ချယ်လ်ဆီးလူငယ်တိုက်စစ်မှူး အေဘရာဟမ် တစ်ရာသီအငှားဖြင့် အက်စတွန်ဗီလာသို့ ပြောင်းရွှေ့

ချယ်လ်ဆီးအသင်း၏အင်္ဂလန်လူငယ်တိုက်စစ်မှူး အေဘရာဟမ်သည် လိဂ်ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းသို့ တစ်ရာသီ အငှားဖြင့် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။

 

Photo: Aston Villa FC Twitter

အသက်(၂၀)အရွယ်သာရှိသေးသည့် အေဘရာဟမ်သည် ချယ်လ်ဆီးအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကြီးအတွက်
(၂)ပွဲသာပါဝင်ကစားခွင့်ရခဲ့ကာ ၂၀၁၆-၁၇ ဘောလုံးရာသီက လိဂ်ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်စီးတီးအသင်းသို့လည်းကောင်း၊ ပြီးခဲ့သည့်ရာသီက ဆွမ်ဆီးအသင်းသို့လည်းကောင်း အငှားသွားရောက်ကစားခဲ့ရသူဖြစ်သည်။

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက အေဘရာဟမ်အား အသင်း၌ရှိနေရန်လိုလားသော်လည်း ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အငှားသွားရောက်ကစားခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

အင်္ဂလန်အသင်းအတွက် (၂)ပွဲပါဝင်ကစားခွင့်ရထားသည့် အေဘရာဟမ်နှင့်ပတ်သက်ပြီး ဆာရီက ” လက်ရှိအချိန်မှာ ပွဲထွက်ခွင့်နဲ့ပတ် သတ်ပြီး သူ့ကို အာမခံချက်မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ အသင်းမှာ သူရှိနေမယ်ဆိုရင်တော့ ကျွန်တော်ပျော်ရွှင်မိမှာပါ။ တိုက်စစ်မှူးတစ်ဦးအနေနဲ့တော့ သူဟာ အရမ်းငယ်ရွယ်လွန်းပါသေးတယ်။ သူက အများကြီးတိုးတက်လာနိုင်တဲ့သူပါ” ဟုပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ရွှေ့ပြောင်းနေထိုင်သူများ နေစရာရရှိနိုင်ရေးအတွက် နှစ်ရှည်ချေးငွေစနစ်ဖြင့် အိမ်ရာစီမံကိန်း ဆောင်ရွက်နိုင်ရန်စီစဉ်

ရန်ကုန်တိုင်းအတွင်း ရွှေ့ပြောင်းနေထိုင်သူများ နေစရာရရှိနိုင်ရေးအတွက် နှစ်ရှည်ချေးငွေစနစ်ဖြင့် အိမ်ရာစီမံကိန်း ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီနေရာမှာ နေစရာအခက်အခဲ ဖြစ်နေသူတွေကတော့ အပိုင်းသုံးပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ အကြောင်းကြောင်းကြောင့် ရွှေ့ပြောင်းလာပြီးလက်လုပ်လက် စားဘ၀နဲ့နေထိုင်နေရပြီး လက်ငင်းချေးငွေ မပေးနိုင်လို့ နေစရာမရှိဖြစ်နေတဲ့သူတွေ ဖြစ်ပါတယ်။ တချို့ကတော့ ကုမ္ပဏီမှာ အလုပ်လုပ်နေမယ့် လစာမပေးနိုင်တဲ့အတွက် အိမ်ငှားနေရတဲ့ သူတွေဖြစ်ပါတယ်။ တချို့ကတော့ အစိုးရ၀န်ထမ်းဖြစ်ပြီး အိမ်ငှားနေနေရတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလို နေထိုင်နေ ရတဲ့သူတွေကို နေစရာခိုင်ခိုင်မာမာ ရရှိစေဖို့အတွက် နှစ်ရှည်ချေးငွေစနစ်တစ်ခုနဲ့ အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့ နိုင်ငံတော်က မူဝါဒချမှတ်ပြီး ဆောင်ရွက်နေပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

အဆိုပါ အခြေအနေအား တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လာမည့်နှစ်များတွင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အစိုးရသစ် စတင်တာဝန်ယူသည့် အချိန်မှစတင်ကာ ကျူးကျော်စာရင်းများကို စနစ်တကျ ကောက်ခံခဲ့ကြောင်း၊ ကျူးကျော်အိမ်ရာများတွင် နေထိုင်သူများ၏ ဘ၀အားမြှင့်တင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျူးကျော်စာရင်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ကျူးကျော်စာရင်းကောက်ယူရာတွင် လက်ဗွေ၊ မျက်နှာများကို မှတ်တမ်းတင်ထားကြောင်း၊ အိမ်ရာစနစ်မရှိသဖြင့် ကျူးကျော်နေရာများတွင် နေထိုင်သူကျူးကျော်ကတ်ပြား ထုတ်ယူထားသူ တစ်သိန်းကျော်ခန့် ရှိနေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“ဒီနေထိုင်သူတွေကို စနစ်တကျ နေရာပြန်လည်ချထားပေးနိုင်ဖို့နဲ့ အိမ်ရာတွေ ရရှိနိုင်ဖို့နဲ့ လူမှုဘ၀မြှင့်တင်ပေးနိုင်မယ်ဆိုရင် လူသားအရင်းအမြစ်တစ်ခုကို ပြုစုပျိုး ထောင်ပေးနိုင်ရာ ရောက်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီအခြေအနေကို ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်နေပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းသည် အလုပ်အကိုင်အခွင့်အလမ်း တိုးပွားသည့်အတွက် စက်ရုံ၊ အလုပ်ရုံများ၊ ရင်းနှီးမြှုပ်နှံမှုများသည် ရန်ကုန်မြို့ကို စိတ်ဝင်စားကြကြောင်း၊ ရန်ကုန်မြို့သည် အခြေခံအဆောက်အအုံနှင့် စက်မှုဇုန်များတည်ရှိသည့် မြို့ဖြစ်သဖြင့် ရွှေ့ပြောင်းလုပ်သားများသည် ရန်ကုန်တိုင်း အတွင်းသို့ ၀င်ရောက်လာကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသည့် ရွှေ့ပြောင်းလုပ်သားများအတွက် တန်ဖိုးသင့်၊ တန်ဖိုးနည်း၊ တန်ဖိုးမြင့်အိမ်ရာတွေ ရောင်းချပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့တိုင်းမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ကျွန်တော်တို့ စတင်တာဝန်ယူတဲ့အချိန်ကစပြီး အခုအချိန်ထိ မြေပေးမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေရအောင် ဖန်တီးပေးနိုင်မယ်။ စက်ရုံအလုပ်ရုံတွေ လာရင်းနှီးမြှုပ်နှံရင် ဘယ်လိုစီစဉ်ဆောင်ရွက်ပေးနိုင်မယ်ဆိုတာတွေကို လုပ်ပေးနိုင်ဖို့ အားနည်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေကွက်လပ်တွေ အားလုံးက ပိုင်ဆိုင်တဲ့သူတွေရှိနေတာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

ထို့ကြောင့် အသစ်ဖော်ထုတ်မည့် စက်မှုဇုန်နေရာများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မှုများကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါနေရာများတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့် အိမ်ရာများကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေ့ပြောင်းလုပ်သားတွေထဲမှာ ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းကြောင့် ရောက်လာပြီး အဆင်ပြေမှုတွေရှိသလိုပဲ။ အချို့က အလုပ်အကိုင်အခွင့်အလမ်းရပေမယ့် နယ်ကို ငွေပြန်ပို့ဖို့၊ တချို့က ကျူးကျော်ကို အကြောင်းပြုပြီး လုပ်ကွက်၊ ကိုင်ကွက်တစ်ခုလိုမျိုး စီးပွားရှာစားနေတာကို တွေ့ရတယ်။ ကျူးကျော်နေရာတွေကို ခြေကုပ်ယူပြီး ရာဇ၀တ်မှုကျူးလွန်နေတာကိုလည်း တွေ့ရပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်လေဆိပ်ရှိ ATR လေယာဉ်အကြီးစား ပြင်ဆင်အလုပ်ရုံ ဥရောပလေကြောင်းလုံခြုံမှုဆိုင်ရာ အေဂျင်စီမှ အသိအမှတ်ပြုလက်မှတ်အား စက်တင်ဘာလအတွင်း ရရှိမည်

ရန်ကုန်လေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ATR အကြီးစား လေယာဉ်ပြင်အလုပ်ရုံအား တွေ့ရစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ  ATR လေယာဉ်အကြီးစား ပြင်ဆင်အလုပ်ရုံသည် ဥရောပလေကြောင်း လုံခြုံမှုဆိုင်ရာ အေဂျင်စီ (EASA) ထံမှ အသိအမှတ်ပြုလက်မှတ်အား ယခုလတွင် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းသည် အစိုးရသစ်၏လေကြောင်းကဏ္ဍ ရက်  ၁၀၀ စီမံချက်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ATR လေယာဉ်အကြီးစား ပြင်ဆင်စက်ရုံဖွင့်လှစ်နိုင်ရန် စတင်ဆောင် ရွက်ခဲ့ပြီး ATR ကုမ္ပဏီမှ  အကြီးစားအလုပ်ရုံ တည်ထောင်ရန် ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ရုံအား ဖွင့်လှစ်ပြီးနောက် မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ATR 72 500 လေယာဉ်အမှတ် XY-AJN အား 8 Years Check စစ်ဆေးမှုအား ပထမဆုံးပြုလုပ်ခဲ့ပြီးဖြစ်သည်။

“လက်ရှိမှာတော့ ဥရောပလေကြောင်း လုံခြုံမှုဆိုင်ရာအေဂျင်စီ (EASA) ဆီကနေ အသိအမှတ်ပြုလက်မှတ် ရရှိဖို့ ဆောင်ရွက် နေပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းတွေက ၀ယ်ယူအသုံးပြုတဲ့ ATR လေယာဉ် ကုမ္ပဏီတွေကိုက လေယာဉ်တွေကို ပြင်ဆင်မှုတွေလုပ်မယ်ဆိုရင် ဒီ (EASA) ဆီက အသိအမှတ်ပြုလက်မှတ်ရှိထားတဲ့ စက်ရုံတွေမှာသာ ပြင်ဆင်ဖို့တောင်းဆိုထားတဲ့အတွက် ဒီလက်မှတ်သာရရှိပြီးရင် ပြည်တွင်းလေကြောင်းလိုင်းတွေက လေယာဉ်တွေရဲ့ အပ်နှံမှုကိုပါ လက်ခံဆောင်ရွက်ပေးနိုင်မှာပါ။ အခုလအတွင်းမှာ (EASA) က အသိအမှတ်ပြုလက်မှတ် ရရှိနိုင်တော့မှာပါ”  ဟု  မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီအီးအိုဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

ပို့ဆောင်ရေးကဏ္ဍတစ်ခုဖြစ်သည့်   လေကြောင်းကဏ္ဍတွင် သိသာထင်ရှားသည့် ဆောင်ရွက်မှုအနေဖြင့် ATR လေယာဉ်အကြီးစားပြုပြင်ရေးအား ဆောင်ရွက်မည့် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဌာန သည် ၂၀၁၆ ခုနှစ်၊ ဧပြီ ၂၁ ရက်မှ ဇွန် ၁၉ အထိ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ATR 72 500 လေယာဉ်အမှတ် XY-AJN ၏ 8 Years Check စစ်ဆေးမှုအား ATR လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီမှ အင်ဂျင်နီယာများဖြင့် ဆောင်ရွက်ခဲ့သည်။

ယခင်က 8 Years Check ကဲ့သို့သော အကြီးစား ပြင်ဆင်မှုလုပ်ငန်းများကို ပြည်တွင်းတွင် ဆောင်ရွက်ရန် လုံလောက်သော အရည်အချင်းပြည့် ကျွမ်းကျင်အင်ဂျင်နီယာနှင့် စက်ပြင်၊ မြေပြင် အထောက်အကူပစ္စည်း၊ အရည်အချင်းပြည့်လေယာဉ်ရုံ၊ အထူးပြုစစ် ဆေးရေးကိရိယာ၊ နောက်ဆုံးပေါ် စက်မှု နည်းပညာစသည်တို့အား လေကြောင်းဥပဒေသတ်မှတ်ချက်နှင့်အညီ မဖြည့်ဆည်းနိုင်ခဲ့သဖြင့် စင်ကာပူနှင့် မလေးရှားနိုင်ငံများတွင် ဆောင်ရွက်ခဲ့ရသည်။

ယခင်က ပြည်ပ၌ပြုလုပ်ခဲ့သည့် ATR လေယာဉ်များ၏ 8 Years Check အပါအ၀င် အကြီးစား စစ်ဆေးပြင်ဆင်မှုများအတွက် ကုန်ကျစရိတ်မှာ စင်ကာပူနိုင်ငံတွင် ပြုလုပ်မည်ဆိုပါက ၂၀၀၇ ခုနှစ်ထုတ် ATR လေယာဉ်တစ်စီး အတွက် အမေရိကန်ဒေါ်လာ ခုနစ်သိန်းကျော်နှင့် ၂၀၁၀ ပြည့်နှစ်ထုတ်   ATR လေယာဉ်တစ်စီးအတွက် အမေရိကန် ဒေါ်လာ လေးသိန်းကျော်ကုန်ကျမည်ဖြစ်သည်။ မလေးရှားနိုင်ငံတွင် ပြုလုပ်မည်ဆိုပါက ၂၀၁၂ ခုနှစ်ထုတ် ATR လေယာဉ်တစ်စီးအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းကျော် ကုန်ကျမည်ဖြစ်သည်။

ယခု မြန်မာနိုင်ငံတွင် အကြီးစားစစ်ဆေး ပြင်ဆင်မှုလုပ်ငန်းပြီးစီးချိန်အထိ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်သာ ကုန်ကျထားကြောင်း သိရသည်။