လူ့အခွင့်အရေးနှင့် အချုပ်အခြာအာဏာ

လူ့အခွင့်အရေးနှင့် အချုပ်အခြာအာဏာ
Published 14 September 2017

ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက် ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာ မျက်နှာစာတွင် အလေးပေး ပြောကြားနေသည့် အချက်နှင့် အမှန်တကယ်မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေများကြား ကွဲပြားမှုများ ရှိနေသည်။ ယင်းကဲ့သို့ ဝိဝါဒ ကွဲပြားစရာ အမြင်အမျိုးမျိုး ရှိနေကြချိန်တွင် ရခိုင်အရေးနှင့် ပတ်သက်၍ “လူသားမျိုး နွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad Al Hussein ၏ သုံးသပ်မှု ထွက်ပေါ်လာခဲ့သည်။  ယင်းနှင့်ပတ်သက်၍ လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျီနီဗာမြို့ ရှိ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းက ပြန်လည် ချေပခဲ့သည်။

မြန်မာသံအမတ်ကြီးက “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှု” “လူမျိုးသုဉ်း သတ်ဖြတ်မှု” ဆိုသည့် စကားရပ်များတွင် ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲ အဓိပ္ပာယ်များ ရှိကြောင်း၊ ၎င်းတို့မှာ အလွယ်တကူ သုံးနှုန်းသင့်သည့် စကားလုံးများ မဟုတ်ဘဲ အထူး သတိထား သုံးနှုန်းသင့်သည့် စကားများဖြစ်ပါကြောင်း၊  ဥပဒေကြောင်းနှင့် တရားရေးရာဆိုင်ရာ လေ့လာသုံးသပ် ဆန်းစစ်မှုများအပေါ်တွင်သာ မူတည်ပြီး အသုံးပြုသင့်သည့် စကားရပ်များ ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ကိစ္စရပ်မျိုး ဖြစ်ပေါ်လာမည်ကို မည်သို့မျှ လက်ခံမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ စကားရပ်များသုံးနှုန်းမှုကို လုံး၀ လက်မခံကြောင်း၊ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ထိုကဲ့သို့သော စကားလုံးများကို မဆင်မခြင် အထောက်အထားမဲ့ အသုံးပြုမှုမျိုးသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ မီးလောင်ရာ လေပင့်ဖြစ်စေကြောင်း၊ ဒုက္ခ အခက်အခဲများနှင့် တကယ်တမ်း ရင်ဆိုင်နေရသည့် လူ့အသိုက်အဝန်းများအကြား ပိုမို စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းမှလည်း မြန်မာနိုင်ငံအပေါ် နားလည်မှု လွဲမှားစေကြောင်း တုံ့ပြန် ချေပ ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် မြန်မာအစိုးရ၏ အားထုတ်မှုများကို ထောက်ခံကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကို ပြစ်တင် ရှုတ်ချကြောင်း၊ ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိရန် မျှော်လင့်ကြောင်း စသည်ဖြင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပြုထားသည်။

ရခိုင်ပြည်နယ် အရေးကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီ မွတ်စလင်များ အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြရန် စီစဉ်နေသည်။ အမေရိကန် အိမ်ဖြူတော်အနေဖြင့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။

ယခုပေါ်ပေါက်နေသော ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ အမြင်အမျိုးမျိုး၊ သဘောထား မှတ်ချက်အမျိုးမျိုး၊ ဝေဖန်မှု အမျိုးမျိုး ပြုလုပ်လျက်ရှိသည်။ ယင်းကိစ္စအား နိုင်ငံတကာတွင် လူ့အခွင့်အရေး ရှုထောင့်မှ ထောက်ပြပြောဆို နေကြခြင်း ဖြစ်သော်လည်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် လုပ်ရပ်များနှင့် နယ်မြေ မတည်ငြိမ်အောင်၊ ဒေသခံ တိုင်းရင်းသားများ မနေရဲအောင်၊ နိုင်ငံတကာမှ အာရုံစိုက်အောင် လုပ်ဆောင်နေခြင်းများကို သတိပြုသင့်ပြီး ယခုကိစ္စမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေသည့် လုပ် ရပ်များ ဖြစ်လာပါလျှင် ကာကွယ်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(စက်တင်ဘာ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent