အိမ်ကွင်းမှာ နိုင်ပွဲဆက်ခဲ့တဲ့ အာဆင်နယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၆) တနင်္ဂနွေညရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ အဲဗာတန်အသင်းတို့ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက အိမ်ကွင်းအီမရိတ်စ်မှာ (၂-၀) ဂိုးနဲ့အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၄)ပွဲဆက်အနိုင်ရခဲ့ပါတယ်။

ရာသီအစ ပွဲစဉ် (၁)နဲ့ (၂) ကိုရှုံးနိမ့်အပြီးမှာ ဖိအားတွေနဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲဆက်အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြ အူနိုင်းအမ်မရီလက်အောက်မှာ တဖြည်းဖြည်းနဲ့ အသားကျလာနေပြီလို့ဆိုရမှာပါ။

အိမ်ကွင်းမှာရလဒ်ကောင်းဖို့အတွက် နည်းပြ အမ်မရီဟာ အိုဇေးလ်၊ ချာကာ၊ တော်ရဲရား၊ အူဘာမီယန်း၊ လာကာဇက်တို့နဲ့ လူစုံထုတ်ခင်းကျင်းခဲ့ပြီး၊ အဲဗာတန်အသင်းကလည်း အဝေးကွင်းမှာ အမှတ်ရဖို့အတွက် အနီကတ်ပြစ်ဒဏ်ကလွတ်လာတဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်အပါအ၀င် ဆီဂတ်ဒ်ဆန်၊ ကယ်လ်ဗတ်လူဝင်၊ ဝေါလ်ကော့၊ တွမ်ဒေးဗီးစ်တို့နဲ့ ပြန်လည်ရင်ဆိုင်ခဲ့တာပါ။

ပထမပိုင်းမှာ နှစ်သင်းစလုံး အခွင့်အရေးလွဲချော်မှုတွေနဲ့အတူ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။

အာဆင်နယ်အတွက် အလှည့်အပြောင်းဖြစ်ခဲ့တာက ဒုတိယပိုင်းမှာ ဂိုး(၂)ဂိုးကိုဆက်တိုက်ရသွားခဲ့တာဖြစ်ပြီး အဖွင့်ဂိုးကို ပွဲချိန် (၅၆) မိနစ်မှာ လာကာဇက်နဲ့ ဒုတိယဂိုးကို ပွဲချိန် (၅၉) မိနစ်မှာ အူဘာမီယန်းတို့ကသွင်းယူခဲ့တာပါ။

ဒီသွင်းဂိုး (၂)ဂိုးစလုံးကို ကွင်းလယ်လူရမ်ဆေးက ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။

အူဘာမီယန်းနဲ့ လာကာဇက်တို့ (၂)ဦးစလုံးဂိုးသွင်းနိုင်ခဲ့တာဟာ အာဆင်နယ်အသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲမှာ (၃)ပွဲမြောက်လည်းဖြစ်ပါတယ်။

အထူးသဖြင့် လာကာဇက်ရဲ့ ဂိုးသွင်းခြေစွမ်းပြန်ရလာတာက အမ်မရီအတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ပြီး တိုက်စစ်ပိုင်းသွင်းဂိုးတွေအတွက်လည်း စိုးရိမ်မှုလျော့စေခဲ့တာအမှန်ပါ။

လက်ကျန်မိနစ်တွေမှာ အဲဗာတန်အသင်းချေပဂိုးတွေအတွက် ကြိုးစားခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းက အကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့တာကြောင့် (၂-၀) ဂိုးရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲအပြီးမှာတော့ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် (၆)နေရာမှာရှိနေပြီး၊ အဲဗာတန်အသင်းကတော့ အဆင့် (၁၂)နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

မန်းရွှေစက်တော်ဘုရား ရွှေမိုက်ထုတ်ခြင်းမှ သန့်စင်ရွှေသား ၂၉ ကျပ်သားကျော် ရရှိ

ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲကာ လအတွင်းရရှိသည့် စွန့်ပစ်ရွှေလှောင်စက္ကူ များကိုပြာချပြီး သန့်စင်ရွှေသားထုတ်ယူမှု ပြုလုပ်ရာ သန့်စင်ရွှေသား ၂၉ ကျပ် သားကျော် ရရှိခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားမှ ရွှေမိုက်ထုတ်ခြင်းကို ယခုနှစ်တွင် မန္တလေး မဟာမုနိဘုရား တွင် နှစ်စဉ်ရွှေမိုက်ထုတ်ယူခြင်းဆောင်ရွက် ပေးသည့် မိုက်သူကြီး ဦးအောင်မိုးအဖွဲ့က သွားရောက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကာ  ရွှေမိုက်ထုတ်ယူခြင်းကို စက်တင်ဘာ ၁၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေစက်တော် ဘုရားပွဲကာလအတွင်း လှူဒါန်းသူတွေရဲ့ စွန့်ပစ်ရွှေလှောင်စက္ကူတွေကို စုထားပြီး ရွှေမိုက်ထုတ်ယူခဲ့တာပါ။ အရင်က ဘုရားဂေါပကအနေနဲ့ လေလံအပြတ် ရောင်းခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ကနေစပြီး ရွှေမိုက်ထုတ်ယူစုဆောင်းတာလုပ်ခဲ့တာ ဖြစ်တယ်။ မနှစ်ကလည်း ရွှေ ၂၀ ကျပ်သားကျော် ရခဲ့ပြီး ဒီနှစ်မှာ မနှစ်ကထက် ပိုရတယ်။ ဒါတောင် စုဆောင်းထားတဲ့ မိုက်ပစ္စည်းက ဘုရားကြီးလို အမျိုးအစားအများကြီးမဟုတ်ဘဲ ရွှေလှောင်စက္ကူတစ်မျိုးတည်းကပဲ ထုတ်ယူခဲ့တာဖြစ်ပါတယ်”ဟု မိုက်သူကြီး ဦးအောင်မိုးက ပြောကြားသည်။

သန့်စင်ရွှေသားထုတ်ယူခြင်းကို ဂေါပကအဖွဲ့က ပေးအပ်သည့် ရွှေလှောင်စက္ကူ အိတ် အလုံး ၃၀ အလေးချိန် ၁၃၇ ပိဿာ ၄၁ ကျပ်သား၊ ခြေတော်ရာအတွင်း မြေမှုန့် ခြောက်ပိဿာ လေးကျပ်သားကို မီးရှို့ ပြာချခဲ့ရာ ပြာ အလေးချိန် ၃၃ ပိဿာရရှိခဲ့ပြီး ယင်းပြာ ၃၃ ပိဿာကို ပေါင်းထိုးဘိုင်ကိုင်၍ မကျွတ်ရွှေ ထုတ်ယူခြင်းပြုလုပ်ရာတွင် မကျွတ်ရွှေ ၃၄ ကျပ် ခြောက်ပဲရရှိခဲ့ကြောင်း၊ မကျွတ်ရွှေအား မီးလင်းအဆင့်ရောက်အောင် ရွှေလှော်ခြင်း လုပ်ငန်းဆောင်ရွက်ရပြီး အပြီးသတ်တွင် သန့်စင်မီးလင်းရွှေသား ၂၉ ကျပ် ၉ ပဲ၂ ရွေးတိတိ ထုတ်လုပ်ရရှိခဲ့ကြောင်း သိရသည်။

 

အဝေးကွင်းမှာသရေကျပြီး ချယ်လ်ဆီးအသင်း နိုင်ပွဲဆက်မှုရပ်တန့်

ပရီးမီးယားလိဂ်ပွဲစဉ် (၆) တနင်္ဂနွေညရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ၀က်စ်ဟမ်းအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲမှာတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ (၅)ပွဲဆက်အနိုင်ရလဒ် ရပ်တန့်သွားခဲ့ပါတယ်။

မနေ့ကပွဲစဉ်မှာ ရမှတ်တူပြိုင်ဘက် လီဗာပူးလ်အသင်း (၆)ပွဲဆက်အနိုင်ရခဲ့တာကြောင့် ဆာရီဟာ ၀က်စ်ဟမ်းကွင်းမှာ နိုင်ပွဲရဖို့ကြိုးစားခဲ့ပေမယ့် ၀က်စ်ဟမ်းအသင်းရဲ့ ခံစစ်စုဖွဲ့မှုနဲ့ ကစားအားကိုတော့ ကျော်နိုင်ခြင်းမရှိပါဘူး။

တစ်ပွဲလုံးမှာ ချယ်လ်ဆီးအသင်း ဘောလုံးပိုင်မှု (၇၂%) အထိရှိခဲ့ပေမယ့် ထိရောက်တဲ့ဂိုးသွင်းခွင့်တွေ အများကြီးမရခဲ့သလို၊ ပွဲထွက်တိုက်စစ်မှူး ဂျရူးနဲ့ လူစားဝင်တိုက်စစ်မှူး မိုရာတာတို့ (၂)ဦးစလုံး ကွင်းလယ်ပိုင်းနဲ့ ချိတ်ဆက်မှုမှာ နားလည်မှုတွေလိုအပ်နေတုန်းပါပဲ။

အဓိကကစားသမား ဟာဇက် ဒီနေ့ပွဲမှာ အကောင်းဆုံးပုံစံကိုမပြနိုင်ခဲ့တာကလည်း ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဘက်မှာလည်း အဓိကကစားသမား အာနော်တိုဗစ်မပါ

ပွဲရဲ့အလှည့်အပြောင်းအခိုက်အတန့်တွေက ဒုတိယပိုင်းမှာဖြစ်ခဲ့ပြီး နှစ်သင်းစလုံး အခွင့်အရေးကောင်းတွေ ကိုယ်စီရခဲ့ပါတယ်။

မိုရာတာရဲ့ပိတ်သွင်းမှု ၀က်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီးရဲ့မျက်နှာကိုထိခဲ့လို့ ချယ်လ်ဆီးနစ်နာခဲ့သလို၊ ၀က်စ်ဟမ်းကွင်းလယ်လူ ယာမိုလန်ကိုရဲ့ တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်ခွင့်ဟာလည်း ဂိုးဘေးကထွက်ခဲ့လို့ ၀က်စ်ဟမ်းအတွက် ကံဆိုးခဲ့ရပါတယ်။

ပွဲပြီးခါနီးမှာ ချယ်လ်ဆီးအသင်းက ဟာဇက်၊ ၀ီလီယံတို့ရဲ့ကန်သွင်းမှုတွေကို ဖာဘီယန်စကီး ကာကွယ်နိုင်ခဲ့လို့လည်း ချယ်လ်ဆီးတို့ ဂိုးမရခဲ့တာပါ။

ဒီနေ့ပွဲစဉ်မှာ ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ဘောလုံးပေးပို့မှု အကြိမ် (၁၈၀)အထိပြုလုပ်ခဲ့ပြီး ဒါဟာ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအတွင်း ကစားသမားတစ်ဦးရဲ့အကြိမ်အများဆုံး ဘောလုံးပေးပို့မှုလည်းဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းနဲ့ ရမှတ်တူအဆင့်(၃)နေရာအထိ ဆင်းပေးခဲ့ရပါတယ်။

MNL အမှတ်ပေး ချန်ပီယံဆုကို ရန်ကုန်အသင်း ငါးကြိမ်မြောက် ရယူ

၂၀၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ရာသီပိတ်ပွဲစဉ် (၂၂) ဒုတိယနေ့ကို စက်တင်ဘာ ၂၃ ရက်က ကျင်းပရာ ထိပ်ဆုံးမှ ရန်ကုန်အသင်း အိမ်ကွင်း၌ ဂိုးပြတ်နိုင်ပွဲရယူပြီး အမှတ်ပေးချန်ပီယံဖြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အသင်းသည် ပြီးခဲ့သည့်ရာသီ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ တစ်မှတ်အကွာဖြင့် ဖိအားပေးမှု ခံခဲ့ရသော်လည်း နောက်ဆုံးပွဲတွင် အမှားအယွင်းမရှိ အနိုင်ရသောကြောင့် ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အသင်းသည် ၂၀၁၆၊ ၂၀၁၇ နှစ်ရာသီဆက်တိုက် ဖလားလက်မဲ့ကြုံတွေ့ခဲ့ခြင်းကို ယခုရာသီတွင် အဆုံးသတ်နိုင်ခဲ့ပြီး MNL အမှတ်ပေး ချန်ပီယံဆုကို ငါးကြိမ်မြောက် ရယူနိုင်ခဲ့သည်။

ရန်ကုန်အသင်းသည် Southern အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့ပြီး အနိုင်ဂိုးများကို ကျော်ဇင်ဦးက နှစ်ဂိုး၊ မောင်မောင်လွင်နှင့် စိုးမင်းနိုင်က တစ်ဂိုးစီ သွင်းယူခဲ့သည်။ ရန်ကုန်နှင့် Southern ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ပထမ ဆုရ ရန်ကုန်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဆုကြေး ကျပ်သိန်း ၁၀၀၀ နှင့် ချန်ပီ ယံဆုဖလားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိ သူများက ပေးအပ်ချီးမြှင့်သည်။ အခြားပွဲများတွင် ရှမ်းယူနိုက်တက် အသင်းက မြ၀တီအသင်းကို (၂-၁) ဂိုး၊ ဟံ သာဝတီအသင်းက ဧရာဝတီအသင်းကို (၅-၀) ဂိုး၊ ရတနာပုံအသင်းက စစ်ကိုင်းအသင်း ကို (၃-၀) ဂိုး၊ ရခိုင်အသင်းက မကွေးအသင်း ကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရန်ကုန်အသင်းသည် အမှတ်ပေးချန်ပီယံဆုကို ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅ နှင့် ၂၀၁၈ ရာသီတို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအာဏာရှင်သာ ပြန်လည်ရွေးကောက်ခံရနိုင်သည့် မော်လ်ဒိုက် ရွေးကောက်ပွဲများ ကျင်းပ

စက်တင်ဘာ ၂၃ ရက်က မော်ဒိုက်ဗ်ရွေးကောက်ပွဲနေ့တွင် မဲထည့်နေသော သမ္မတ အဗ္ဗဒူလာယာမင် (Photo – AFP)

သဲဖြူကမ်းခြေများနှင့် ပင်လယ်ရေ ပြာပြာတို့ကြောင့် လူသိများသော မော်လ်ဒိုက်နိုင်ငံတွင်  စက်တင်ဘာ ၂၃ ရက်က အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲသည် တရုတ်နှင့် ရင်းနှီးမှုရှိသော အာဏာရှင် အဗ္ဗဒူလာယာမင် ပြန်လည်အနိုင်ရမည့် လှည့်ကွက်လုပ်ငန်းစဉ် တစ်ခုဖြစ်နေမည့်အပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

အဓိကပြိုင်ဘက်များအားလုံးကို ထောင်ချခြင်း၊ ပြည်ပသို့ နှင်ထုတ်ခြင်းတို့ လုပ်ဆောင်ထားသည့် ယာမင်သည် အိန္ဒိယသမုဒ္ဒရာ ကျွန်းနိုင်ငံ၏ အာဏာကို ဆက်လက်ထိန်း သိမ်းထားနိုင်မည်ဟု မျှော်မှန်းရသည်။ နိုင်ငံခြားမှ စောင့်ကြည့်သူများ၊ အတိုက်အခံများကမူ သဘောထားကွဲလွဲသူများ၊ မီဒီယာများအပေါ် ယာမင်အစိုးရ၏ နှိမ်နင်းမှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်နေကာ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုရန် တိုက်တွန်းနေကြသည်။

မဲရုံများမဖွင့်မီကလည်း ရဲများသည် အတိုက်အခံပါတီ MDP ၏ မဲဆွယ်စည်းရုံးရေး ဌာနချုပ်အား ၀င်စီးခဲ့ကြသည်။ တရားမ၀င် လုပ်ရပ်များကို ရပ်တန့်ရန်ဟုဆိုကာ နာရီပေါင်းများစွာ ရှာဖွေခဲ့ကြခြင်းဖြစ်ပြီး ဖမ်းဆီးမှု မရှိခဲ့ပေ။ အစိုးရက နှိမ်နင်းမှုအများအပြား ရှိနေသော်လည်း ရာပေါင်းများစွာသော မော်လ်ဒိုက်နိုင်ငံသားများသည် မဲရုံမဖွင့်မီကတည်း မဲပေးရန် လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

ယာမင်သည် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် တရုတ်ထံမှ ဒေါ်လာသန်းပေါင်း ရာနှင့်ချီ ချေးငှားနေသဖြင့် မော်လ်ဒိုက်အား ကာလရှည်ကြာ ထောက်ပံ့လာခဲ့သော အိန္ဒိယကို စိုးရိမ်စေလျက်ရှိသည်။ နိုင်ငံရေးအခြေအနေများ တိုးတက်လာမှုမရှိပါက ပိုင်ဆိုင်မှုများနှင့် ခရီးသွားလာခွင့်များကို ပိတ်ပစ်ရန် အသင့်ရှိဟု ဥရောပသမဂ္ဂက သတိပေးထားပြီး အမေရိကန်ကလည်း ကျွန်းပေါင်း ၁၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် မော်လ်ဒိုက်နိုင်ငံ၏ ဒီမိုကရေစီ ယုတ်လျော့စေရန်လုပ်ဆောင်သူများကို သင့်လျော်သည့် အရေးယူမှုများ ချမှတ်မည်ဟု သတိပေးနေသည်။ မဲပေးခွင့်ရှိသူ ၂၆၂,၀၀၀ ရှိသော ယခု ရွေးကောက်ပွဲတွင် နိုင်ငံခြားမီဒီယာ လက်တစ်ဆုပ်စာကိုသာ ၀င်ခွင့်ပြုခဲ့ပြီး အမှီအခိုကင်းသော နိုင်ငံတကာ စောင့်ကြည့်သူများကိုမူ ပိတ်ပင်ထားခဲ့သည်။

Ref ; AFP

ငွေကြေးတန်ဖိုးကျဆင်းနေစဉ် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ စတင်

စက်တင်ဘာ ၂၃ ရက်က မဲဆွယ်စည်းရုံးမှု တရားဝင်စတင်ပွဲ၌တွေ့ရသော ၀ိဒိုဒို (ယာ)နှင့် ၎င်း၏တွဲဖက် (၀ဲ) တို့အား တွေ့ရစဉ် (Photo – AFP)

လာမည့်နှစ် ဧပြီလတွင် ကျင်းပမည့် အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကို စက်တင်ဘာ ၂၃ ရက်က စတင်လိုက်ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဒီမိုကရေစီ နိုင်ငံကို ဦးဆောင်ရန် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုသည် စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဝီဒိုဒိုသည် ၎င်း၏ လက်တွေ့ဆန်သောပုံစံနှင့် အခြေခံအဆောက်အအုံနှင့်ပတ်သက်ပြီး ရည်မှန်းချက်ကြီးမားမှုများကြောင့် အင်ဒိုနီးရှားများကြားတွင် ရေပန်းစားသူဖြစ်သည်။ လူထုသဘောထား စစ်တမ်းများတွင်လည်း ၀ီဒိုဒိုသည် ၎င်းင်း၏အဓိကယှဉ်ပြိုင်ဘက်ဖြစ်သော ပရာဘိုဝို ဆူဘီယန်တိုထက်များစွာ ရှေ့ရောက်သည်။

သို့သော် ဒုတိယသက်တမ်းဆက်လက် ထမ်းဆောင်ခွင့်ရရှိရန် ၀ီဒိုဒို၏ ကြိုးပမ်းမှုသည် အင်ဒိုနီးရှား ငွေကြေးတန်ဖိုး ကျဆင်းနေခြင်းနှင့်အတူ ၎င်းင်း၏စီးပွားရေး မှတ်တမ်းရာဇ၀င်ကြောင့် လေဆန်နှင့် ကြုံနေရသည်။ ထို့အတူ ၀ီဒိုဒို ပြန်လည်ရွေးကောက်ခံရရေးကို သတင်းတုများဖြင့် လှုံ့ဆော်စည်းရုံးမှုများက ဖျက်လိုဖျက်ဆီး လုပ်ကြမည့်အပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ငွေကြေးတန်ဖိုးသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက အာဏာရှင် ဆူဟာတိုခေတ်နောက်ပိုင်း မကြုံစဖူး အခြေအနေအထိ ကျဆင်းနေခဲ့သည်။ ထို့အတူ ၀ီဒိုဒိုသည် ၎င်းမှာ တရုတ်ဖြစ်သည်၊ ခရစ်ယာန်ဖြစ်သည်၊ တရားမ၀င်အင်ဒိုနီးရှား ကွန်မြူနစ်ပါတီအဖွဲ့ဝင်ဖြစ်သည်ဟူ၍ ကောလာဟလများ လွှင့်ခံရသည့် ဒဏ်များကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသူဖြစ်သည်။

မဲပေးခွင့်ရှိသူ ၁၈၆ သန်း ရှိပြီး ကမ္ဘာ့အကြီးဆုံး မွတ်စလင်လူများစုနေထိုင်ရာ အင်ဒိုနီးရှားတွင် ဧပြီ ၁၇ ရက်နေ့၌ သမ္မတရွေးကောက်ပွဲနှင့်အတူ အမျိုးသားနှင့် ဒေသဆိုင်ရာ ပါလီမန်ရွေးကောက်ပွဲများလည်း ကျင်းပမည် ဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်က ဂျကာတာတွင် ကျင်းပခဲ့သော တရားဝင် မဲဆွယ်စည်းရုံးမှု စတင်ပွဲအခမ်းအနားသို့ ၀ီဒိုဒိုနှင့် ပရာဘိုဝို နှစ်ဦးစလုံးက ရိုးရာအင်ဒိုနီးရှားဝတ်စုံများ ၀တ်ဆင်ကာ တက်ရောက်လာကြသည်။ နှစ်ဦးစလုံးက လူမျိုးရေးနှင့်ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမချဘဲ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်ပြိုင်ကြမည်ဟု ကတိပြုခဲ့သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများသည် စီးပွားရေး၊ မညီမျှမှု၊ သည်းခံနိုင် စွမ်းလျော့နည်းလာမှုအစရှိသည့် အကြောင်းများအပေါ် ပစ်မှတ်ထားဖွယ်ရှိသည်ဟု လေ့လာသူများက ပြောနေကြသည်။

ဂျိုကိုဝီအဖြစ် လူသိများသော ၀ီဒိုဒိုသည် ၎င်းနှင့်အတူ ရွေးကောက်ပွဲဝင်ရန် ရှေးရိုးစွဲ အစ္စလာမ္မစ်ဘာသာရေးဆရာ မာရက်အမင်ကို သြဂုတ်လကရွေးချယ်ခဲ့သဖြင့် အင်ဒိုနီးရှားအများအပြားကို အံ့သြစေခဲ့သည်။ အသက် ၇၅ နှစ်အရွယ် အမင်သည် နိုင်ငံ၏ ထိပ်တန်း အစ္စလာမ္မစ်အာဏာပိုင်အဖွဲ့အစည်းဖြစ်သော Indonesian Ulema Council (MUI) ၏ ဥက္ကဋ္ဌဖြစ်ပြီး လူနည်းစုမျိုးနွယ်များအပေါ် မတရားချိုးနှိမ်မှုရှိသော အယူအဆများကြောင့် လူသိများသည်။

လူဦးရေ သန်း ၂၆၀ ကျော်ရှိသော အင် ဒိုနီးရှားနိုင်ငံထဲမှ ရာခိုင်နှုန်း ၉၀ သည် သ ဘောထားအလယ်အလတ်ရှိသော အစ္စလာမ် ဘာသာဝင်များဖြစ်ကြသည်။ သို့သော် နိုင်ငံ ထဲတွင် ရှေးရိုးစွဲအယူအဆများ လျင်မြန်စွာ ကြီးထွားလာသဖြင့် စိုးရိမ်မှုများရှိနေသည်။

ပရာဘိုဝိုမှာမူ ဂျကာတာဒုတိယ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး စီးပွားရေးသမားတစ်ဦးဖြစ်သည့် ဆန်ဒီယာဂါအူနိုနှင့် လက်တွဲကာ ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။

၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင်လည်း ၀ီဒိုဒိုကို ရှုံးခဲ့သည့် ပရာဘိုဝီသည် ၁၉၉၈ ခုနှစ်က ကျောင်းသားဆန္ဒပြမှုများအတွင်း  အာဏာရှင်ဆူဟာတို ဖြုတ်ချမခံရမီ ကသောင်းကနင်းကာလက ထိပ်ပိုင်းစစ်တပ်အရာရှိ တစ်ဦးဖြစ်ခဲ့သည်။

ဆူဟာတို ပြုတ်ကျပြီးနောက်ပိုင်းတွင် ပရာဘိုဝိုက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို ပြန်ပေးဆွဲရန် ညွှန်ကြားခဲ့ကြောင်း ၀န်ခံခဲ့ပြီးနောက်ပိုင်း စစ်တပ်မှ ထုတ်ခံခဲ့ရသူ ဖြစ်သည်။

Ref ; AFP

Lethwei Nation မြန်မာ-ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲတွင် ရဲသွေးနီ တစ်ဦးသာ အနိုင်ရ

Lethwei Nation မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ မြန်မာ-ထိုင်း တွဲ ဆိုင်းများတွင် ရဲသွေးနီတစ်ဦးတည်းသာ အလဲထိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

Photo – ကောင်းထက်အောင်

ယခုပွဲစဉ်တွင် တွဲဆိုင်းစုစုပေါင်း ရှစ် ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာ-ထိုင်း တွဲဆိုင်း သုံးဆိုင်းပါဝင်ခဲ့သည်။ စောဖိုးထွန်း (မြန်မာ)နှင့် ရောဝီထရာ (ထိုင်း) တို့၏ တွဲ ဆိုင်းမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဖျော်ဖြေမှုအပြည့်ပေးနိုင်သော်လည်း လေးချီမြောက် တွင် ရောဝီထရာ၏ တံတောင်ရိုက်ချက် ကြောင့် စောဖိုးထွန်း နဖူးကွဲဒဏ်ရာရရှိပြီး ဆေးရှုံးဖြင့် အရှုံးပေးခဲ့ရသည်။

Photo – ကောင်းထက်အောင်

ရဲသွေးနီ (မြန်မာ) နှင့် ခင်မိုးအင်တာမန်း (ထိုင်း) တို့၏ ပွဲစဉ်တွင် ရဲသွေးနီက လက်ရည်အသာဖြင့် အစီးထိုးနိုင်ခဲ့ပြီး ပထမအချီမှာပင် ခင်မိုး အင်တာမန်း အနားတောင်းခဲ့ရသည်။ လက် ကျန်မိနစ်များ ဆက်လက်ထိုးသတ်ခဲ့ရာ ရဲ သွေးနီက ၀ဲယာပင့်လက်သီးတွဲလုံးများဖြင့် အလဲထိုးကာ အနိုင်ရခဲ့သည်။မြန်မာကိုယ်စားပြု ထိုးသတ်သည့် ခနဲ ကို (ဂျပန်) နှင့် ဖစ်တို့၏ပွဲစဉ်တွင် မွေထိုင်း လက်ဝှေ့သမား ဖစ်က လက်ရည်အသာဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ပထမအချီမှာပင် ဒူးတိုက် ချက်ဖြင့် အလဲထိုးအနိုင်ရခဲ့သည်။

Photo – ကောင်းထက်အောင်

၄၈ ကီလို တန်း ဆီမီးဖိုင်နယ်တွင် ချစ်ဆူးငယ်က စော ထွန်းငယ်ကို အမှတ်ဖြင့်လည်းကောင်း၊ သန့် စင်ထူးက ထက်လင်းဦးကို အမှတ်ဖြင့်လည်း ကောင်း အနိုင်ရခဲ့သည်။

Photo – ကောင်းထက်အောင်

၇၅ ကီလိုတန်းဆီမီးဖိုင်နယ်တွင် စိုးမောင်ဦးက ထွန်းလင်း ခန့်ကို ဒုတိယအချီတွင် အလဲထိုးခဲ့ပြီး စော ဆ၀ါးကလည်း ထွန်းတောက်ကြယ်ကို ဒုတိယ အချီမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ အမျိုးသမီးစိန်ခေါ်တွဲဆိုင်းတွင် နော်ဥမ္မာ စိုးနှင့် စုလှိုင်ဦးတို့ ပူးတွဲသရေရလဒ်ဖြင့် ပြီး ဆုံးခဲ့သည်။

Photo – ကောင်းထက်အောင်

အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ကမ္ဘာ့အကြီးဆုံး ကျန်းမာရေး စီမံကိန်းကြီးကို စတင်

ဇွန်လက စင်ကာပူတွင် ပြုလုပ်သည့် အာရှလုံခြုံရေးထိပ်သီးအတွင်း မိန့်ခွန်းပြောနေသော ၀န်ကြီးချုပ်မိုဒီ (Photo – AFP)

အိန္ဒိယနိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်က ကမ္ဘာ့အကြီးဆုံးကျန်းမာရေးအာမခံ အစီအစဉ်ကြီးတစ်ခုကို စတင်ခဲ့သည်။ ၀န်ကြီးချုပ် နရင်ဒရာမိုဒီ၏ ပြောကြားချက်အရ ယင်းအစီအစဉ်သည် ဆင်းရဲချို့တဲ့သူ သန်း ၅၀၀ ကို လွှမ်းခြုံနိုင်လိမ့်မည်ဟု သိရသည်။

‘Modicare’ ဟု အမည်ပေးထားသော ထိုအစီအစဉ်သည် ဆင်းရဲသော မိသားစုတိုင်းအတွက် ပြင်းထန်သည့် နာမကျန်းဖြစ်မှုများအားကုသရန် ရူပီး ၅၀၀၀၀၀ ( ဒေါ်လာ ၆၉၀၀) ပံ့ပိုးပေးနိုင်ရန် လုံလောက်သည်ဟု သိရသည်။

Modicare သည် ဗဟိုအစိုးရနှင့် ပြည် နယ်အစိုးရ ၂၉ ခုကို နှစ်စဉ်စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကုန်ကျစေမည် ဖြစ်သည်။ ရန်ပုံငွေမှာမူ လိုအပ်ချက်ပေါ်လိုက်၍ တစ်ဖြည်းဖြည်းတိုးမြှင့်သွားမည်ဟု သိရသည်။ နိုင်ငံအရှေ့ပိုင်း ဂျဟတ်ဟန်ပြည်နယ်၏ မြို့တော်ရန်ချီတွင် Mpdocare အစီအစဉ်စတင်ခြင်း အခမ်းအနားအတွင်း မိုဒီက ကျန်းမာရေးကတ်များကို ဝေပေးခဲ့သည်။

ယခုအစီအစဉ်သည် အိန္ဒိယနိုင်ငံထဲမှ ချို့တဲ့သူများကို အရည်အသွေးကောင်းမွန်ပြီး ဆက်သွယ်ရလွယ်ကူသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပံ့ပိုးပေးနိုင်ရေးအတွက် ကြီးမားသည့် ခြေလှမ်းကြီးတစ်ခုဖြစ်သည်ဟု မိုဒီကခေါ်ဆိုခဲ့ပြီး မိသားစုပေါင်းသန်း ၁၀၀ ကျော်အတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

ဝန်နှင့်အားမမျှဖြစ်နေသည့် အိန္ဒိယ၏ ကျန်းမာရေးစနစ်ထဲတွင် ဆေးရုံနှင့် ဆရာဝန်မလောက်ငှမှုများနှင့် ကြုံနေရသည်။ ထို့ကြောင့် လူအများစုသည်တတ်နိုင်ပါက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကိုသာ အားကိုးနေရသည်။ သို့သော် ပုဂ္ဂလိကဆရာဝန်များ နှင့် ကျန်းမာရေးဆွေးနွေးခသည် ရူပီး ၁၀၀၀ ( ၁၅ ဒေါ်လာ) ၀န်းကျင်ကျသင့်သည်။ ယင်း ငွေပမာဏသည် တစ်နေ့အသုံးစရိတ် နှစ်ဒေါ်လာပင်မပြည့်သော လူသန်းပေါင်းများစွာအတွက် များပြားလှသော ငွေပမာဏကြီး ဖြစ်နေသည်။

ကျွမ်းကျင်သူများက မိုဒီ၏ ယခုအစီအစဉ်နှင့်ပတ်သက်ပြီး ချီးမွမ်းခဲ့ကြသည်။ သို့သော် ယင်းအစီအစဉ်သည် ပြင်းထန်ပြီး နာတာရှည်ဖြစ်သော ရောဂါများအား ကုသပေးရေးထက် နေ့စဉ်အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပါဝင်သင့်သည်ဟု ထောက်ပြကြသည်။ “Mpdocare အစီအစဉ်ထဲမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှု မပါဝင်ပါဘူး။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဟာ အိန္ဒိယပြည်သူ့ကျန်းမာရေး ပံ့ပိုးမှုမှာ အားအနည်းဆုံး အချိတ်အဆက် ဖြစ်ပါတယ်” ဟု စောင့်ကြည့်သူတစ်ဦးက ပြောကြားခဲ့သည်။

Ref ; AFP

ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးကို ဆက်သွယ်ထားသည့် ကျည်ဆန်ရထားလိုင်းသစ် စတင်ပြေးဆွဲ

စက်တင်ဘာ ၂၃ ရက်က ဟောင်ကောင်-ပြည်မကြီးကျည်ဆန်ရထား ပထမဆုံးပြေးဆွဲသည့်နေ့အတွင်း လိုက်ပါစီးနင်းကြသူများ (Photo- AFP)

ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးကို ဆက်သွယ်ထားသော ကျည်ဆန်ရထားလိုင်းသစ်ကို စက်တင်ဘာ ၂၃ ရက်က စတင်ပြေးဆွဲခဲ့သည်။ ဒေါ်လာ ၁၁ ဘီလျံတန်ဖိုးရှိ ထိုစီမံကိန်းသည် ဟောင်ကောင်နယ်မြေထဲမှ  နေရာတစ်စိတ်တစ်ပိုင်းကို ပိုမိုရန်လိုလားသည့် တရုတ်အစိုးရထံသို့ ပေးလိုက်ရခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ပြောနေကြသည်။

ကွမ်ကျိုး-စင်ကျင်-ဟောင်ကောင် ရထားလမ်းစီမံကိန်းကြောင့် ဟောင်ကောင်ဆိပ်ကမ်းဒေသ West Kowloon ရှိ ရထားလမ်းဆုံးဘူတာသို့ တရုတ်ပြည်မကြီးမှ လူဝင်မှုကြီးကြပ်ရေးအရာရှိများ လာရောက်ရုံးထိုင်ကြပြီး ထိုဘူတာကိုလည်း တရုတ်ဥပဒေက လွှမ်းမိုးထားမည်ဖြစ်သည်။ မကြုံစဖူးဖြစ်သော ယင်းဖြစ်စဉ်ကြောင့် ဝေဖန်သူအချို့က ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုထိပါးခံလာရသည်ဟု ပြောနေကြသည်။

Basic law ဟုခေါ်သော ဟောင်ကောင်ဖွဲ့စည်းပုံအခြေခံဥပဒေငယ်ကြောင့် တရုတ်အမျိုးသားဥပဒေသည် သတ်မှတ်ထားသော ဧရိယာအချို့မှလွဲပြီး ဟောင်ကောင်မြို့ပေါ်သို့ (ကာကွယ်ရေး အပါအ၀င်) သက်ရောက်ခြင်း မရှိပေ။

ယခုကျည်ဆန်ရထားစီမံကိန်းသည် Greater Bay Area ဟုအမည်ပေးထားပြီး တရုတ်မြို့ကိုးမြို့ ပါဝင်ကာ ပုလဲမြစ်ဝှမ်း၏ ကျယ်ပြန့်လှသော ကုန်တွင်းပိုင်းဒေသကြီး တစ်ခုထဲသို့ ဟောင်ကောင်အား ဆွဲသွင်းရန် တရုတ်အစိုးရ၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ဝေဖန်သူများက ပြည်မကြီးဇုန်ထဲတွင် ခရီးသည်များ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေခဲ့ကြသော်လည်း ခရီးသည်များမှာမူ တရုတ်ပြည်မကြီးထဲသို့ မိနစ် ၂၀ တည်းနှင့် ရောက်သွားနိုင်သော ရထားလိုင်းအတွက် မျှော်လင့်ချက်အပြည့် ဖြစ်နေကြသည်။

တရုတ်တောင်ပိုင်းမြို့ စင်ကျင်သို့ ထွက်ခွာမည့် ပထမဆုံးနံနက် ၇ နာရီ ရထားအားစီးရန် ဟောင်ကောင်ရထားလမ်းဆုံးဘူတာတွင် လူရာပေါင်းများစွာ လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

တစ်နာရီ အမြန်နှုန်းကီလိုမီတာ ၂၀၀  (၁၂၅ မိုင်) ရှိသော ကျည်ဆန်ရထားများသည် လက်ရှိ ရှိနှင့်ပြီးသား နယ်စပ်ဖြတ်ကျော် ရထားလိုင်းများထက်များစွာ ပိုမြန်သည်။ ပေကျင်းသို့ ခရီးစဉ်မှာမူ ယခင်က ၂၄ နာရီကြာ မြင့်ရာမှာ ယခုဆိုလျှင် ကိုးနာရီသာကြာတော့မည် ဖြစ်သည်။

ကြာချိန်သက်သာသော်လည်း ရထားလက်မှတ်မှာ ဈေးနှုန်းကြီးမြင့်ပြီး ၀ယ်ယူရသည့် စနစ်မှာလည်း အဆင်မပြေလှကြောင်း Mr. Kwok အမည်ရှိ ခရီးသည်တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းသည် တနင်္ဂနွေရထား လက်မှတ်ကို ၀ယ်ယူရန်လေးနာရီကြာ တန်းစီလိုက်ရသည်ဟု သိရသည်။

စင်ကျင်သို့ ဒုတိယတန်းလက်မှတ်တစ်စောင်သည် ဟောင်ကောင်ဒေါ်လာ ၈၆ (အမေရိကန်ဒေါ်လာ ၁၁) ကျသင့်ပြီး ကွမ်ကျိုးသို့သွားလျှင် ဟောင်ကောင်ဒေါ်လာ ၂၄၇၊ ပေကျင်းသို့သွားလျှင် ဟောင်ကောင် ဒေါ်လာ ၁၂၃၇ ကျသင့်မည် ဖြစ်သည်။

ဟောင်ကောင်သားများအနေနှင့် တရုတ်ဥပဒေလွှမ်းမိုးမှုရှိသော ဇုန်နေရာများထဲတွင် မည်သို့ ပြုမူနေထိုင်ရမည်ဆိုခြင်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများစွာလည်း ဖြစ်ပေါ်နေသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ပြည်မကြီးထဲတွင် အသုံးပြုခွင့် ပိတ်ထားသော Facebook ၊ Twitter တို့အား အသုံးပြုခြင်း သို့မဟုတ် နိုင်ငံရေးစာသားများပါသော အင်္ကျီများကို ၀တ်ဆင်ခြင်းတို့ကြောင့် အပြစ်ပေးခံရမည်လား အစရှိသဖြင့် မေးခွန်းထုတ်နေကြခြင်း ဖြစ်သည်။

အေအက်ဖ်ပီသတင်းဌာနမှ ဂျာနယ်လစ်များကမူ တရုတ်ဥပဒေလွှမ်းမိုးထားသော ဘူတာထဲတွင် စက်တင်ဘာ ၂၃ ရက်က လူမှုမီဒီယာများ၊ ၀က်ဆိုက်များသို့ ၀င်၍ရနေခဲ့ပြီး ပြည်မကြီးမှ Wifi ကို အသုံးပြု၍ ၀င်လျှင်ပင် ရနေခဲ့ကြောင်း သိရသည်။ ရထားပေါ်တွင်မူ စင်ကျင်သို့ ဖြတ်ကျော်လာသည်နှင့်တစ်ပြိုင်နက် ခရီးသည်များသည် Wifi ရရှိရန်အတွက် မှတ်ပုံတင်ပြီးသား တရုတ်မိုဘိုင်းနံပါတ်တစ်ခုခု သို့မဟုတ် WeChat အကောင့်သို့ ပြောင်းလဲရမည် ဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်မှာပင် နံနက်ပိုင်းရထားဖြင့် ဟောင်ကောင်သို့ ရောက်ရှိလာသော ပြည်မကြီးမှခရီးသည်များကို ‘I Love Hong Kong’ ဟုရေးထားသော မက်ခွက်များ၊ ဟောင်ကောင်မှ ကြိုဆိုကြောင်း ရေးထားသည့် သင်္ကေတများဖြင့် နှုတ်ဆက်ခဲ့ကြသည်။

“အရမ်းကို မြန်တာပဲ။ ခရီးစဉ်ကလည်း အရမ်းသက်သောင့်သက်သာ ရှိပါတယ်” ဟု ဟောင်ကောင်သို့ ပထမဆုံးရောက်လာခြင်း ဖြစ်သည်ဟုဆိုသော အသက်  ၆၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

Ref ; AFP

မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအထက်ပိုင်းတွင် မည်သည့်ရောဂါမှန်းမသိဘဲ ကျွဲအကောင်ရေ ရာနှင့်ချီ သေဆုံးမှုဖြစ်ပွား

မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအထက်ပိုင်းတွင် မည်သည့်ရောဂါမှန်းမသိဘဲ သေဆုံးနေသည့် ကျွဲများအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းကြည်)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအထက်ပိုင်းတွင် ကျွဲအကောင်ရေ ရာနှင့်ချီပြီး သေဆုံးမှု ယခုလပိုင်းအတွင်း ဖြစ်ပွားနေကြောင်း သိရပြီး  ယင်းသေဆုံးမှုသည် မည်သည့်အတွက်ကြောင့် သေဆုံးသည်ဆိုသည်ကို ဒေသခံများ မသိရှိရသေးကြောင်း ပြောဆိုကြသည်။

ယင်းဒေသအတွင်း လယ်ပြီးသည်နှင့် ကျွဲများကို တောင်ပေါ်တွင် လွှတ်တင်ထားပြီး တစ်ပတ်တစ်ကြိမ်ခန့်သာ သွားရောက်စစ်ဆေးလေ့ရှိကြောင်း၊ ယင်းသို့သွားရောက်စဉ်တွင် ဟိုနေရာတစ်ကောင်၊ သည်နေရာနှစ်ကောင် စသည်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ တချို့သော ကျွဲများမှာ ပုပ်ပွကာ အသားများမရှိတော့သည့် အနေအထားကိုလည်းတွေ့ရကြောင်း၊ ပြင်ပဒဏ်ရာဒဏ်ချက် တစ်ခုမှ မတွေ့ရသဖြင့် ရောဂါတစ်ခုကြောင့်သာ သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

အိုးပျဉ်တောင်ကျေးရွာမှာ ကျွဲ ၁၁ ကောင် သေဆုံးခဲ့သူ ဦးသန်းနိုင်က “ကျွန်တော်တို့ အိုးပျဉ်တောင်ကျေးရွာ တစ်ခုတည်းမှာတောင် အကောင် ၆၀ လောက် သေသွားပြီ။ ဘာကြောင့်သေတယ်ဆိုတာ ကျွန်တော်တို့ မပြောတတ်ဘူး။ ကျွဲတွေကို ရွာနဲ့ဆိုရင် မိုင် ၂၀ လောက်ဝေးတယ်။ မဂိုချောင်းလို့ခေါ်တဲ့ နေရာမှာ ကျွဲတွေကို လွှတ်တင်ထားတယ်။ တစ်ပတ်လောက်မှ တစ်ခါသွားကြည့်တာဆိုတော့ ဟိုနေ့ တစ်ကောင်သေ၊ နှစ်ကောင်သေဆိုတာမျိုးကို တွေ့တယ်။ အဓိက အကောင်ကြီးတွေ သေတာများတယ်။ ရောဂါတစ်ခုဖြစ်ပြီး သေတာလို့ သုံးသပ်မိတယ်။ သေဆုံးတဲ့အခါမှာလည်း လျှာတွေထွက်ပြီး သေဆုံးနေတာကို တွေ့ရတယ်။ သေဆုံးနေတဲ့နေရာတွေကို လိုက်လံကြည့်တော့ တစ်မိုင်ပတ်လည်မှာ သေဆုံးနေတာတွေကို တွေ့ရတယ်။ လည်ပင်းရောင်တဲ့ လက္ခဏာလိုမျိုးလည်း တွေ့ရတယ်။ ဒါကြောင့် သက်ဆိုင်ရာဌာနအနေနဲ့ အမြန်ဆုံး စစ်ဆေးပေးစေလိုပါတယ်။ ကျွဲပိုင်ရှင်တွေ ကလည်း စိုးရိမ်နေကြတယ်။ ဒါက တခြားရွာတွေရဲ့စာရင်းကို ကောက်ယူထားတာ မဟုတ်တဲ့အတွက် အကောင်ရေ ဘယ်လောက်ဆိုတာ ပြောဖို့ခက်ပါတယ်။ ကျွန်တော့်မှာလည်း ၁၁ ကောင် သေဆုံးသွားတယ်” ဟု ပြောကြားသည်။

လက်ရှိအနေအထားတွင် ကျွဲနွားများနှင့်ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာအဖွဲ့များ လာရောက်စစ်ဆေးခြင်း မရှိသေးကြောင်း၊ ကျွဲပိုင်ရှင်များအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း၊ ကျွဲတစ်ကောင်၏ တန်ဖိုးမှာ  ကျပ်ကိုးသိန်းမှ ၁၀ သိန်းအထိရှိသဖြင့် ဆုံးရှုံးနစ်နာမှုများရှိနေကြောင်း လယ်သမားများက ပြောဆိုကြသည်။