နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများအတွက် လုံလောက်သောအကူအညီ

နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများအတွက် လုံလောက်သောအကူအညီ
Published 10 September 2017

သြဂုတ်လ ၂၅ ရက်မှ စတင်ခဲ့သည့် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြသူများ ဒုက္ခသည်စခန်းများသို့ သွားရောက်နေထိုင်ကြသူ များပြားလာသည်။ လတ်တလော သတင်းများအရ မောင်တောမြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် မီးရှို့ခြင်း၊ အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခြင်း စသည့်ဖြစ်စဉ်များ တစ်ရက်ထက်တစ်ရက် လျော့နည်းလာသည်။ သို့သော် ဒေသခံများအကြား စိုးရိမ်မှုများကြောင့် နေရပ်စွန့်ခွာသူ များပြားသဖြင့် မောင်တောမြို့ပေါ်တွင် အသွားအလာနည်းပါးသည့် အနေအထား ဖြစ်နေသည်။ ပေါ်ပေါက်ခဲ့သော အကြမ်းဖက်ကျူးလွန်မှုများက ဒေသခံများအား စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မောင်တောဒေသရှိ လုံခြုံရေးစခန်း ၃၀ ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှစကာ ပိတ်ထားခဲ့သည့် မောင်တောမြို့ပေါ်ရှိ ဘဏ်တချို့ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သည်။ သို့သော် မောင်တောနယ်စပ်ကုန်သွယ်ရေး ပိတ်ထားဆဲဖြစ်ပြီး ဈေးအတွင်းဆိုင်ခန်းများနှင့် မြို့ပေါ်ရှိ ဈေးဆိုင်များမှာမူ ပိတ်ထားဆဲဖြစ်ပြီး ရောင်းဝယ်ရေးလုပ်ငန်းများမှာ ရပ်ဆိုင်းနေဆဲဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အနှံ့အပြားရှိ မြို့နယ်များသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများရှိနေပြီး စစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်း ၂၃ ခုခန့်ရှိနေပြီး လူဦးရေ ၄၀၀၀ ကျော် ရောက်ရှိနေကြောင်းနှင့် ၎င်းတို့အတွက် စားသောက်ရေး၊ နေရေးအပြင် ကျန်းမာရေးအတွက် လိုအပ်ချက်များ ရှိနေသည်။ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာအပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ် စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသည်။ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များက ရခိုင်ပြည်နယ် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် ရဲကင်းများကို ဝင်ရောက်တိုက်ခိုက်မှုများကြောင့် ဌာနေရခိုင်တိုင်းရင်းသားများ အပါအဝင် ရခိုင်မျိုးနွယ်စုများဖြစ်သည့် မြို၊ သက်၊ ဒိုင်းနက်လူမျိုးများမှာ နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်ရလျက်ရှိသည်။ နေရပ်စွန့်ခွာ ရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ စနစ်တကျလုပ်ဆောင် ပေးနိုင်ရန် မောင်တောမြောက်ပိုင်း၊ မောင်တောအလယ်ပိုင်းနှင့် မောင်တောတောင်ပိုင်းဟူ၍ နယ်မြေသုံးခုခွဲခြားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ ယခုအခါတွင်လည်း ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှ ပိတ်မိနေသူများမှာ ရရာယာဉ်များဖြင့် ဘူးသီးတောင်နှင့် စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေဆဲဖြစ် သည်။ ရရာယာဉ်များ၊ ဆိုင်ကယ်များဖြင့် လိုက်ပါလာခြင်းဖြစ်ပြီး ဘူးသီးတောင် ဆိပ်ကမ်းမှ ထွက်ခွာသည့် ပြည်တွင်းရေကြောင်း သင်္ဘော၊ ရှပ်ပြေးအမြန်ရေယာဉ်များဖြင့် စစ်တွေမြို့သို့ နေ့စဉ်လာရောက်နေခြင်း ဖြစ်သည်။

သို့ပါ၍ ပေါ်ပေါက်နေသော အကြမ်းဖက်ဖြစ်စဉ်များ လျော့နည်းပပျောက်သွားစေရေး၊ ပြစ်မှုကျူးလွန်သူများအား ဥပဒေအတိုင်း အရေးယူနိုင်ရေး၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် အခက်အခဲဒုက္ခ တွေ့ကြံုံရသူများအား လုံလောက်သောအကာအကွယ်နှင့် ထိရောက်သည့် ကူညီမှုများ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ အာဘော်

Most Read

Most Recent