ကဆုန်

ရန်ကုန်မြို့တွင်း သွားလာနေသူများအား ဧပြီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

(၁)

တန်ခူး ရေကုန်။ ကဆုန် ရေခန်းတဲ့။ ဒါ ရှေးသူဟောင်း လူဟောင်းတွေ ပြောစမှတ်ထားခဲ့တဲ့ ဆိုရိုးစကားပါ။ အတွေ့အကြုံပေါ်မှီပြီး တည်ပြီး ဖြစ်လာတဲ့ ဆိုရိုးစကားဖြစ်လို့ သိပ်မှန်တာပဲလို့ ဆိုရမယ်။ အနက်အဓိပ္ပာယ်ကိုကလည်း ‘က’ ဆိုတာ ရေ။ ‘ဆုန်’ ဆိုတာ ခန်းတာ။ တန်ခူးလမှာ နည်းလာတဲ့ရေဟာ ကဆုန်လမှာ ခန်းတဲ့အဆင့် ရောက်ကုန်တာ။

ငယ်ငယ်ကတော့ ဒီဆိုရိုးစကားကို မခံစားနိုင်အောင် ဖြစ်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရပ်ကွက်က တန်ခူး ရေကုန် ကဆုန် ရေခန်းတဲ့အထဲမှာ အကျုံးဝင်နေလို့ပါ။ ပထ၀ီရယ် ရာသီရယ်က အဲဒီလောက်ကြီးဖြစ်စရာ ဆိုးဆိုးရွားရွား မဟုတ်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်က အစစအရာရာ ချွတ်ခြုံကျနေရတော့ မဖြစ်သင့်တာတွေ ဖြစ်နေရတာ။ ဆို့နင့်ကြေကွဲစရာ သိပ်ကောင်းပါတယ်။ တကယ်တော့ ဆို့နင့်ကြေကွဲစရာ ကောင်းတယ်ဆိုတာထက် ပိုသာတဲ့စကားလုံးများရှာရရင်တောင် အဲဒီ စကားလုံးကို ခုချက်ချင်း ယူသုံးမိမှာပါပဲ။

အဲဒီ နွေလတွေဆို ရေတစ်ထမ်းရဖို့ လေးဖာလုံလောက် အဝေးဆီသွားပြီး ထမ်းယူရတယ်။ အမှန်တော့ ဒီဒုက္ခဟာ ကျွန်တော်တို့ တောင်ကုန်းရပ်ကွက်အနေနဲ့ ခံရနိုင်စရာ အကြောင်းမရှိပါဘူး။ ဆိုးရွားလွန်းတဲ့ လူ့ဗာလတွေကြောင့် ခံလိုက်ရတဲ့ဒုက္ခပဲလို့ ကျွန်တော် တော့တွေးမိတယ်။ ဒီအရင်က အဲဒီလောက်ဝေးဝေး သွားထမ်းစရာမလိုခဲ့ဘူး။ အိမ်အနောက်မှာရှိတဲ့ လယ်တီစံကျောင်းထဲက ချိုင့်ထဲမှာ အုတ်အ၀ီစိတွင်းကြီး အကြီးကြီးရှိတယ်။ တွင်းကြီးက အကြီးကြီးဆိုမှ တကယ့်အကြီးကြီးပါ။ နက်တာကလည်း မှောင်နေအောင်ပါပဲ။ ရေတွင်းနှုတ်ခမ်းပေါင်ပေါ်မှာ ရှစ်ပတ်လည်တုံးကြီး နှစ်တုံးကို ဟိုဘက်ဒီဘက် ဆန့်ဆန့်ကြီး ထိုးထားတယ်။အဲဒီတုံးပေါ်မှာ ရေစုပ်စက်တစ်လုံး။ သံဃာတော်တွေသုံးဖို့ အဲဒီကနေ ရေစုပ်တင်တာ။ တွင်းထဲက ရေပြင်ဆီအရောက် ပေ ၈၀ လောက်တော့ နက်လိမ့်မယ်။ ဒီလောက်နက်နက် တူးထားတော့လည်း ဘယ်လိုနွေဖြစ်ဖြစ် ဘယ်လောက်ပူပူ ရေခန်းတယ်မရှိပါဘူး။ငင်နိုင်ရင် ငင်နိုင်သလောက် ရေရမယ်။ ငင်တာကတော့ ငင်ပုံးတစ်ပုံးအပေါ် ရောက်ဖို့တော်တော် ငင်ယူရတယ်။ လက်မောင်းပြုတ်ကျ မတတ်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ရေက အနီးနားမှာ ရှိနေသေးတာပဲ။ ရေမြင်နေရသေးတာပဲ။ နောက်ထပ် ကောင်းတာတစ်ခုက ရေထမ်းသယ်လာတဲ့ လမ်းတစ်လျှောက်ဟာ နေမပူဘူး။ သစ်ရိပ်ဝါးရိပ်ကောင်းတွေမို့  အိမ်ခြေတွေကြားထဲက တောငယ်လေးကို ဖြတ်လျှောက်နေရသလိုပါပဲ။ ဒါကြောင့်လည်း ကနဦး လယ်တီဆရာတော်ဘုရားကြီးဟာ တောရဆောက်တည်ရာလည်းရောက်အောင် သီတင်းသုံးတော်မူခဲ့တာနေမှာ။

ဖြစ်ပုံက အဲဒီလိုအဆင်ပြေနေတဲ့ ရေတွင်းကြီးထဲကို လူသတ်ပြီး ပစ်ချထားလိုက်တာမှာ ရေကိစ္စ နိဋ္ဌိတံသွားတာ။ အဲဒီနောက်ပိုင်း သံဃာတွေလည်း မသုံးတော့ဘူး။ ကျွန်တော်တို့ရပ်ကွက်သားတွေလည်း မသုံးတော့ဘူး။ သံဃာတော်တွေအတွက်ကတော့ လှူမယ့် တမ်းမယ့်သူတွေရှိတော့ စက်တွင်းတွေတူးပြီး စက်တွင်းရေတွေရပြီး အဆင်ပြေသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ တော်တော်လေး ကသီလင်တနိုင်သွားတယ် ဆိုရမယ်။ ရေလက်မောင်းကြီးတစ်ဖက် ပြုတ်သွားသလိုပါပဲ။

(၂)

ကျွန်တော်တို့မြို့မှာက ရေရှားတဲ့ တောင်ကုန်းရပ်ကွက်တွေ များပါတယ်။ ဗိုလ်ကုန်းတို့၊ ဟူးကျောက်တောင်ကုန်း၊ သစ်ထုတ်ရေးကုန်း၊ ရဲကုန်း၊ ဆေးရုံကုန်း၊ ဘုရားကုန်း၊ ယန္တယားကုန်း။ ကျွန်တော်နေတဲ့ ငွေတောင်ကုန်းဆိုပြီး လူနေထိုင်ရာ တောင်ကုန်းတွေများတယ်။ အဲဒီများပြားတဲ့ တောင်ကုန်းရပ်ကွက် တွေတိုင်းလည်း ရေရှားကြတာချည်းပါပဲ။ နွေပဲဖြစ်ဖြစ်၊ မိုးပဲဖြစ်ဖြစ်၊ ဆောင်းပဲဖြစ်ဖြစ် ရေတစ်ရွက် တစ်ထမ်းရဖို့ကို စိတ်ရောကိုယ်ပါ တော်တော်အားထုတ်ကြရတယ်။ နွေကတော့ အဆိုးဆုံးပေါ့။ တောင်ကုန်းတွေမှာများပြားတဲ့ အာလူးကျောက်လို ကျောက်ခဲတွေရှိနေပေမယ့် ရေတူးလို့မရတဲ့ ကျောက်လွှာ ကျောက်သား အထပ်ထပ်တွေ ဒုနဲ့ ဒေးရှိနေတဲ့ တောင်ကုန်းတွေတော့ မဟုတ်ပါဘူး။ ရေတူးလို့ရပါတယ်။ ဒါပေမဲ့ မတူးနိုင်ကြဘူး။ နည်းပညာ အပါအ၀င် ရပ်ရွာအနေနဲ့ရော အစိုးရအနေ နဲ့ရောပါ ငွေကြေးမတတ်နိုင်ဘူး။ ကမကထလုပ်ပြီး ရေတွင်းတစ်တွင်းရအောင် ဦးဆောင်နိုင်တဲ့သူလည်း မရှိဘူး။ ဒီတော့ ရေရရှိဖို့ ကျွန်တော်တို့ တောင်ကုန်းရပ်ကွက်သားတွေဟာ ဘုံဆိုင် ဘုံပိုင် ရေတွင်းတစ်တွင်းနဲ့ သမိုင်းဦး ဘုံမြေစနစ်ကို ပြန်သွားနေရတာ။တောင်ကုန်းပေါ်မှာဆိုတော့ မြေပြန့်တွေလို တစ်အိမ် တစ်တွင်းတူးလို့လည်း မရပြန်ဘူး။ တောင်ခြေမြေ နိမ့်တဲ့နေရာမှာ တူးဖို့ဆိုတာကလည်း ဘုံပိုင် မြေဆိုတာက မရှိ။ လှူမယ့်သူက မပေါ်။ စက်တူး အ၀ီစိတွင်းဆိုတာမျိုးကတော့ မိုးနဲ့မြေ ပေါ့။ ဒီတော့ အားလုံးအသုံးပြုပြီး ပိုင်လို့ရမယ့် နေရာတစ်ခု ရှာရတယ်။ အဲဒါကတော့ တောင်ကုန်းရဲ့ အရှေ့ဘက်ခြေရင်းက ဓမ္မာရုံအမည်းကြီးပါပဲ။ ဓမ္မာရုံကြီးတစ်ကိုယ်လုံးကို သစ်တွေနဲ့ချည်းဆောက်ပြီး ရေနံတွေ ပိန်းနေအောင် သုတ်ထားတယ်။ သစ်တွေက ဦးစော သစ် တောရေးနဲ့ပညာရေးမှာ ၀န်ကြီးချုပ်ဖြစ်တဲ့ကာလ။ အဲဒီလက်ထက်တုန်းက ရခဲ့တာလို့ လူကြီးသူမတွေရဲ့ ပြောသံကြားဖူးခဲ့တယ်။ ဦးစောနဲ့ မကင်းတဲ့ သမိုင်းပေါ့။ အဲဒီ ရန်အောင် (၁) ဓမ္မာရုံကြီးရဲ့ အရှေ့မြောက်ထောင့်မှာ အုတ်ရေတွင်း တစ်တွင်းတူးတယ်။ ပေ ၅၀ အကျော်လောက်ထိ နက်အောင်တူးထားတယ်။ တူးကတည်းက ဓမ္မာရုံအတွက် သုံးဖို့ထက် တစ်ရပ်ကွက်လုံး ဘုံဘုံပြားပြား သုံးစွဲဖို့ ပိုပြီး ရည်ရွယ်တာပါ။

ဒါပေမဲ့ လူသတ်ပြီးရေတွင်းထဲချလိုက်တော့ အဲဒီ အ၀ီစိတွင်းကြီးက ရေဟာ အဟောသိကံဖြစ်သွားရော။ လူသေပယောဂနဲ့ တစ်ရပ်ကွက်လုံး ရေခပ်မသုံးကြတော့ဘူး။ ကိုယ့် ၀ဋ်ကြွေးနဲ့ ကိုယ်ပဲလား။ လေးဖာလုံလောက်ဝေးတဲ့ လောကမာရဇိန်ဘုရားခြေရင်းက အုတ်တွင်းမှာ သွားခပ်ကြရတယ်။ ဘုရားခြေရင်းဆိုပေမယ့် တပေါင်းပွဲကျင်းပတဲ့ ကွင်းကြီးရဲ့အနောက်ဘက်ခြမ်းမှာ ရေတွင်းကြီးကရှိနေတာ။ ရေတစ်ထမ်းစာရဖို့ ပေ ၅၀  ကျော်ကျော် လောက်အနက်ကနေ ငင်ယူပြီး ခပ်ရတာ။ ဒီတွင်းလည်း အနက်ကြီးပဲ။ ခရီးအနေနဲ့က လည်း အသွားလေးဖာလုံဆိုတော့ အသွားအပြန် ရှစ်ဖာလုံပဲ။ တစ်မိုင်ခရီးပေါ့။

ဒီခရီးကြီးကို ကျွန်တော် အများကြီး သွားမခပ်နိုင်ပါဘူး။ တစ်နေ့မှ သုံးခေါက်ရယ်။ သုံးရေရရင် တော်ပြီ။ ချိုးရေက ပြန်ကြားရေးတွင်းမှာ သွားချိုးကြတယ်။ ပြန်ကြားရေးတွင်း ဆိုပေမယ့် အရင်က ပြန်ကြားရေးရုံး ငှားဖွင့်ထားတာကိုအစွဲပြုပြီး ခေါ်တာပါ။ကျွန်တော်တို့ လူပျိုပေါက်အရွယ် ရေချိုးတော့ မူလပိုင်ရှင်တွေ ပြန်နေနေပါပြီ။ ပိုင်ရှင်တွေ က အစ္စလာမ် ဘာသာဝင်တွေ။ သဘောမနောကောင်းကြပါတယ်။ ရေချိုးဖို့ ခွင့်ပြုပေးထားတယ်။ ကြိုက်သလောက်ချိုး။

(၃)

ဒီလို ရေပြတ်လပ်တဲ့ကာလမှာ တိုက်တိုက်ဆိုင်ဆိုင် ကဆုန်ညောင်ရေသွန်းပွဲတော် နဲ့ တည့်တည့်ကို တိုးတော့တာပါ။ အဲဒီလို ရေပြတ်လပ်လို့လည်း ညောင်ရေသွန်း လောင်းတာနေမှာပါ။ ရပ်ကွက်သူ ရပ်ကွက်သားတွေကတော့ ရေဘယ်လောက်ရှားရှား ပြတ်ပြတ် ခက်ခက်ပါ။ ညောင်ရေအတွက်တစ်အိုး တစ်ရွက်ကတော့ ထွက်တာပါပဲ။

ရှေ့က တန်ခူးလတုန်းက ရေတွေဆော့ ကစားပစ်တော့လည်း နောက်ဆံမတင်းသလို ညောင်ရေသွန်းဖို့ဆိုတော့လည်း ဗမာ့စေတနာဟာ မတွန့်တိုတတ်ကြပါဘူး။ ရပ်ကွက်ထဲက ပျိုပျိုအိုအိုတွေ တစ်အိမ်တစ်ယောက် ထွက်လာကြကုန်တာဟာ ကုသိုလ်အရေး လက် မနှေးပါပဲ။ မြို့ရဲ့အထင်ကရ ဗောဓိပင်ကြီးဆီ ရွေ့ရွေ့ရွရွ ချီတက်ကြကုန်တာ။ ကဆုန်ညောင်ရေသွန်းပွဲ ခြိမ့်ခြိမ့်သည်း ၀င်နွှဲဖို့ပေါ့။ တစ်ခါတစ်ခါ ဇာတ်မင်းသားတွေက ပွဲခံကျင်းပကြတဲ့ နှစ်တွေလည်း ရှိတယ်။ နန်းခင်မွှေးတို့၊ မိုးမင်းတို့လားပဲ။

ဗောဓိပင်ကြီးက လောကမာရဇိန်ဘုရားရဲ့ အနောက်ဘက်မှာရှိတယ်။ ဗောဓိပင်ဆိုတာဟာ ညောင်ပင်တစ်မျိုးလို့ ကျွန်တော်တော့ သိတာပဲ။ ညောင်ပင်တွေမှာ ညောင်ကုက္ကား၊ ညောင်ကြတ်ညောင်ချဉ်၊ ညောင်ခြေထောက်၊  ညောင်ပိန္နဲ၊ ညောင်လန်း၊ ညောင်အုပ်၊ ညောင် မုတ်ဆိတ်၊ ညောင်သပြေ၊ ညောင်သဖန်း၊ ညောင်ဗုဒ္ဓဟေဆိုပြီး အမျိုးကွဲတွေရှိတာမှာ ညောင်ဗုဒ္ဓဟေကို ဗောဓိညောင်ခေါ်တာပါပဲ။ ဗောဓိဆိုတာက မဂ်ဉာဏ် ဖိုလ်ဉာဏ် ဘုရားဉာဏ်ပါ။ ဘုရားဉာဏ်ကို အဲဒီ အပင်အောက်မှာရရှိခဲ့လို့ ဗောဓိပင်လို့ခေါ်တာ။

(၄)

ဒါပေမဲ့  ကဆုန်ဟာ ထူးပါတယ်။  ဗုဒ္ဓ ဗျာဒိတ်ရခဲ့လို့၊ မွေးဖွားခဲ့လို့၊ ဗုဒ္ဓဉာဏ်ကိုရခဲ့လို့၊  ပရိနိဗ္ဗာန် စံခဲ့လို့ဆိုတာတွေတင်မကပါဘူး။  ကျွန်တော်တို့ဟာ တန်ခူးကို နှစ်ကူးလို့ သတ် မှတ်ကြပြီး စိတ်သစ်လူသစ် အင်သစ် အားသစ်တွေနဲ့ နှစ်သစ်မှာ ဖြတ်သန်းကြဖို့  တောင်းဆိုကြတယ်။ နှစ်သစ်မင်္ဂလာ ဆုတောင်းတွေ အပြန်အလှန် ပေးပို့ကြတယ်။  နှစ်ကူးပွဲတော်ရေသဘင်ကို ဆင်နွှဲပျော်ကြတယ်။ အသွင်သဏ္ဌာန်ကို အနှစ်သားသွင်းပြီး  လူ့အဖွဲ့အအုံကြီးကို ပြန်မောင်းတင်ဖို့ ကြိုးစားခဲ့ကြတယ်။ တကယ်တော့ တန်ခူးဟာ  နှစ်ဟောင်းနဲ့ နှစ်သစ်ကြားက အပိုင်းအခြား ‘တာ’ ကို ကူးပြောင်းတဲ့ လသက်သက်ပါ။  မိန်ရာသီကနေ မိဿရာသီ အဲဒီ ‘တာ’ ကို  ကူးပြောင်းတာ။ တန်ခူးမှာ အဟောင်း မစင်သေးဘူး။ အဟောင်းနဲ့အသစ် ရောနေသေးတာ။ တကယ့်အဟောင်းတွေ ကုန်ဆုံးတဲ့လက  ကဆုန်လပါ။ ဒီယူဆပုံမျိုးကို ဗမာဆန်တယ်လို့ ကျွန်တော်ထင်တယ်။ ‘က’ ဆိုတာ ရေ။  ‘ဆုန်’ ဆိုတာ ကုန်တာ ပြတ်လပ်တာ။ အဲဒီ  အယူအကောက်တွေက ပါဠိဘက် ယိမ်းလွန်းတယ်လို့ ခံစားမိတယ်။ အဟောင်းတွေ အပြီးအပြတ် ကုန်ဆုံးတာမို့ ကုန်ဆုံးလ။ အဲဒီကနေ  ကာလရွေ့လျားတိုက်စားပြီး ကဆုန်လ ခေါ်ကြမယ်ထင်တယ်။ အဲဒါလေးကို ကျွန်တော်  ပိုကြိုက်တယ်။ ဝေါဟာရအရရော အဓိပ္ပာယ်အရရောကို ဘာမှ ငြင်းချက် ထုတ်မနေချင်တော့ဘူး။ တစ်ခုပဲ မေးချင်တယ်။ ကျွန်တော်တို့တစ်တွေရော အဟောင်းအညစ်တွေရော  နေတဲ့ တန်ခူးပဲ ဖြစ်နေဦးမှာလား။ တိုင်းပြည်ကြီးအနေနဲ့ကကော အဟောင်းအညစ်တွေ  ကုန်ဆုံးသွားပြီဖြစ်တဲ့ ကုန်ဆုံးတိုင်းပြည်လား။  ဒါပေမဲ့လည်း ဘာမှ ရေရေရာရာ ပြောနိုင်လောက်အောင် မသေချာလှပါဘူး။ သေချာ တာကတော့ ကဆုန်လထဲ  ရောက်နေပြီဆိုတဲ့  တစ်ခုတည်းပါပဲ။