တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်
Published 19 September 2017

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ လက်ရှိတွင် နည်းဥပဒေအတွက် လုပ်ဆောင်နေမှုများမှာ ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးနေပြီဖြစ်သည်။

ယင်းဥပဒေ၏ ရည်ရွယ်ချက်များမှာ “တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများ ရရှိစေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် အခြေခံ၍ ထာဝစဉ်အတူတကွ လက်တွဲနေထိုင်ကြစေရန်၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန်၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို တိုင်းရင်းသားလူမျိုးများ အပြည့်အဝရရှိစေရန်” ဟူ၍ ဖော်ပြပါရှိပါသည်။ ယင်းအပြင် “မည်သူမျှ ဤဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပိတ်ပင်တားဆီးခြင်းမပြုရ။ မည်သူမျှ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံရေးကိစ္စအလို့ငှာ အလွဲသုံးစားမပြုလုပ်ရ။ မည်သူမျှ တိုင်းရင်းသားလူမျိုးများအချင်းချင်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ တစ်မျိုးမျိုးကို ဖြစ်ပေါ်စေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူများကို မပြုလုပ်ရ” ဟူ၍ တားမြစ်ချက်များအဖြစ်လည်း ထည့်သွင်းပြဋ္ဌာန်းထားသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ပြဋ္ဌာန်းခဲ့သော်လည်း ဝန်ကြီးဌာနအသစ် ဖွဲ့စည်းနေရခြင်းကြောင့် တိုင်းရင်းသား အရေးအရာများဖြစ်သော စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ် ဖော်ထုတ်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသော တိုင်းရင်းသားလူမျိုးများ၏ လူမှုဘ၀ မြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် နှေးကွေးလျက်ရှိကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီက ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးကာလအတွင်း လွှတ်တော်သို့ အစီရင်ခံစာတင်ရာတွင် ထည့်သွင်းတင်ပြခဲ့သည်။

ထို့ပြင် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ တိုင်းရင်းသားတို့၏ မျှော်လင့်တောင့်တနေသော စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ကာကွယ်စောင့်ရှောက် ဖော်ထုတ်မြှင့်တင်ခြင်းစသည့် ရှင်သန်မှုများကို ဥပဒေ၊ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းကာကွယ်ပေးရေး ဆောင်ရွက်ရန် များစွာလိုအပ်နေသေးသည်ဟု သုံးသပ်မိကြောင်းလည်း ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီက အကြံပြုတင်ပြထားသည်။

သို့ပါ၍ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သော နိုင်ငံဖြစ်သည်နှင့်အညီ တန်းတူညီမျှမှု စည်းလုံးညီညွတ်မှုများဖြင့် ဥပဒေအတိုင်း အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာလ (၁၉) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent