မြန်မာနိုင်ငံ၏အကျပ်အတည်းနှင့်အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံ၏အကျပ်အတည်းနှင့်အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍ
Published 17 September 2017

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် စက်တင်ဘာ ၁၆ ရက်တွင် ထွက်ခွာသွားပြီး မြန်မာနိုင်ငံ၌ နှိမ်နင်းမှုများ ပြုလုပ်မှုကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း ၄၀၀,၀၀၀ ခန့်အတွက် အခြေအနေရပ်များ ဆိုးရွားနေသည်ဟုဆိုကာ ဘင်္ဂါလီ မွတ်စလင် (မူရင်၌ ရိုဟင်ဂျာဟု ဖော်ပြ) အရေးကို ဖြေရှင်းရန် ကမ္ဘာက ဝိုင်းဝန်း ကူညီကြရန်အတွက် ကုလသမဂ္ဂ၌ မေတ္တာရပ်ခံမည်ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သောကိစ္စများအတွက် ကန့်ကွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို တတိယ အကြိမ်မြောက် ဆင့်ခေါ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကုလသမဂ္ဂသို့ ထွက်ခွာလာခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ရုံးက ဟာစီနာသည် နယူးယောက်မြို့၌ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်စဉ်အတွင်း မြန်မာနိုင်ငံအပေါ် ပိုမို၍ဖိအားပေးကြရန် တောင်းဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်အရေးထက် ကျော်လွန်လျက် မြန်မာနိုင်ငံအား ရန်စကာ ဖိအားပေးသည်ဟု ယူဆနိုင်သော အပြုအမူများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာလ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေအိတ်ချ်မာမွတ်အလီက ဒါကာမြို့၌ အာရပ်နိုင်ငံများနှင့် အနောက်တိုင်းနိုင်ငံများမှ သံတမန်များ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် တွေ့ဆုံရာတွင် “နိုင်ငံတကာ အသိုင်းအဝိုင်းက ဒါကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ပြောကြပါတယ်။ ကျွန်တော်တို့ကလည်း ဒါကို လူမျိုးတုံးသတ်ဖြတ်မှုလို့ပဲ ပြောပါတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာအာဏာပိုင်များသည် လူပေါင်း ၃၀၀၀ ထက်မနည်းကို သတ်ဖြတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက စွပ်စွဲပြောကြားခဲ့သည်။ ၎င်းအပြင် မြန်မာ ရဟတ်ယာဉ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်အတွင်း သြဂုတ် ၂၇၊ ၂၈ နှင့် စက်တင်ဘာ ၁ ရက်တို့တွင် ကျူးကျော်ပျံသန်းမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ မြန်မာသံအမတ်ကြီးအား ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ခေါ်ယူသတိပေးခဲ့သည်။

သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုမှ စတင်ကာ မြန်မာနိုင်ငံသည် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်၍ အကျပ်အတည်း တစ်ရပ်အတွင်းသို့ ကျရောက်ခဲ့သည်။ ယင်းနောက် ပြည်ပနိုင်ငံအချို့၏ စွပ်စွဲပြစ်တင်မှုများ၊ တစ်ဖက်သတ် ဖိအားပေးမှုများနှင့် ရင်ဆိုင်လာရသည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍက အရေးပါလာသည်။ မြန်မာနိုင်ငံတွင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် လာအိုနိုင်ငံဟူ၍ အိမ်နီးချင်း ငါးနိုင်ငံ ရှိသည့်အနက် လာအိုနိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် ပတ်သက်၍ စွက်ဖက်ပြောကြားခြင်း မပြုခဲ့ပေ။ တရုတ်နိုင်ငံက စက်တင်ဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရ၏ အားထုတ်မှုများကို ထောက်ခံကြောင်းသာ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂန်ရွှမ်က “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ပြစ်တင်ရှုတ်ချပါတယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖု့ိ မြန်မာအစိုးရရဲ့အားထုတ်မှုတွေကို  ကျွန်တော်တို့ ထောက်ခံပါတယ်။ အဲဒီမှာ အမိန့်အာဏာ ထိန်းသိမ်းရေးနဲ့ ပုံမှန်ဘဝဖြစ်နိုင်သမျှ အမြန်ဆုံးပြန်ရောက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာတွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော အစွန်းရောက် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ နှင့်အတူ စိုးရိမ်မိကြောင်း ပြောကြားကာ ယင်းကိစ္စကို ဖြေရှင်းရေး၌ အတူတကွပူးပေါင်း လုပ်ဆောင်နိုင်ကြောင်းကိုသာ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ကိစ္စ နှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သြဂုတ် ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ တွင် ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ရောက်လာပါက လူသားချင်းစာနာထောက်ထားမှု အခြေခံသဘောအရ ထိုင်းနိုင်ငံအနေဖြင့် လိုအပ်သည့် အကူအညီအထောက်အပံ့များ ပေးမည်ဟုသာ ပြောကြားခဲ့သည်။

အမှန်တကယ်၌ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရာ၌ အပြုသဘောဆောင်စွာဖြင့် ပူးပေါင်းကူညီမှုကိုသာ ပြုသင့်သည်။ စွပ်စွဲပြစ်တင်မှုများနှင့် ကမ္ဘာက ဝိုင်းဝန်း ဖိအားပေးလာကြစေရန် လှုံ့ဆော်တောင်းဆိုမှုများ မပြုသင့်ပေ။ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်အရေအတွက်ကို ယခုအခါ ၄၀၀,၀၀၀  ရှိပြီဟု ဆိုခြင်းမှာလည်း အမှန်တကယ် ရှိသည်ထက် များစွာ ပိုမိုနေသည်ဟု ယူဆနိုင်သည်။ ယခု ဒုက္ခသည်များသည် မောင်တောဒေသမှ ထွက်ခွာလာခဲ့ကြခြင်းသာဖြစ်ပြီး မောင်တောမြို့နယ်၏ လူဦးရေ စုစုပေါင်းသည်ပင်လျှင် ၅၀၀,၀၀၀ ကျော်ရုံမျှသာ ရှိသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရမည်ဖြစ်ပြီး အိမ်နီးချင်းကောင်းပီသစွာဖြင့် နှစ်နိုင်ငံအကြား ဆက် ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(စက်တင်ဘာ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent