မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် မျှော်မှန်းချက်

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် မျှော်မှန်းချက်
Published 20 September 2017

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်မှ ဒေါ်လာသန်း ၁၄၀၀၀ ရရှိရန် မျှော်မှန်းထားသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် ပြည်ပပို့ကုန်အနေဖြင့် မျှော်မှန်းချက်များ ထည့်သွင်းထားပြီး အဓိကပို့ကုန်များအဖြစ် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သတ္တုတွင်းထွက်နှင့် ကျောက်မျက်ရတနာများ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ချုပ်ပြီးအထည်နှင့် ရေထွက်ပစ္စည်းတို့ ဖြစ်ကြောင်း ထည့်သွင်းထားသည်။ သို့သော် တရားဝင် စာရင်းဇယားများအရ ပြည်ပပို့ကုန် အဓိကပို့ကုန် ခုနစ်မျိုးအနက် တင်ပို့မှုလျော့ကျနေသည့် စာရင်းတွင် လယ်ယာထွက်ကုန်များ ပါဝင်နေရာ ယင်းလယ်ယာ ထွက်ကုန်များတွင် ဆန်၊ ပဲနှင့် ဆီထွက်သီးနှံတို့ ပါဝင်နေသည်။

လက်ရှိတွင် ပဲတင်ပို့မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံအစိုးရနှင့် ညှိနှိုင်းရာတွင် ပဲသုံးမျိုးအား ကန့်သတ်ကုန်စည်အဖြစ် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ သတ်မှတ်ခြင်းအား ဖယ်ရှားပေးရန်အတွက် ပထမဦးစားပေး တောင်းဆိုပေးရန် ဆွေးနွေးလျက်ရှိနေပြီ ဖြစ်သည်။ အိန္ဒိယအစိုးရမှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ပဲစင်းငုံ တန်နှစ်သိန်းနှင့် မတ်ပဲနှင့် ပဲတီစိမ်း တန်သုံးသိန်း Fixed Quota သတ်မှတ်ထားခြင်းအား မြန်မာနိုင်ငံအတွက် နောက်ထပ်ပဲစင်းငုံ တန်နှစ်သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်း တန်သုံးသိန်း ထပ်တိုးတင်သွင်းခွင့် ပြုရန်အတွက် တောင်းဆိုပေးရန်လည်း ဆွေးနွေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် (ဒေါ်လာတစ်ဘီလျံ) ခန့် နိုင်ငံတော်တွင် ရရှိသကဲ့သို့ တစ်နည်းအားဖြင့် တိုင်းပြည်၏ ပြည်ပပို့ကုန် အခွန်ရရှိမှုတွင် ၁၀ ရာခိုင်နှုန်းခန့် ရှိနေသောကြောင့် ပို့ကုန်ဝင်ငွေတိုးမြှင့်ရန် အရေးပါနေသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှဆန်ကို ပြည်ပနိုင်ငံ ၆၅ နိုင်ငံအထိ ဈေးကွက်တိုးချဲ့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁၃ သိန်းခန့် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်ရှစ်သိန်းကျော် ပိုမိုတင်ပို့ထားသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ဆန်စပါးဈေးကွက် ပုံမှန်လည်ပတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ပကုန်သည် (International Buyer) များကို ရောင်းချပေးသကဲ့သို့  နှစ်နိုင်ငံအစိုးရ အချင်းချင်း ဆက်သွယ်ညှိနှိုင်း ရောင်းချသည့် G to G အစီအစဉ်ကိုပါ ဆောင်ရွက်ရန် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်လျက် ရှိနေသည်။

သို့ပါ၍ ပို့ကုန်ဝင်ငွေ လျော့နည်းခြင်းများတွင် ပို့ကုန်တိုးတက်မှု အခြေခံဖွံ့ဖြိုးရန် လုပ်ဆောင်ရမည့်မူဝါဒကို အကောင်အထည်ဖော်မှု အားနည်းနေခြင်း၊ ပို့ကုန်ဈေးကွက်အတွက် G to G ချိတ်ဆက်ညှိနှိုင်းပြီး ဈေးကွက်ရှာဖွေနိုင်မှု ထိရောက်စွာ မလုပ်ဆောင်နိုင်ခြင်း၊ ပြည်တွင်းထုတ်ကုန်များ အရည်အသွေး တိုးတက်လာအောင် ငွေကြေးနည်းပညာ ထောက်ပံ့မှုနည်းပါး၍ ဈေးကောင်းမရဘဲ ဝင်ငွေနည်းနေခြင်း၊ ပို့ကုန်ဈေးကွက်ကို ဦးတည်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှု အားနည်းနေခြင်း၊ အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးမှု နှေးကွေးနေခြင်း စသည့်အချက်များကို လိုအပ်သလို ပြုပြင်လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent