အစွန်းရောက် အကြမ်းဖက်လုပ်ရပ်နှင့် အဖြစ်မှန်ပေါ်ပေါက်ရေး

အစွန်းရောက် အကြမ်းဖက်လုပ်ရပ်နှင့် အဖြစ်မှန်ပေါ်ပေါက်ရေး
Published 26 September 2017

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံတိုင်းရင်းသားများ အပါအဝင် အများအပြား အတိဒုက္ခရောက်ခဲ့ရသည်။ သို့သော် နိုင်ငံတကာမျက်နှာစာတွင် ဒေသခံတိုင်းရင်းသားများ၏ ဒုက္ခများထက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်သွားသူများ၏ အခက်အခဲများကိုသာ ပုံစံမျိုးစုံဖြင့် ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီများ၏ လုပ်ရပ်များကို အဖြစ်မှန်အတိုင်း သိရှိကြရန် လိုအပ်ပါသည်။

အကြမ်းဖက်ဖြစ်ရပ်များ ဖြစ်ပွားစဉ်က မောင်တောမြို့မြောက်ပိုင်းရှိ ဟိန္ဒူဘာသာဝင် ရာချီအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့်ကိစ္စမျိုးမှာ ထိုစဉ်က သတိထားမိသူ နည်းပါးခဲ့သည်။ သို့သော် ယခုအခါတွင် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၂၈ လောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၄ ရက်တွင် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီး၌ ရှာဖွေတူးဖော် တွေ့ရှိခဲ့သည်။ ခမောင်းဆိပ်ကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ဘော်တလာအမည်ရှိ ဘင်္ဂါလီကျေးရွာနှင့် မနီးမဝေး တောစပ်အတွင်း မြေဖို့ထားသော တွင်းကြီးနှစ်ခုအတွင်းမှ ထိုအလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းတူးဖော်ရာသို့ ဟိန္ဒူခေါင်းဆောင်အချို့နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေ တူးဖော်ခဲ့ခြင်းဖြစ်သည်။ တူးဖော်တွေ့ရှိခဲ့သည့် ရုပ်အလောင်းများမှာ အမျိုးသား အလောင်းရှစ်လောင်း၊ အမျိုးသမီးအလောင်း၂၀ ရှိခဲ့ပြီး စုစုပေါင်း ပျောက်ဆုံးနေသူ ၉၉ ဦးကျော်ရှိသည့်အနက် အလောင်း ၂၈ လောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကာ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသမီးခြောက်ဦးကိုလည်း အကြမ်းဖက်သမားများက ပြန်ပေးဆွဲသွားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်ရှိနေသူများက ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရပြီး ယင်းအမျိုးသမီးခြောက်ဦးတို့ကလည်း ဘင်္ဂလားဒေ့ရှ်တွင် ၎င်းတို့၏ ဖြစ်ရပ်မှန်များနှင့် ကြုံတွေ့ခဲ့ရပုံများကို ထုတ်ဖော်ထားပြီး ဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်အနီး ရဲဘော်ကျ ကျေးရွာအနီးရှိ တောစပ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက သတ်ဖြတ်ကာမြှုပ်နှံထားသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများ ထပ်မံတွေ့ရှိရကြောင်း အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲမှု ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က အတည်ပြုခဲ့သည်။ ထပ်မံတွေ့ရှိသော အမျိုးသားအလောင်း ၁၇ လောင်းတွင်လည်း တစ်ဦးနှင့်တစ်ဦးတို့၏ အလောင်းများအား လက်များကို ကြိုးများဖြင့် ပူးချည်ထားသည်ကို တွေ့ရှိရကြောင်း၊ ယနေ့တွေ့ရသော အလောင်းများမှာ အမျိုးသားများ၏ အလောင်းသာဖြစ်ကြောင်း၊ စက်တင်ဘာ ၂၄ ရက်က တွေ့ရှိသော အလောင်းများအနက် အမျိုးသမီးများ၏ အလောင်းတွင် မုဒိမ်းမှုပြုလုပ်ထားသည်ဟု အတည်မပြုနိုင်သော်လည်း ယင်းကဲ့သို့ ပြုလုပ်ထားသည့် လက္ခဏာများကို တွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း လတ်တလောတွင် အာဏာပိုင်များမှ အတည်ပြုချက်မရှိသေးသည့် အနေအထားဖြစ်သည်။

သို့ပါ၍ ယခုကဲ့သို့သော ဖြစ်စဉ်များ အဆိုပါဒေသတွင် မည်မျှဖြစ်ပေါ်ခဲ့သည်၊ မည်သို့အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည် ဆိုသည်များကို ပြည်တွင်းသာမက နိုင်ငံတကာအထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သိရှိစေရန် လိုအပ်သော စုံစမ်းစစ်ဆေး ဖော်ထုတ်ရှင်းလင်းမှုများ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent