မြန်မာ့အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာသည် တစ်ဖက်သတ် စုံစမ်းရရှိချက်များဖြစ်ပြီး မိတ်ဆွေနိုင်ငံများဖြင့် ပူးပေါင်းကာ ဖြေရှင်းမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာ့အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာသည် တစ်ဖက်သတ် စုံစမ်းရရှိချက်များဖြစ်ပြီး မိတ်ဆွေနိုင်ငံများဖြင့် ပူးပေါင်းကာ ဖြေရှင်းမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Nikolay Listopadov နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သြဂုတ်လအတွင်း မိမိ၏ ရုရှားခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ရုရှားနိုင်ငံအနေဖြင့် နားလည်မှုရှိသည့်အတွက် ကျေးဇူးတင်ရှိပြီး မိတ်ဆွေကောင်းနိုင်ငံတစ်ခုလည်း ဖြစ်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားကြောင်း ဦးစွာ ပြောကြားခဲ့သည်။

ရခိုင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏ ထုတ်ပြန်ပြောဆိုချက်များသည် ဖြစ်စဉ်မှန်များပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကိုယ်စားပြုသည့် တပ်မတော်ဖြစ်သည့်အတွက် တပ်မတော်၏ပြောဆိုချက်၊ ထုတ်ပြန်ချက်များသည် နိုင်ငံတော်ကို ကိုယ်စားပြုကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် တပ်မတော်တိုင်းသည် မိမိတို့နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ သို့သော် မိမိတို့နိုင်ငံအပေါ် နည်းမျိုးစုံ အကြောင်းပြလျက် မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများကို နိုင်ငံတကာက လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် လူတစ်ဦးတစ်ယောက်ချင်း၏ ရပိုင်ခွင့်နှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိခိုက်စေမည့် လုပ်ဆောင်ချက်များကို တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်သည့် အစီရင်ခံစာသည် တစ်ဖက်သတ် စုံစမ်းရရှိချက်များဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း၍ မှန်ကန်စွာ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးမရှိလျှင် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်မည် မဟုတ်ကြောင်း၊ ပြဿနာများကို ဖန်တီးနေ၍ ငြိမ်းချမ်းရေးကို ထိခိုက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခု ငြိမ်းချမ်းရေးမရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုရှိမည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ခေတ်မီတပ်မတော် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်သည့်၊ နိုင်ငံတော်က အားကိုးရသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိသည့်အတွက် ပြည်သူက ရွေးချယ်ထားသည့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

မိုးကုတ်တွင် လိုင်စင်မဲ့ Alphard ယာဉ်ပေါ်မှ ကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ ပိုင်ရှင်မဲ့စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူများ သိမ်းဆည်းရမိ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် လိုင်စင်မဲ့ Alphard ယာဉ်ပေါ်မှ ကျပ် သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မြို့မရဲစခန်း(မိုးကုတ်)မှ သိရသည်။

“သိမ်းဆည်းရမိတာက စိတ်ကြွဆေးပြားရော ဘိန်းဖြူရော နှစ်မျိုးလုံးပါတယ်။ တန်ဖိုး စုစုပေါင်းက ဒေသပေါက်ဈေး ကျပ်သိန်း ရှစ်ထောင်တစ်ဆယ့်နှစ်သိန်းငါးသောင်းပါ။ ပိုင်ရှင်ကတော့ မပေါ်သေးပါဘူး။ စုံစမ်းဖော်ထုတ်နေပါတယ်” ဟု မြို့မရဲစခန်း (မိုးကုတ်) မှ စခန်းမှူးက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားသည်။

ဖမ်းဆီးရမိမှုမှာ မိုးကုတ်မြို့နယ် လယ်ကြီးတံတားရဲကင်းလမ်းကြောင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-မိုင်းလုံဘက်မှ မိုးကုတ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ လမ်းကြောင်းအဖြစ် အသုံးပြုနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ တင်းတင်းကြပ်ကြပ် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၇ ရက် နံနက် ၃ နာရီခန့်တွင် မိုင်းလုံ-မိုးကုတ်သွားကားလမ်းမပေါ် မိုင်းလုံဘက်မှ လယ်ကြီးတံတားရဲကင်း မရောက်မီ ခုနစ်ဖာလုံခန့်အကွာ မသင်္ကာဖွယ် YGN 1M/—- Alphard အဖြူရောင်ယာဉ် တစ်စီးရပ်တန့်ထားကြောင်း သတင်းအရ ကင်းပုန်းဝပ်စောင့်ကြည့်ခဲ့ရာ နံနက် ၉ နာရီအထိ ယာဉ်အနီးသို့ မည်သူတစ်ဦး တစ်ယောက်မှ လာရောက်ခြင်းမရှိသောကြောင့် ၉ နာရီ ၄၅ မိနစ်တွင် ယာဉ်အား စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်ဖြစ်နေကြောင်း၊ ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်အောက်ပိုင်းတွင် အပိုတပ်ဆင်ထားသော ဆီတိုင်ကီအတွင်းမှ စိတ်ကြွဆေးပြား သုံးသိန်း၊ အလေးချိန် ၃၀၀၀၀ ဂရမ်၊ တန်ဖိုးငွေ ကျပ်သိန်း ၆၀၀၀ ခန့်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့မှယာဉ်၏ ကျန်အခြား အစိတ်အပိုင်းများအား ဆက်လက်ရှာဖွေရာ နေ့လည် ၁၁ နာရီတွင် ယာဉ်အတွင်းခန်း ယာဘက်ခြမ်းမှ ဘိန်းဖြူဟုယူဆရသည့် ဖြူ၊ ၀ါရောင် အမှုန့်များထည့်ထားသည့် ဆပ်ပြာခွက် ၁၆၅ ခွက်၊ ယာဉ်အတွင်းခန်းဝဲဘက်ခြမ်းမှ ဘိန်းဖြူဟုယူဆရသည့် ဖြူ၊ ၀ါရောင် အမှုန့်များ ထည့်ထားသော ဆပ်ပြာခွက် ၁၀ ခွက်၊ စုစုပေါင်း ၁၇၅ ခွက် အလေးချိန် ၂၀၁၂ ဒသမ ၅ ဂရမ်၊ တန်ဖိုး ၂၀၁၂၅၀၀၀၀ ကျပ်အား ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်အား မြို့မရဲစခန်း(မိုးကုတ်) မယ(ပ) ၁၂၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က) အရ အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်းအတွင်း တောဆင်ရိုင်းများကို သတ်ဖြတ်သူများဟု ယူဆရသူ သုံးဦးအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်းအတွင်း တောဆင်ရိုင်းများကို သတ်ဖြတ်သူများဟု ယူဆရသူသုံးဦးအား အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဆင်များသတ်ဖြတ်ရာတွင် အသုံးပြုသော လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့နယ်အတွင်း တောဆင်ရိုင်းများ သတ်ဖြတ်မခံရစေရေးနှင့် ဆင်သတ်မုဆိုးများ ဖမ်းဆီးနိုင်ရေးအတွက် ကင်းလှည့်နေသည့် ပူးပေါင်းအဖွဲ့မှ ကင်းလှည့်နေစဉ် ချောင်းသာ-ငွေဆောင်ဆက်သွယ်လမ်း မိုင်တိုင်အမှတ် ၂/၃ အနီးတွင် မသင်္ကာဖွယ်လူစိမ်းနှစ်ဦး တွေ့ရှိသောကြောင့် စစ်ဆေးမေးမြန်းစဉ် တစ်ဦးမှာ တောတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ကျန်ရှိခဲ့သည့် စောထူးညော (၃၀ နှစ်) ပုသိမ်မြို့နယ် နေထိုင်သူအား စစ်ဆေးရာတွင် တောဆင်ရိုင်းများသတ်ဖြတ်ရန် လာရောက်သူများ ဖြစ်နေသည်ကို သိရှိရသောကြောင့် တောဆင်ရိုင်းများ သတ်ဖြတ်ရန်အတွက် စခန်းချသော နေရာသို့ လိုက်လံ ပြသခိုင်းရာတွင် နိုင်ထက်ကျော် (၁၈ နှစ်) မင်းတုန်းမြို့နှင့် ဦးကျော်တသိန်း (၅၉ နှစ်) ပုသိမ်မြို့တို့အား ဆင်ပစ်ရာတွင် အသုံးပြုသော တူးမီးသေနတ်တစ်လက်၊ ယမ်းများနှင့် အခြားသော ဆက်စပ်ပစ္စည်းများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော့် စိုက်ခင်းတွေကို ၀င်လာတဲ့ တောဆင်ရိုင်းတွေကိုလိုက်ပြီးတော့ မောင်းထုတ်ဖို့ မနေ့ညက ကွန်ချီဆင်တွေရောက်တယ်။ မနက်ကျတော့ သူတို့လိုက်မောင်းရင်းနဲ့ ပူးပေါင်းအဖွဲ့ကနေ ဆင်မုဆိုးတွေကို တွေ့တယ်။ ကျွန်တော့် တပည့်တွေလည်း ပါသွားတာ။ သူတို့ ဆက်ပြီးတော့ စစ်ဆေးတာကနေ ဆင်မုဆိုးသုံးယောက်ကို ဖမ်းမိတယ်။ တစ်ယောက်က လွတ်သွားတယ်” ဟု ဒေသခံ ဦးပြည့်ဖြိုးလွင်က ပြောကြားသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးမှုများအရ ထွက်ပြေးသူမှာ မောင်အေး (၂၅ နှစ်) မင်း တုန်းမြို့နယ်နေသူဟု သိရှိရသောကြောင့် ဆက်လက်ဖမ်းဆီးမိနိုင်ရေးအတွက် သလပ်ခွာနယ်မြေရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းအဖွဲ့မှ ရှာဖွေနေကြောင်းသိရသည်။

လေယာဉ် ပျက်ကျရာတွင် ကျဆုံးခဲ့သည့် တပ်မတော်သားများအတွက် မိသားစုနှင့်ထပ်တူ ၀မ်းနည်းကြေကွဲရကြောင်း မေတ္တာဖြင့် အားပေးစကား ပြောကြားသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်

လေယာဉ် ပျက်ကျရာတွင် ကျဆုံးခဲ့သည့် တပ်မတော်သားများအတွက် မိသားစုနှင့် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း မေတ္တာဖြင့် အားပေးစကား ပြောကြားသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အား အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်တွင် မမျှော်လင့်ဘဲ ကျဆုံးခဲ့ရသည့်အတွက် ကျန်ရစ်သူမိသားစုများနှင့် ထပ်တူ အထူးပင် ၀မ်းနည်းကြေကွဲရကြောင်း မေတ္တာဖြင့် အားပေးစကား ပြောကြားလိုက်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အားပေးစကားအား ကျဆုံးခဲ့သည့် ဗိုလ်ကြီး ဟိန်းသူအောင်နှင့် ဗိုလ်ကြီး ဖြိုးမောင်မောင်တို့၏ မိသားစု တစ်စုချင်းအား အားပေးစကား ပေးပို့ခဲ့ခြင်း ဖြစ်သည်ကို တွေ့ ရသည်။

အောက်တိုဘာ ၁၆ ရက် နံနက်တွင် မကွေး လေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျမှုဖြစ်ပွားဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

မကွေး လေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေသော အက်ဖ်- ၇ လေယာဉ်နှစ်စင်းသည် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် လေ့ကျင့် ပျံသန်းမှုများပြုလုပ်ပြီး မကွေး လေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းသို့ ပြန်လာစဉ် ရာသီဥတု ဆိုးရွားမှုနှင့် ရုတ်တရက် ကြုံတွေ့ရပြီး နံနက် ၇ နာရီခွဲခန့်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အနေဖြင့် မကွေး လေတပ်စခန်းဌာနချုပ်မှ အက်ဖ်-၇ လေယာဉ် လေးစင်းသည် အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီမိနစ် ၂၀ တွင် အုပ်စုဖွဲ့ လေ့ကျင့်ပျံသန်းမှုများ စတင် ဆောင်ရွက်ခဲ့ပြီး လေတပ်စခန်းဌာနချုပ်သို့ ပြန်လာစဉ် ရာသီဥတုဆိုးရွားမှုနှင့် ရုတ်တရက် ကြုံတွေ့ခဲ့သဖြင့် လေယာဉ်များအား ကြိုးစား ထိန်းချုပ် ဆင်းသက်ခဲ့သည်။

ထိုသို့ ဆင်းသက်စဉ် အုပ်စုဖွဲ့ လေ့ကျင့်ပျံသန်းနေသော လေယာဉ် လေးစင်းအနက် နှစ်စင်းမှာ လေယာဉ်ကွင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ကျန်လေယာဉ်နှစ်စင်းမှာ ရာသီဥတုဆိုးရွားမှုကို ဆက်လက် ကြိုးစားထိန်းသိမ်း မောင်းနှင်ခဲ့သော်လည်း မင်းဘူးမြို့၏ တောင်ဘက် ဆားဗွက်ချောင်းတံတားအနီးတွင် တစ်စင်း၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးတွင် တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးများဖြစ်သော ဗိုလ်ကြီး ဟိန်းသူအောင်နှင့် ဗိုလ်ကြီး ဖြိုးမောင်မောင်တို့မှာ သေဆုံးခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ စက္ကတဲဘုရား အနောက်ဘက် ဆားပွက်ချောင်း၏ ၀ဲဘက်ရှိ သောင်ခုံ နှင့် ကိုင်းကွက်များပေါ်သို့ ပျက်ကျခဲ့သည့် တိုက်လေယာဉ်၏ လေယာဉ်ပေါ်ပါ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို လေထီးနှင့်အတူ လေယာဉ် အပျက်အစီးများအကြား ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်၍ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုလေယာဉ်သည် အဆိုပါ ကွင်းအတွင်း သို့ ပျက်မကျမီ မင်းဘူးမြို့ စကြံင်္တောင်ပေါ်ရှိ ဆက်သွယ်ရေး တာဝါတိုင်အဖျားပိုင်းကို ၀င်တိုက်မိခဲ့ကြောင်း၊ တိုက်မိသည့် ဆက်သွယ်ရေး တာဝါတိုင်၏ သံထည် အပိုင်းအစများနှင့် လေယာဉ် အစိတ်အပိုင်းများသည် မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်ရှိ စက္ကတဲဘုရားလမ်းမပေါ် နေအိမ်တစ်လုံးနှင့် ကလေးငယ်များ စာသင်နေသည့် စာကျက်ဝိုင်းပေါ်များသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

လေယာဉ်အပိုင်းအစများ ထိမှန်မှုကြောင့် နေအိမ်တစ်လုံး၏ ပြတင်းပေါက်နှင့် ကပန်းပျဉ်တစ်ချောင်း ကျိုးပျက်ခဲ့ကြောင်း၊ ထို့ပြင် လေယာဉ်အပိုင်းအစ တစ်ခုသည် မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်အတွင်း နေအိမ်တစ်လုံးရှေ့ရှိ စာကျက်ဝိုင်းမှ စားပွဲခုံပုတွင် ထိုင်၍ စာရေးနေသည့် အသက် ၁၀ နှစ်အရွယ် ပဉ္စမတန်း ကျောင်းသူတစ်ဦး၏ ကျောပြင်သို့ ထိမှန် စိုက်ဝင်ခဲ့ကြောင်း၊ ထိုကလေးငယ်အား မင်းဘူးခရိုင် ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း ဆုံးပါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင်ပင် မင်းဘူးမြို့၏ မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ သနပ်ပင်စုကျေးရွာ အနီးလယ်နှင့် ကိုင်းမြေများပေါ်တွင်လည်း တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း၊ ထိုလေယာဉ်၏ အပျက်အစီးများအကြားတွင် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို လေထီးနှင့်အတူ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Weekly Eleven ဂျာနယ်မှ အယ်ဒီတာချုပ် အပါအ၀င် သုံးဦးအား တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာကောင်စီသို့ လာရောက်တိုင်ကြား

Weekly Eleven ဂျာနယ်မှ အယ်ဒီတာချုပ် အပါအ၀င် သုံးဦးအား အောက်တိုဘာ ၁၇ ရက်က ရုံးထုတ်ခဲ့စဉ်နှင့် လူမှုကွန်ရက်တွင် အောက်တိုဘာ ၁၈ ရက်က ပျံ့နှံ့လာသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ စာအား တွေ့ရစဉ်

Weekly Eleven ဂျာနယ်မှ အယ်ဒီတာချုပ် အပါအ၀င် သုံးဦးအား တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာကောင်စီသို့ လာရောက် တိုင်ကြားခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ဦးမြင့်ကျော်က ပြောကြားသည်။

အောက်တိုဘာ ၁၇ ရက် ရက်စွဲဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက Weekly Eleven ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေ တင်ပြသည့်ကိစ္စအား ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးသို့ ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းညွှန်ကြားချက်တွင် ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် နှစ်ဖက်တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးရန်၊ ညှိနှိုင်းရာတွင် ပြေလည်မှုမရှိပါက တိုင်ကြားသူ (သို့မဟုတ်) ကျေနပ်မှု မရှိသူသည် သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှုပြုထားကြောင်း ဖော်ပြထားသည်။

ယင်းညွှန်ကြားစာမှာ မှန်ကန်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်ပြုခဲ့သည်။

“ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြတယ်။ တင်ပြတဲ့အပေါ်မှာ ပြည်ထောင်စု အစိုးရအဖွဲ့က နိုင်ငံတော်သမ္မတဆီက လမ်းညွှန်မှု ခံယူတယ်။ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်မှုကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြန်ပြီး လမ်းညွှန်ထားတယ်။ အသေးစိတ်ကတော့ တိုင်းအစိုးရအဖွဲ့ကို မေးလိုက်ပေါ့နော်။ အဓိက ကတော့ တရားစွဲတာနဲ့ ပတ်သက်လို့ ဘယ်လို ဘယ်လို လုပ်ရမယ်ဆိုတာကို လမ်းညွှန်ထားတာပေါ့။ ရန်ကုန်တိုင်း တစ်ခုတည်းကို” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ယင်းသို့ ညွှန်ကြားအပြီး နောက်တစ်ရက် (အောက်တိုဘာ ၁၈ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာကောင်စီသို့ လာရောက် တိုင်ကြားခဲ့ရာ အမှုရုပ်သိမ်းပြီးမှသာ ကောင်စီအနေဖြင့် ဖြေရှင်းပေးနိုင်မည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဦးမြင့်ကျော် ကပြောကြားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ လာရောက် တိုင်ကြားသူသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် ဖြစ်ကြောင်း၊ ကောင်စီ၏ တိုင်ကြားစာပုံစံ အပြည့်အစုံ ဖြည့်စွက်ခဲ့ခြင်း မရှိသဖြင့် ကောင်စီ၏ တိုင်ကြားစာပုံစံအား ပေးလိုက်ကြောင်း၊ ယင်းတိုင်ကြားစာအား သတင်းမီဒီယာကောင်စီရုံး မပိတ်မီ လာရောက် ပေးအပ်ခဲ့ကြောင်း ဦးမြင့်ကျော်က ပြောကြားသည်။

“ တိုင်ကြားစာကို ရုံးမပိတ်မီ လာပေးသွားတယ်။ ဦးအောင်ကျော်ခိုင် ကိုယ်တိုင် လာပေးသွားတာပါ” ဟု ဦးမြင့်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ နည်းဥပဒေအရ တရားရုံးတွင် တိုင်ကြားထားသည့် ဖြစ်စဉ်များကို ရုပ်သိမ်းပြီးမှသာ ကောင်စီအနေဖြင့် ကြားဝင် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် အမှုများကို ရုပ်သိမ်းပေးရမည် ဖြစ်ကြောင်း ဦးမြင့်ကျော်က ဆက်လက် ပြောကြားသည်။

“မရုပ်သိမ်းရသေးဘဲနဲ့ ဘယ်လို ဖြေရှင်းပေးရမလဲ ဆိုတာကတော့ အခက်အခဲ ရှိသေးတယ်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဦးမြင့်ကျော်က ပြောကြားသည်။

Eleven Media Group အနေဖြင့် အယ်ဒီတာချုပ် အပါအ၀င် သုံးဦး တရားစွဲဆို ဖမ်းဆီးခံရသည့် အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ “ မီဒီယာသမားများအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခြင်းအား ကြားဝင် ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခြင်း” ဟု အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ယင်းသို့ ပေးပို့ထားမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံးမှ အောက်တိုဘာ ၁၉ ရက် (ယနေ့) တွင် ဖိတ်ကြားထားပြီး ယင်းသို့ တင်ပြထားခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက်တွင် Weekly Eleven မှ အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ဒေါက်တာမင်းလွင်(ခ)နရီမင်း၊ သတင်းထောက်ချုပ် ကိုဖြိုးဝေ(ခ)ဖြိုးေ၀၀င်းတို့အား တရားရုံး၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သည့် တရားလိုဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်အား စတင်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်၏ ဆောင်းပါးတွင် ရေးသား ဖော်ပြထားသည့်အတိုင်း Yangon Metropolitan Development အများပိုင်ကုမ္ပဏီတွင် ဦးမြင့်သောင်း အမည်ဖြင့် ထည့်ဝင်ထားသည်ဟု ရေးသားထားမှုမှာ မဟုတ်မှန်ကြောင်း၊ ဦးမြင့်သောင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ယင်းကုမ္ပဏီတွင် ရှယ်ယာဝင်ထားခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာ ရှယ်ယာများကို ဦးမြင့်သောင်း၏ လူနာမည်ပေါက်ဖြင့် ရှယ်ယာဝင်ထားခြင်း မဟုတ်ကြောင်း ဦးအောင်ကျော်ခိုင်က ထွက်ဆိုခဲ့သည်။

တရားစွဲဆိုရခြင်းမှာ အောက်တိုဘာ ၈ ရက်ထုတ် ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သော ဆောင်းပါးကြောင့် Yangon Metropolitan Development အများပိုင် ကုမ္ပဏီတွင် အစုရှယ်ယာ ထည့်ဝင်ထားသည့် မြန်မာ့ဆောက်လုပ်ရေးဖွံ့ ဖြိုးရေးနှင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အစုရှယ်ယာရှင်များ၏ စိတ်တွင် ထိတ်လန့်ခြင်း၊ ကြောက်ခြင်းများ ဖြစ်ပေါ်စေပြီး ထူထောင်ထားသော အများပိုင်ကုမ္ပဏီကို အများပြည်သူ အယုံအကြည်မဲ့စေခြင်းတို့အပြင် တိုင်းအစိုးရအဖွဲ့ကို အကြည်ညိုပျက်စေပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်ခြင်း လာအောင် ပြုလုပ်သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

အောက်တိုဘာ ၁၇ ရက် ရုံးချိန်းတွင် စွပ်စွဲခံရသူများဘက်မှ အာမခံ လျှောက်ထားခဲ့သည်။

စွပ်စွဲခံရသူများမှာ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရပြီး ယင်းပုဒ်မမှာ အာမခံပေးခွင့် မရသည့် အမှုဖြစ်သော်လည်း ရာဇ၀တ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ (၁) တွင် “ တရားခံအပေါ် စွပ်စွဲထားသော ပြစ်မှုသည် သေဒဏ် (သို့မဟုတ်) တစ်သက်တစ်ကျွန်း ကျခံထိုက်သော ပြစ်မှုမျိုး မဟုတ်ပါက အာမခံပေးခွင့်ရှိဟု ပြဋ္ဌာန်းထားကြောင်း၊ စွပ်စွဲခံရသူများဖြစ် သည့် ဦးကျော်ဇောလင်းနှင့် ဦးနရီမင်းတို့မှာ Eleven Media Group ၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များထဲတွင် အပါအ၀င်ဖြစ်ပြီး ဦးဖြိုးဝေ သည်လည်း သတင်းထောက်ချုပ်အဖြစ် တာဝန်ယူထားသူ ဖြစ်ကြောင်း၊ အချုပ်လွတ် ထုချေခွင့်ပြုမှသာ အများပြည်သူအကျိုးအတွက် သတင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လျှောက်ထားခဲ့သည်။

ယင်းအပြင် စွပ်စွဲခံရသူများမှာ ထွက်ပြေးတိမ်းရှောင်မည့်သူများ မဟုတ်သည့်အပြင် ရုံးတော်မှ ချိန်းဆိုသော နေ့များတွင်လည်း ရုံးချိန်းမှန်ကန်စွာ လာရောက်မည့်သူများဖြစ်ပြီး ရုံးတော်မှ တောင်းဆိုသည့် ခံဝန်များကိုလည်း ပေးသွင်းနိုင်သူများ ဖြစ်ကြောင်း၊ ထို့ပြင် အမှုကိစ္စတွင်လည်း သက်သေများကို မလျော်သြဇာသုံးပြီး ဖျက်ဆီးမည့် သူများလည်း မဟုတ်ကြောင်း လျှောက်ထားခဲ့သည်။

စွပ်စွဲခံရသူများမှာ တရားစွဲဆို ခံရသည့် အမှုကိစ္စတွင်လည်း လိုအပ်သည့် သတင်းအချက်အလက်များ ရရှိရန်အတွက် အာမခံရရှိမှသာ ကောင်းစွာရှာဖွေ စီစဉ်ထုချေနိုင်မည် ဖြစ်ရာ အမှန်တရားဆုံးဖြတ်ရာ၌ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ အချုပ်လွတ် ထုချေခွင့်မပြုဘဲ အချိန်ကြာမြင့်စွာ ချုပ်နှောင်ထားမည်ဆိုပါက ကြိုတင် အပြစ်ပေးရာလည်း ရောက်ကြောင်း စွပ်စွဲခံရသူများဘက်မှတရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က လျှောက်ထားခဲ့သည်။

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံရသော်လည်း အာမခံပေးခဲ့သည့် အမှုများမှာ လွိုင်ကော်မြို့နယ် တရားရုံး ရာဇ၀တ်ကြီးမှုအမှတ် ၁၄၆/ ၂၀၁၈ အမှုတွင် စွပ်စွဲခံရသူ ခုနစ်ဦးအား လည်းကောင်း၊ ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ လက်ထက်တွင် လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို လည်းကောင်း အချုပ်လွတ် ထုချေခွင့်ပြုခဲ့သည့် သာဓကများကို လျှောက်ထား တင်သွင်းခဲ့သည်။

လာမည့် ရုံးချိန်းကို အောက်တိုဘာ ၂၆ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင် တရားလိုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် အား ဆက်လက် စစ်ဆေးမည်ဖြစ်ကာ တရားစွဲဆို ခံရသူသုံးဦးအား အချုပ်ထုချေခွင့် ပေး၊ မပေး အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၁ တွင် နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာတစ်ဦးက ပုဒ်မ ၉ တွင် ပြဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

ပုဇွန်တောင်မြို့နယ် ပြည်တော်သစ် လူနေ အထပ်မြင့် အိမ်ရာနှင့် အထပ်မြင့် ကားရပ်နားရန် အဆောက်အအုံ တည်ဆောက်ခြင်းအတွက် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ငါးနှစ်အတွင်း အနည်းဆုံးပျမ်းမျှဝင်ငွေ ကျပ်ငါးဘီလျံနှင့်အထက် ရှိရမည်

ပြည်တော်သစ် လူနေ အထပ်မြင့် အိမ်ရာ နှင့် အထပ်မြင့် ကားရပ်နားရန် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါခေါ်ယူထားပြီး တင်ဒါ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ငါးနှစ်အတွင်း အနည်းဆုံး ပျမ်းမျှဝင်ငွေ ကျပ် ငါးဘီလျံနှင့်အထက် ရှိရမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသည့် ပုဇွန်တောင်မြို့နယ် (၃) ရပ်ကွက်၊ ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Yangon Metropolitan Development Public Co.Ltd မှ ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တော်သစ် လူနေ အထပ်မြင့် အိမ်ရာနှင့် အထက်မြင့် ကားရပ်နားရန် အဆောက်အအုံအတွက် မြို့ပြ တည်ဆောက်ရေး၊ လျှပ်စစ်၊ ရေသန့်၊ ပိုက်ဆက် လုပ်ငန်းနှင့် ဘိုးပိုင်လုပ်ငန်းများအား တာဝန်ယူ တည်ဆောက်နိုင်သည့် ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီများ တင်ဒါဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

တင်ဒါ တင်သွင်းလိုသည့် ကုမ္ပဏီများသည် ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ငါးနှစ် ရှိရမည်ဖြစ်ကြောင်း၊ အထပ်မြင့် အတွေ့အကြုံအနေဖြင့် အခန်း ၂၀ တွဲ၊ ရှစ်ထပ် အဆောက်အအုံ ဘိုးပိုင်လုပ်ငန်း၊ မြေအောက်ထပ် လုပ်ငန်းများ တည်ဆောက်သည့် အတွေ့အကြုံရှိရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ တစ်ဆက်စပ်တည်း သုံးနှစ် သို့မဟုတ် ငါးနှစ် ပျမ်းမျှဝင်ငွေ အနည်းဆုံး ကျပ် ငါးဘီလျံနှင့်အထက် ရှိရမည်ဖြစ်ကြောင်း သိရသည်။

အိတ်ပိတ် တင်ဒါ တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ Specification & Drawing များနှင့် လျှောက်လွှာပုံစံများအား အောက်တိုဘာ ၁၈ ရက်မှစပြီး Yangon Metropolitan Development Public Co.Ltd အခန်းအမှတ် (၂၂၂)၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အလုံလမ်း ဒဂုံမြို့နယ်တွင် လာရောက်ဝယ်ယူ ရမည်ဖြစ်ပြီး လျှောက်လွှာတန်ဖိုးငွေအား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း၊ အိတ်ပိတ်ထားသည့် တင်ဒါလျှောက်လွှာများ အား နိုဝင်ဘာ ၃၀ ရက် ညနေ လေးနာရီ မတိုင်မီ ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ချိန်ထက် နောက်ကျတင်သွင်းသည့် တင်ဒါလျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ကြောင်း သိရသည်။

စတစ်ကာ ကပ်ထားသဖြင့် အရေးယူခံထားရသည့် အငှားယာဉ်များအား မော်တော်ယာဉ် လိုင်စင်သက်တမ်း ထပ်မံ မတိုးပေးခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်ဟုဆိုကာ သတင်းစာရှင်းလင်း

စတစ်ကာ ကပ်ထားသဖြင့် အရေးယူခံထားရသည့် အငှားယာဉ်များနှင့် ပတ်သက်၍ အောက်တိုဘာ ၁၇ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

စတစ်ကာ ကပ်ထားသဖြင့် အရေးယူခံထားရသည့် အငှားယာဉ်များအား မော်တော်ယာဉ် သက်သေခံလက်မှတ် သက်တမ်း ထပ်မံ မတိုးပေးခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေရသည်ဟုဆိုကာ ယာဉ်ပိုင်ရှင်များနှင့် အငှားယာဉ်မောင်းများ ပါဝင်သည့် သတင်းစာရှင်းလင်းပွဲအား အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မှန်တွင် စတစ်ကာ ကပ်သဖြင့် ဒဏ်ကြေးငွေ ဆောင်ထားခဲ့ရပြီးနောက် မော်တော်ယာဉ် သက်သေခံလက်မှတ် သက်တမ်းတိုးသည့် အချိန်တွင်မူ ယင်းပြစ်ဒဏ်ကြောင့် သက်တမ်း ထပ်မံတိုးပေးခြင်း မရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည်ဟုဆိုသည့် အငှားယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း ၁၅ ဦးတို့က ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများအား ရှင်းလင်းပြောကြားသည်။

ထိုသို့ အခက်အခဲများ ကြုံတွေ့နေရသည့်ဟုဆိုသည့် အငှားယာဉ်ပိုင်ရှင် တစ်ဦးက ၎င်း၏ အငှားယာဉ်အား စတစ်ကာကပ်သည့် ပြစ်ဒဏ်ကြောင့် လိုင်စင်သက်တမ်း တိုးခွင့်ကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တားထားသည်ဟု ဆိုသည့် စာရွက်အပိုင်း တစ်ခုသာ တောင်ဒဂုံမြို့နယ်ရှိ ကညနရုံးက ထုတ်ပေးခဲ့သဖြင့် လက်ရှိတွင် အငှားယာဉ် ပြေးဆွဲနိုင်ခြင်း မရှိဘဲ ရပ်တန့်ထားရကြောင်း ရှင်းလင်းပြောကြားသည်။

“ကားက သက်တမ်းကုန်လို့ သက်တမ်းတိုးဖို့ တောင်ဒဂုံ ကညနရုံး ကိုသွားတယ်။ ကားမှာ အပြစ်ရှိ မရှိကိုလည်း ယာဉ်ထိန်းရုံးမှာ စစ်ဆေးပြီးသွားပြီ။ အဲဒီမှာ တောင်ဒဂုံ ကညနရုံးက စတစ်ကာကပ်တဲ့ ပြစ်ဒဏ်ကြောင့် ယာဉ်ကို ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က သက်တမ်းတိုးခွင့် ပိတ်ထားတယ်ဆိုပြီးတော့ စာရွက်လေး ထုတ်ပေးလိုက်တယ်။ ကျွန်တော်က အဲဒီတော့ ယာဉ်ကို ၀ှီးတက်မရှိတော့ မမောင်းရဲဘူးလေ။ မမောင်းရတော့ ယာဉ်မောင်းအတွက်ရော ကျွန်တော်တို့ အတွက်ပါ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်”ဟု အငှားယာဉ်ပိုင်ရှင် ဦးကြည်မောင်က ပြောကြားသည်။

အလားတူ အခြားအငှားယာဉ်ပိုင်ရှင် တစ်ဦးကလည်း ယာဉ်လိုင်စင် သက်တမ်း ထပ်မံ မတိုးပေးခြင်းကြောင့် ၎င်း၏ အိမ်ရှေ့တွင်သာ ကားရပ်ထားရန်အတွက် သက်ဆိုင်ရာက ပြောကြားခဲ့သဖြင့် နေအိမ်ရှေ့တွင် ကားရပ်ထားသည်မှာ သုံးလခန့် ကြာမြင့်လာပြီ ဖြစ်ခြင်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်နေရကြောင်း ရှင်းလင်း ပြောကြားသည်။

ယခုပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် စတစ်ကာကပ်ခြင်းကြောင့် ယာဉ်လိုင်စင် သက်တမ်း ထပ်မံတိုးပေးခြင်း မရှိသည့် အငှားယာဉ် ၆၆ စီးအနက် ၁၅ စီးမှ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများ ပါဝင်ခဲ့ပြီး ၎င်းတို့အား ယာဉ်လိုင်စင် သက်တမ်းတိုးပေးခြင်း မရှိခြင်း၊ နယ်လိုင်စင်ပြောင်းရန် ညွှန်ကြားခြင်းတို့အား သက်ဆိုင်ရာမှ မပြုလုပ်ဘဲ ဒဏ်ကြေး သို့မဟုတ် ထိုက်သင့်သည့် ပြစ်ဒဏ် တစ်ခုခုကိုသာ သတ်မှတ်ရန်အတွက် တောင်းဆိုလိုကြောင်း ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများက ပြောကြားခဲ့ပြီး ယာဉ်လိုင်စင် သက်တမ်းတိုးပေးခြင်း မရှိသဖြင့် မိသားစုများတွင် စားဝတ်နေရေး အခက်အခဲများစွာ ဖြစ်ပေါ်နေရကြောင်း ရှင်းလင်း ပြောကြားသည်။

စမ်းချောင်းမြို့နယ် ဒဂုံစင်တာအနီးတွင် ဖုယွင် အလုပ်သမားသပိတ် အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်သူ နှစ်ဦးအား အမှုဖွင့်

စမ်းချောင်းမြို့နယ်၊ ဒဂုံစင်တာအနီးတွင် ဖုယွင် အလုပ်သမားသပိတ် အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်သူ နှစ်ဦးကို သက်ဆိုင်ရာ စမ်းချောင်းမြို့မရဲစခန်းက အမှုဖွင့်ထားပြီး ဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

အောက်တိုဘာ ၁၆ ရက် ည ၇ နာရီတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဒဂုံစင်တာ(၂)ရှေ့ မြေနီကုန်း ခုံးကျော်တံတားအောင်တွင် လူငယ်နှစ်ဦးက မျက်နှာတွင် အ၀တ်စည်းလျက် အလျား ခြောက်ပေ၊ အနံ သုံးပေခန့်ရှိ ပိတ်စ အဖြူပေါ်တွင် အနီရောင် စာသားဖြင့် ရေးသားထားသော “ဖုယွင် သပိတ်အကြမ်းဖက်ခံရမှု တိုင်းအစိုးရ လျစ်လျူရှုပြီလား” စာသားပါ ပိတ်စကို တစ်ဖက်စီ ကိုင်ဆောင်၍ “တရားသော တောင်းဆိုချက်တွေနဲ့ ဖုယွင် အထည်ချုပ် အလုပ်သမားသပိတ်အား အလုပ်ရှင်မှ ကြေးစားလူမိုက်ငှား၍ မတရားအကြမ်းဖက် ဖြိုခွဲသောကိစ္စအား အစိုးရမှ ဖြေရှင်းပေးနိုင်စွမ်း မရှိတော့ပြီလား…အလုပ်သမားများ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေသော ဖုယွင် အလုပ်သမားသပိတ်အား တိုင်းအစိုးရမှ တာဝန်ယူ ဖြေရှင်း မပေးနိုင်တော့ပြီလား” စာသားပါ လက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာ ပြည်သူများအား ဝေငှပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရဲတာဝန်ရှိသူများ စစ်ဆေးချက်အရ သိရသည်။

ယင်းနောက် အဆိုပါ လူငယ်နှစ်ဦးမှာ ပြည်လမ်းသို့ဖြတ်၍ ဒဂုံစင်တာ (၁) ရှေ့သို့ ရောက်ရှိနေစဉ် သက်ဆိုင်ရာ မြို့မရဲစခန်းက စခန်းမှူးနှင့် သက်သေများ ပါဝင်သောအဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များက ယူနီဖောင်းဖြင့် လာရောက် ဖမ်းဆီးခြင်း မဟုတ်ဘဲ အရပ်ဝတ်ဖြင့် လာရောက် ဖမ်းဆီးကာ ယာဉ်ပေါ်သို့ ခေါ်ဆောင်သွားခြင်းကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

စစ်ဆေးရာ ၎င်းတို့အမည်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်းကော်မတီဝင်များဖြစ်သည့် ကိုနှင်းအောင်(၂၃)နှစ်နှင့် ကိုဝေယံဦး (၁၈) နှစ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါကဲ့သို့ လုပ်ဆောင်ခဲ့သည့် ၎င်းတို့နှစ်ဦးအား သက်ဆိုင်ရာ စမ်းချောင်းမြို့မရဲစခန်း က (ပ) ၃၇၂/၂၀၁၈၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးအား ခံဝန်ရေးထိုးစေကာ အာမခံပေးထားကြောင်း သိရသည်။

ဆေးရုံ၊ ဆေးခန်း စွန့်ပစ်အမှိုက်များအား သီးသန့် သိမ်းဆည်းသည့်စနစ်နှင့် တန် ၂၀ ဆံ့ အမှိုက်မီးရှို့စက် ယခုနှစ်အတွင်း ဆောက်လုပ်မည်

ရန်ကုန်မြို့ ဆေးရုံ၊ ဆေးခန်းများရှိ စွန့်ပစ် အမှိုက်များအား သီးသန့် သိမ်းဆည်းနိုင်သည့်စနစ်နှင့် အဆိုပါ အမှိုက်များအား မီးရှို့မည့် တန် ၂၀ ဆံ့ အမှိုက်မီးရှို့စက်ကို ယခုနှစ်အတွင်း ဆောက်လုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာ ဦးအောင်မြင့်မော်က ပြောကြားသည်။

အဆိုပါ အမှိုက်များအား သီးသန့် သိမ်းဆည်းသည့် စနစ်ကို On Call Service ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ဆေးရုံရှိ WHO မှ ခွဲခြားထားသည့် အမှိုက် ခုနစ်မျိုးကို ခွဲခြား လက်ခံကာ စွန့်ပစ်သည့် အမှိုက်များ ယူဆောင်မှုများနှင့် မီးရှို့ဖျက်ဆီးသည်ကို Online တွင် ကြည့်နိုင်သည်အထိဌာနမှ လုပ်ဆောင်သွားမည်ဟု သိရသည်။

“ဆေးရုံ၊ ဆေးခန်းအတွက် အမှိုက်နဲ့ ပြည်သူစွန့်ပစ်တဲ့ အမှိုက်က မတူပါဘူး။ မတူတဲ့အတွက် ဆေးရုံ၊ ဆေးခန်းအမှိုက်ကို box နဲ့ဆေးရုံက အမျိုးအစား ခုနစ်မျိုးအတိုင်း သိမ်းဆည်းဖို့ လုပ်နေတယ်။ သိမ်းဆည်းခတွေကိုလည်း တိုးမြှင့်ကောက်ခံဖို့ ဆောင်ရွက်နေပါတယ်။ ယာဉ်တွေ ပြင်ဆင်တာတော့ စနေပြီ။ ကားတွေတော့ ပြီးသွားပြီ။ ဘားကုဒ်စနစ်နဲ့ သွားဖို့က နောက်နှစ်လောက်မှ စနိုင်မှာပါ”ဟု ဒေါက်တာ ဦးအောင်မြင့်မော်က ပြောကြားသည်။

ရန်ကုန်မြို့အတွင်း အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် လေးခုကို ယာဉ် ၁၂ စီး၊ ခရိုင်တစ်ခုကို ယာဉ်သုံးစီးဖြင့် သိမ်းဆည်းမှုများ ဆောင်ရွက်နေပြီး ဆေးရုံ၊ ဆေးခန်း အမှိုက်သိမ်းဆည်းရေး လုပ်ငန်းအတွက် သန့်ရှင်းရေးယာဉ်နှင့် ၀န်ထမ်းများအားလုံးကို သီးသန့်အဖွဲ့ ခွဲထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဆေးရုံ၊ ဆေးခန်းစွန့်ပစ်အမှိုက် မီးရှို့မည့် တန် ၂၀ ဆံ့ မီးရှို့စက်ရုံကို လှိုင်သာယာ ထိန်ပင်သုသာန်တွင် ဆောက်လုပ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် အမှိုက်များကို အလောင်းများရှို့သည့် မီးဖိုဖြင့် မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းများ ပြုလုပ်နေပြီး တန်၂၀ ဆံ့ မီးရှို့စက် ပြီးစီးပါက မြေမြှုပ်ထားသည့် အမှိုက်များကို ပြန်ဖော်ကာ မီးရှို့မည်ဟု သိရသည်။