မရှိမဖြစ်လိုအပ်သော ဝေဖန်ပိုင်းခြားနိုင်စွမ်း

မရှိမဖြစ်လိုအပ်သော ဝေဖန်ပိုင်းခြားနိုင်စွမ်း
Published 24 September 2017

ဝေဖန်ပိုင်းခြားနိုင်စွမ်းသည် အလုပ်လာလျှောက်သူများထံမှနေ၍ အလုပ်ခန့်မည့်သူများ အလိုအရှိဆုံး အရည်အချင်းဖြစ်သည်။ ပရော်ဖက်ရှင်နယ် အလုပ်သာမက ပရော်ဖက်ရှင်နယ် မဟုတ်သော အလုပ်များအတွက်၌ပါ အလုပ်ခန့်အပ်မည့်သူများက ယင်းအရည်အချင်းကို စာရင်းသွင်းထားလေ့ရှိသည်။ လျှောက်ထားသည့် အလုပ်နှင့်မဆိုင်ဘဲ ဝေဖန်ပိုင်းခြားနိုင်စွမ်းသည် အလုပ်ခန့်မည့်သူအများစုက တောင်းဆိုသော အရည်အချင်းဖြစ်သည်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွင် အချက်အလက်များ၊ လေ့လာရမည့်ဖြစ်စဉ်များနှင့် သုတေသန တွေ့ရှိချက်များကဲ့သို့သော ရင်းမြစ်များကို အကဲဖြတ်ခြင်း ပါဝင်သည်။ ဝေဖန်ပိုင်းခြားနိုင်စွမ်း မြင့်မားသူသည် အချက်အလက် အစုံလိုက်မှနေ၍ ကျိုးကြောင်းဆီလျော်သော ကောက်ချက်များချနိုင်ပြီး ပြဿနာတစ်ရပ် ဖြေရှင်းရန်အတွက် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခု ချရန်အတွက် အသုံးဝင်သော အချက်များနှင့် အသုံးဝင်မှုနည်းပါးသော အချက်အလက်များဟူ၍ ခွဲခြားနိုင်သည်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူသည် အနေအထားတစ်ရပ်ကို ရွေးချယ်လက်ခံရန်အတွက် ကျိုးကြောင်းဆီလျော်သော အကြောင်းတရားများကို တင်ပြနိုင်ပြီး အဆိုပြုထားသော မှားယွင်းသည့် အကြောင်းတရားများကို မမှန်ကန်ကြောင်း ဖွင့်ချပြနိုင်သည်။

ဝေဖန်ပိုင်းခြားနိုင်စွမ်းတွင် ပါဝင်သည့် အဓိကကျွမ်းကျင်မှုများကို ယခုကဲ့သို့ သတ်မှတ်ထားသည်။ (၁) စိစစ်ခြင်း-တစ်စုံတစ်ရာကို စစ်ဆေးစမ်းသပ်ပြီး အဓိပ္ပာယ်ကိုလည်းကောင်း၊ မည်သည်ကို ကိုယ်စားပြုသည်ကိုလည်းကောင်း သုံးသပ်နိုင်စွမ်းကို ဆိုလိုသည်။ (၂) အလွယ်တကူ နားလည်အောင် ရှင်းလင်းနိုင်ခြင်း-အချက်အလက်များကို ပြန်လည်ဖော်ပြနိုင်ရုံသာမက နားလည်ရလွယ်ကူသော နည်းလမ်းဖြင့် ဖော်ပြနိုင်ခြင်းဖြစ်သည်။ (၃) အကဲဖြတ်ခြင်း-စိတ်ကူးထည်တစ်ခု၏ ခိုင်မာမှုကို ဆုံးဖြတ်နိုင်စွမ်းဖြစ်သည်။ (၄) ရှင်းပြခြင်း-ဖော်ပြထားသည့် အချက်အလက်ကို ရှင်းလင်းအောင် ပြုလုပ်နိုင်သည့်အပြင် ယင်းအချက်အလက်ထဲသို့ ကိုယ်ပိုင်အမြင်ကိုပင် ပေါင်းထည့်နိုင်စွမ်းဖြစ်သည်။ (၅) ကောက်ချက်ချခြင်း-ပေးထားသည့် အချက်အလက်အပေါ် အခြေခံလျက်ကောက်ချက်များ ဆွဲယူနိုင်စွမ်းဖြစ်သည်။ (၆) ဖွင့်ဆိုပြခြင်း-ယင်းသည် အချက်အလက်များနှင့် ပတ်သက်၍ နားလည်နိုင်စွမ်းဖြစ်သည်။ သက်ဆိုင်ရာ ပရိသတ်အတွက် အချက်များ၏ အဓိပ္ပာယ်ကို ပုံစံတစ်ရပ်အတွင်း ဆက်သွယ်ပြောဆိုနိုင်စွမ်းဖြစ်သည်။ (၇) ဆုံးဖြတ်ချက်ချခြင်း-အကဲဖြတ်ခြင်းကဲ့သို့ပင် ဆုံးဖြတ်ချက်ချခြင်းသည် စိတ်ကူးထည်တစ်ရပ် သို့မဟုတ် အချက်အလက် အစိတ်အပိုင်းတစ်ရပ်နှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်းဖြစ်သည်။ (၈) ဓမ္မဓိဋ္ဌာန်ကျခြင်း-စိတ်ကူးထည်ကို ဘက်လိုက်မှုများမပါဘဲ မျှတစွာအကဲဖြတ်နိုင်စွမ်းဖြစ်သည်။ (၉) ပြဿနာကို ဖြေရှင်းခြင်း-အရေးပါသော ကျွမ်းကျင်မှုတစ်ရပ်ဖြစ်ပြီး ပြဿနာတစ်ရပ်ကို စိစစ်ခြင်း၊ ဖြေရှင်းမှုတစ်ရပ်ကို ဖော်ထုတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အပြင် အစီအစဉ်ကို အသုံးပြုနိုင်ခြင်း ပါဝင်သည်။ (၁၀) ဆင်ခြင်ခြင်း-မေးခွန်းတစ်ရပ် သို့မဟုတ် ပြဿနာတစ်ရပ်နှင့် ပတ်သက်၍ ယုတ္တိဗေဒနည်းကျ တွေးခေါ်နိုင်စွမ်းဖြစ်သည်။

အမှန်တကယ်၌ ဝေဖန်ပိုင်းခြားနိုင်စွမ်းသည် မည်သည့် အလုပ်အကိုင်မဆိုအတွက် သာမက နေ့စဉ်ဘဝ၌ ရင်ဆိုင်တွေ့ကြုံရမှုများအတွက်ပါ မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုဖြစ်သည်။ ထို့ကြောင့် လူတိုင်းအနေဖြင့် ငယ်စဉ်မှစ၍ ဘဝတစ်လျှောက်လုံး ဝေဖန်ပိုင်းခြားနိုင်စွမ်း တိုးတက်အောင် အမြဲမပြတ် သင်ယူလေ့ကျင့်နေရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာလ (၂၄) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent