပေါ် (အထူးသဖြင့် ၎င်းတို့ကို ထိန်းချုပ်သော သို့မဟုတ် ထိန်းချုပ်သည်ဟု ယူဆသော ပြည်ပပါဝါများအပေါ်) မကျေနပ်မှုကြောင့် ဖြစ်လာသောရလဒ် ဖြစ်နိုင်သည်။ နိုင်ငံတော်အလံများ၊ နိုင်ငံတော်သီချင်းများ နှင့် အမျိုးသားရေးလက္ခဏာနှင့် ပတ်သက်သည့် အခြားသင်္ကေတများသည် အမျိုးသားဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ်၏ အလွန်အရေးကြီးသော သင်္ကေတများ ဖြစ်သည်ဟု မှတ်ယူကြသည်။

အမျိုးသားနိုင်ငံဟူသည် နယ်မြေအရ အချုပ်အခြာ အာဏာပိုင်အဖြစ် နိုင်ငံရေးအရ တရားဝင် သတ်မှတ်ချက်မှ ဆင်းသက်လာမှုအဖြစ် ကိုယ်ပိုင် သတ်မှတ်ချက်များ ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အမျိုးသားဟူသည် ယဉ်ကျေးမှု သို့မဟုတ် မျိုးနွယ်နှင့် သက်ဆိုင်ပြီး နိုင်ငံဟူသည် နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ သတ်မှတ်ချက်ဖြစ်သည်။ အမျိုးသားနိုင်ငံဟူသည် ယင်းဖော်ပြပါ အမျိုးသားနှင့် နိုင်ငံကို ပထဝီအရ ထပ်တူပြုထားခြင်း ဖြစ်သည်။ အမျိုးသားနိုင်ငံတစ်ရပ် ဖွဲ့စည်းမှုသည် ကမ္ဘာကြီး၏ ကွဲပြားခြားနားသော အစိတ်အပိုင်းများတွင် ကွဲပြားခြားနားသော အချိန်ကာလများအတွင်း ဖြစ်ပွားခဲ့သည်။ သို့သော် နိုင်ငံအဖြစ် စုစည်းမှုသည် လွှမ်းမိုးကြီးစိုးသော ပုံစံတစ်ရပ်ဖြစ်လာသည်။ အမျိုးသားနိုင်ငံများ၏ သဘောတရားနှင့် အဖြစ်မှန်တို့ကို အမျိုးသားအမျိုးမျိုး၏ နိုင်ငံ (Multinational State) ၊မြို့နိုင်ငံ (City State) ၊ အင်ပါယာ၊ ကွန်ဖက်ဒရေးရှင်းနှင့် အခြားသော နိုင်ငံပုံစံများနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အမျိုးသားနိုင်ငံများ အနေဖြင့် အခြားနိုင်ငံပုံစံများမှနေ၍ ကွဲပြား ခြားနားသော အချက်မှာ လူ့အဖွဲ့အစည်း တစ်ရပ်ကို နိုင်ငံအဖြစ် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားမှု ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံကဲ့သို့သော အမျိုးသားနိုင်ငံများ၌ အမျိုးသားရေးဝါဒနှင့် ပတ်သက်နေသော ပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားနိုင်ငံအဖြစ် ပေါ်ထွန်းလာမှု သမိုင်းကြောင်းနှင့် အမျိုးသားရေးဝါဒ မြင့်တက်လာမှု လမ်းကြောင်းကို မဖြစ်မနေ လေ့လာသုံးသပ်ကာ ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent