Brexit အလွန် ကုန်သွယ်ရေးရည်မှန်းချက်နှင့်အတူ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ တရုတ်သို့ သွားရောက်

ဇန်န၀ါရီ ၃၁ ရက်က ပေကျင်းတွင် ဗြိတိန်ဝန်ကြီးချုပ် မေနှင့် တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့က ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (Photo: AFP)

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် ဇန်န၀ါရီ ၃၁ ရက်က တရုတ်သို့ နိုင်ငံတော်အဆင့် ခရီးစဉ်စတင်ခဲ့ပြီး အလယ်ပိုင်းစက်မှု မြို့တော်ဝူဟန်သို့ သွားရောက်ခဲ့သည်။ ဥရောပသမဂ္ဂမှ မနုတ်ထွက်မီ ဗြိတိန်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းများအား ခိုင်မာစေရန် ကြိုးစားနေသော မေ၏တရုတ်ခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ကျွန်မရဲ့ဒီခရီးစဉ်ဟာ ဗြိတိန်-တရုတ် ဆက်ဆံရေးမှာ ရွှေခေတ်ကို ပိုမိုခိုင်မာစေမှာပါ။ ကျွန်မတို့ဆက်ဆံရေးရဲ့ လေးနက်မှုက ကိစ္စအားလုံးမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ဖြစ်စေမှာပါ” ဟု မေက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

၂၀၁၉ မေတွင် ဥရောပသမဂ္ဂမှ ဗြိတိန်က တရားဝင်နုတ်ထွက်ပြီးနောက် ဗြိတိန်၏ စီးပွားရေးအနာဂတ်ကိုခိုင်မာရန် မေ၏အစိုးရက ကြိုးပမ်းနေစဉ် တရုတ်နှင့် ဗြိတိန်တို့ ဆက်ဆံရေးက ကြီးထွားလာခဲ့သည်။ တရုတ်သည် အရင်းအနှီးရင်းမြစ်သစ်တစ်ခုဖြစ်ပြီး သင့်လျော်သော လုံခြုံမှုအစီအမံများချမှတ်ပါက ဗြိတိန်၏အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံရန် အထောက်အကူပြုနိုင်ကြောင်း မေက Financial Times သတင်းစာတွင် ရေးသားခဲ့သည်။

မေ၏ တရုတ်ခရီးစဉ်တွင် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ခေါင်းဆောင် ၅၀ ခန့်လိုက်ပါသွားခဲ့ပြီး ထိုကိုယ်စားလှယ်အဖွဲ့သည် ပြည်ပခရီးစဉ်များအတွက် အကြီးဆုံးသောကိုယ်စားလှယ်အဖွဲ့ဖြစ်ကြောင်း ၀န်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။

မေသည် ဖေဖော်ဝါရီ ၁ ရက်တွင် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

တရုတ်ကလည်း ဗြိတိန်အစိုးရသည် ၎င်း၏ကမ္ဘာပတ်လမ်းရည်ရွယ်ချက် Belt and Road Initiative (BRI) ကို ထောက်ခံလိမ့်မည်ဟု မျှော်လင့်ထားသည်။

အရှေ့နှင့်အနောက်ကြား ရှေးဟောင်းပိုးလမ်းမကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်ထားသော ဧရာမအခြေခံအဆောက်အအုံစီမံကိန်းက တရုတ်ကုမ္ပဏီများအတွက် ပိုမိုကြီးမားသော ဈေးကွက်ချိတ်ဆက်မှုများ ဖန်တီးပေးရန် ရည်ရွယ်ထားသည်။

သို့သော်လည်း ဗြိတိန်အစိုးရသည် BRI နှင့်ပတ်သက်၍ မျှော်လင့်ချက်အနည်းငယ်သာ ထားရှိထားသည်။ BRI စီမံကိန်းသည် အလားအလာကောင်းများရှိသော်လည်း အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီရန် အရေးကြီးကြောင်း မေ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဗြိတိန်သည် ဥရောပ၏ဘုံဈေးကွက်မှ နုတ်ထွက်မည်ဖြစ်သောကြောင့် ဥရောပသမဂ္ဂပြင်ပရှိနိုင်ငံများနှင့် ကုန်သွယ်ရေးသဘောတူညီချက်များကို သီးခြားထူထောင်ရန် ကြိုးပမ်းမည်ဟု ပြောကြားထားသည်။

ထို့အတွက် ပြင်ဆင်သည့်အနေဖြင့် ဧရာမဈေးကွက်ဖြစ်သော တရုတ်သို့ ဗြိတိန်တာဝန်ရှိသူအများအပြား မကြာသေးခင်လများအတွင်း သွားရောက်ခဲ့ကြသည်။ ဘဏ္ဍာရေးကဏ္ဍအပါအ၀င် ဗြိတိန်ပို့ကုန်များအတွက် ဈေးကွက်ဝင်ရောက်ခွင့်ရရေးကိုလည်း ကုန်သွယ်ရေးဝန်ကြီး လီယန်ဖောက်က ဆွေးနွေးခဲ့သည်။ လန်ဒန်နှင့် ရှန်ဟိုင်းစတော့အိတ်ချိန်းတို့အကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် နောက်ဆုံးပြင်ဆင်မှုများကို ဘဏ္ဍာရေးဝန်ကြီး ဖိလစ်ဟာမွန်က ဆောင်ရွက်ခဲ့သည်။

နယူးယောက်စီးတီးမှဂျက်ဟာရီဆင်အား မန်စီးတီး ခေါ်ယူ

 

 

 

မန်စီးတီးအသင်းသည် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဂျက်ဟာရီဆင်(၂၁ နှစ်)အား (၃)နှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် ၎င်းအားခေါ်ယူပြီးနောက် လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းသို့ အငှားချခဲ့ကြောင်း သိရှိရသည်။

ဂျက်ဟာရီဆင်သည် မန်ယူအကယ်ဒမီကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသက်(၁၄)နှစ်အရွယ်တွင် အမေရိကန်နိုင်ငံသို့ ပညာသင်ကြားရန်ထွက်ခွာသွားခဲ့သည်။ သူသည် နယူးယောက်စီးတီးအသင်းတွင် ၂၀၁၆၊ ဇန်န၀ါရီမှစတင်၍ ကစားခဲ့ပြီး (၂)ရာသီအတွင်း (၅၉)ပွဲကစားကာ (၁၄)ဂိုးသွင်းယူပေးခဲ့သည်။

တိုက်စစ်မှူးတစ်ဦးအဖြစ် ဗီလာရောက်ရန် နီးစပ်ခဲ့ဟု ခရစ္စတန်ဆန် ၀န်ခံ

 

 

ချယ်လ်ဆီးအသင်း၏ ဒိန်းမတ်လက်ရွေးစင်နောက်ခံလူ ခရစ္စတန်ဆန်က မိမိသည် အင်္ဂလန်ကလပ် ဗီလာအသင်းသို့ တိုက်စစ်မှူးတစ်ဦးအဖြစ်ရောက်ရန် အလွန်နီးစပ်သောအနေအထားတွင်ရှိခဲ့သည်ဟု ၀န်ခံပြောကြားခဲ့သည်။

ဒိန်းမတ်ကလပ် ဘရွန်ဘီအသင်းတွင် လူငယ်ကစားသမားအဖြစ်ကစားစဉ်က မိမိသည် တိုက်စစ်မှူးတစ်ဦးအဖြစ်ကစားခဲ့ပြီး ဗီလာအသင်းအပါအ၀င် အင်္ဂလန်ကလပ်အသင်း(၄)သင်းက မိမိကိုခေါ်ယူရန် စမ်းသပ်ခဲ့ဖူးသည် ဟု ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသို့ ၂၀၁၂ ခုနှစ်က လူငယ်ကစားသမားအဖြစ်ရောက်ရှိလာသော ခရစ္စတန်ဆန်(၂၁ နှစ်)ကို လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့ကလည်း ခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးသည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးမှ ဒေါ်လာ ၁၀၇ ဘီလျံ ပြန်လည်ရရှိခဲ့ဟု ဆော်ဒီ ထုတ်ပြန်

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်က ဆော်ဒီမြို့တော် ရီယာ့ဒ်ရှိ Ritz Carlton ဟိုတယ်အား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

ဆော်ဒီအာရေဗျတွင် ထိပ်တန်းအကျင့်ပျက်ခြစားမှုနှိမ်နင်းရေးမှ ယခုအချိန်အထိ ဒေါ်လာ ၁၀၇ ဘီလျံအားရရှိခဲ့ကြောင်း၊ သံသယရှိသူ ၅၆ အား စစ်ဆေးမေးမြန်းရန် ဆက်လက်ထိန်းသိမ်းထားကြောင်း ရှေ့နေချုပ်က ဇန်န၀ါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သံသယရှိသူ ၃၈၁ ဦးအား စစ်ဆေးမေးမြန်းမှု ပြီးဆုံးခဲ့ပြီး ၅၆ ဦးကို ဆက်လက်ထိန်းသိမ်းကာ ကျန်သူများအား ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေချုပ် ရှိတ်ဆော့အယ်မိုဂျက်က ပြောကြားခဲ့သည်။

ပြန်လွှတ်ပေးခဲ့သူများတွင် အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့သူများ ပါဝင်ခဲ့သလို အချို့ကမူ ခြစားမှုစွဲချက်များတွင် အပြစ်ရှိကြောင်းဝန်ခံပြီး အစိုးရထံကျေအေးငွေပေးရန် သဘောတူခဲ့သူများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးခံခဲ့ရသူများ ပြန်ပေးသည့် ကျေအေးငွေ စုစုပေါင်းတန်ဖိုးသည် အိမ်ခြံမြေ၊ ရှယ်ယာများ၊ ငွေသားများအပါအ၀င် ပေးချေမှုပုံစံမျိုးစုံဖြင့် ရီရယ်ဘီလျံ ၄၀၀ (ဒေါ်လာ ၁၀၇ ဘီလျံ) အထိရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် အာဏာပိုင်များသည် မကြုံဖူးသော အကျင့်ပျက်ခြစားမှုနှိမ်နင်းရေးကို ဆောင်ရွက်ခဲ့ပြီး ဘုရင်မိသားစုဝင်များ၊ ထိပ်တန်းလုပ်ငန်းရှင်များနှင့် အစိုးရတာဝန်ရှိသူများ၏အဖွဲ့ဝင် ရာနှင့်ချီကို ဖမ်းဆီးခဲ့သည်။ ထိန်းသိမ်းခံခဲ့ရသူများထဲတွင် ကန္တာရဘုရင့်နိုင်ငံ၏ အထင်ရှားဆုံးနှင့် အချမ်းသာဆုံးဖြစ်သော မင်းသားအယ်ဝါလိဘင်တာလယ်လည်း ပါဝင်သည်။ ဆော်ဒီ၏၀ါရင်းဘတ်ဖက်ဟု အမည်ပြောင်ရထားသော ယင်းမင်းသားသည် အာဏာပိုင်များနှင့် မထုတ်ပြန်ခဲ့သော ကျေအေးငွေပမာဏ သဘောတူညီချက်ရခဲ့ပြီးနောက် ဇန်န၀ါရီ ၂၇ ရက်တွင် ပြန်လွတ်လာခဲ့သည်။ ၎င်းသည် ရှယ်ယာ ၉၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော Kingdom Holding ကုမ္ပဏီ၏ဥက္ကဋ္ဌအဖြစ် ရှိနေဆဲဖြစ်သည်။

အလွန်အမင်းရှေးရိုးစွဲဆန်သော ပင်လယ်ကွေ့မွတ်စလင်နိုင်ငံတွင် လူမှုရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေးအစီအစဉ် Vision 2030 ကို ဦးဆောင်ရေးဆွဲသူဖြစ်သော အသက် ၃၂ နှစ်ရှိ အိမ်ရှေ့မင်းသားဖြစ်သူ မိုဟာမက်ဘင်ဆယ်မန်ဦးဆောင်သော ယင်းခြစားမှုနှိမ်နင်းရေးသည် ငွေညှစ်မှုနှင့် အာဏာချုပ်ကိုင်မှုဖြစ်သည်ဟု ဝေဖန်သူအချို့က ထောက်ပြခဲ့ကြသည်။ အာဏာပိုင်များကမူ ရေနံခေတ်လွန်အတွက် ကြိုတင်ပြင်ဆင်နေစဉ် အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုကို ပစ်မှတ်ထား နှိမ်နင်းခြင်းဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

ဆက်လက်ထိန်းသိမ်းထားသူ ၅၆ ဦးကိုမူ အခြားပြစ်မှုဆိုင်ရာ အမှုများအတွက် စစ်ဆေးမေးမြန်းရန်ရှိသောကြောင့် ကျေအေးငွေပေး၍ ပြန်လွှတ်ပေးရန် ပယ်ချထားကြောင်း ရှေ့နေချုပ်က ပြောကြားခဲ့သည်။ အာဏာပိုင်များသည် သြဇာကြီးအာရပ်ဂြိုဟ်တုရုပ်သံ MBC ပိုင်ရှင်ဖြစ်သူ ၀ါလိဒ်အယ်အီဘရာဟင်အား ဇန်န၀ါရီ ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ အမျိုးသားအစောင့်တပ် ခေါင်းဆောင်ဟောင်း မင်းသားမီတက်ဘင် အဗ္ဗဒူလာသည်လည်း ကျေအေးငွေ ဒေါ်လာတစ်ဘီလျံကျော်ဖြင့် မကြာသေးမီက ပြန်လွတ်လာခဲ့သည်။ ယင်းသံသယရှိသူများအား ထိန်းသိမ်းထားသော ရီယာ့ဒ်ရှိဇိမ်ခံဟိုတယ် Ritz Carlton ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြန်ဖွင့်မည်ဖြစ်သည်။

ပစိဖိတ်သမုဒ္ဒရာထဲ၌ နစ်မြုပ်သွားသည့် ကူးတို့သင်္ဘောပေါ်တွင် လူ ၈၀ ထက်မနည်း လိုက်ပါသွားခဲ့

ဇန်န၀ါရီ ၃၁ ရက်က ဆစ်ဒနီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသော သြစတြေးလျ ပို့ဆောင်ရေးဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့မှ အမှုဆောင် ညွှန်ကြားရေးမှူး (Photo: AFP)

ပစိဖိတ်သမုဒ္ဒရာ၏ ဝေးလံသောနေရာ၌ နစ်မြုပ်သွားခဲ့သည့် ကူးတို့သင်္ဘောတစ်စင်းပေါ်တွင် လူ ၈၀ ကျော်လိုက်ပါသွားခဲ့သည်ဟု အစိုးရအရာရှိများက ဇန်န၀ါရီ ၃၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကီရီဘတီနိုင်ငံမှ အကြီးတန်းလွှတ်တော်အမတ်တစ်ဦးက သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်ပြီး လွတ်လပ်သောစုံစမ်းမှုတစ်ခုပြုလုပ်ရန် ဆော်သြခဲ့သည်။

နိုင်ငံပေါင်းစုံပါဝင်သော ကယ်ဆယ်ရေးလုပ်ငန်းသည် ပစိဖိတ်သမုဒ္ဒရာတွင် ပိုက်စိတ်တိုက်ရှာဖွေနေကြသော်လည်း လက်ရှိအချိန်အထိ လူခုနစ်ဦးသာအသက်ရှင်လျက် ကယ်နိုင်ခဲ့သည်။ ထို့ပြင် အသက်ရှင်ကျန်ရစ်သူများကို ထပ်မံတွေ့ရှိရန် မျှော်လင့်ချက်မှာလည်း မှေးမှိန်စပြုလာပြီဖြစ်သည်။

MV Butiraoi သင်္ဘောပေါ်တွင် ၃၅ ဦးမှ ၁၀၀ ကျော်အထိ လိုက်ပါသွားသည်ဟု အစောပိုင်းကခန့်မှန်းခဲ့ကြသော်လည်း နောက်ပိုင်းတွင် လိုက်ပါသွားသူဦးရေမှာ တဖြည်းဖြည်းရှင်းလင်းလာခဲ့သည်။ နောက်ဆုံးတွင် ကီရီဘတီအာဏာပိုင်များက သင်္ဘောပေါ်တွင် ခရီးသည် ၈၀ ကျော်နှင့်အတူ အမှုထမ်းငါးဦးဝန်းကျင် လိုက်ပါလာသည့်အကြောင်း အတည်ပြုခဲ့သည်။

သင်္ဘောပျောက်ဆုံးသည့်နေရာမှ ရှာဖွေနေမှုများကို နယူးဇီလန်၊ သြစတြေးလျ၊ အမေရိကန်တို့မှ လေယာဉ်လေးစင်းကလည်း လာရောက်ကူညီပေးခဲ့သည်ဟု သိရသည်။ လက်ရှိတွင် နစ်မြုပ်သွားသည့် ကူးတို့သင်္ဘောမှ ထွက်သွားသော အသက်ကယ်လှေတစ်စင်းကို အာရုံစိုက်ရှာနေကြသည်။ ထိုအသက်ကယ်လှေတွင် လူ ၂၅ ဦးခန့် လိုက်ပါနိုင်သည်။

၁၇ ဒသမ ၅ မီတာ (၅၇ ဒသမ ၄ ပေ) ရှည်သည့် MV Butiraoi သင်္ဘောသည် ဘက်တီအိုသို့ နှစ်ရက်ကြာခရီးစဉ်အဖြစ် ဇန်န၀ါရီ ၁၈ ရက်ကထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ဘတ်တီအိုသည် ကီရာဘတီကျွန်းနိုင်ငံ၏ မြို့တော်ဆော့တာရာဝါ၏ အကြီးဆုံးမြို့နယ်ဖြစ်သည်။

ထိုဖြစ်စဉ်ကို ကီရီဘတီအစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုအား ကီရီဘတီဝန်ကြီးချုပ်ဟောင်း လီရီမီယာတာဘိုင်က အပြစ်တင်ခဲ့သည်။ တာဘိုင်သည် လက်ရှိတွင် သင်္ဘောထွက်ခွာသွားခဲ့သည့် နိုနော့တီကျွန်း၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

သင်္ဘောပျောက်ဆုံးကြောင်း သတိပေးချက်ထုတ်ပြန်ရန် ရှစ်ရက်ကြာမြင့်ခဲ့ရသည့် အကြောင်းရင်းနှင့် ပင်လယ်ပြင်တွင်မသွားနိုင်သော သင်္ဘောတစ်စင်းကို အဘယ်ကြောင့် ခုတ်မောင်းခွင့်ပြုခဲ့ကြောင်းကို နိုနော့တီကျွန်းပေါ်မှ ၀မ်းနည်းကြေကွဲနေကြသူ ၂၀၀၀ ကျော်သည် သိလိုနေကြသည်ဟု ၎င်းဆိုသည်။

“ဒီဖြစ်စဉ်ကိုစုံစမ်းဖို့ အမှီအခိုကင်းတဲ့ ကော်မရှင်တစ်ခုလိုပါတယ်” ဟု ၎င်းက နယူးဇီလန်ရေဒီယိုသို့ ပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်၏ အနီးကပ်နှင့် အချမ်းသာဆုံးမဟာမိတ်များအား ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်မည်ဟု အမေရိကန် ခြိမ်းခြောက်

ဇန်န၀ါရီ ၃၀ ရက်က မော်စကိုတွင် အခမ်းအနားတစ်ခု၌ စကားပြောနေသော သမ္မတ ပူတင် (Photo: AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အနီးကပ်ဆုံးနှင့် အချမ်းသာဆုံး မဟာမိတ်များ၏စာရင်းအား အမေရိကန်၏ထုတ်ပြန်မှုကို ပူတင်ကပယ်ချခဲ့ပြီးနောက် ရုရှားအား မကြာမီပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဟု အမေရိကန်က ဇန်န၀ါရီ ၃၀ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။ ရုရှားနှင့်ဆက်ဆံရေးနွေးထွေးလာစေရန် မျှော်လင့်နေဆဲဖြစ်သော အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စိတ်မပါဘဲ လက်မှတ်ထိုးခဲ့ပြီးနောက် ရက်ပေါင်း ၁၈၀ အကြာတွင် အာဏာသက်ဝင်ခဲ့သည့် ဥပဒေသစ်အရ ဇန်န၀ါရီ ၂၉ ရက်တွင် အမေရိကန်က ရုရှားအား ပိတ်ဆို့အရေးယူမှုသစ် အများအပြားချမှတ်မည်ဟု မျှော်လင့်ထားကြသည်။

သို့သော် အံ့အားသင့်ဖွယ်အဖြစ် ၀ါရှင်တန်သည် ပိတ်ဆို့အရေးယူမှုသစ်များ ရင်ဆိုင်ရနိုင်သောကုမ္ပဏီများ သို့မဟုတ် တစ်ဦးချင်းစီအား ဖော်ထုတ်ပေးရန်ငြင်းဆန်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ပူတင်၏အတွင်းစည်းလူများဟု သတ်မှတ်ခံရသော အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် အလွန်အမင်းကြွယ်ဝသူများ၏စာရင်းကိုသာ ထုတ်ပြန်ခဲ့သည်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်စွက်ဖက်ခဲ့သည်ဟု သံသယရှိမှုဖြင့် မော်စကိုအား အရေးယူရန် တောင်းဆိုမှုများရှိနေသော်လည်း ယင်းစာရင်းတွင် ပါဝင်သူများသည် အရေးယူမှု ချက်ချင်းကြုံတွေ့ရမည်မဟုတ်ပေ။

ပူတင်ကလည်း အမေရိကန်၏ မိတ်ဆွေမဆန်သော ယင်းနောက်ဆုံးလုပ်ရပ်သည် အသေးအမွှား အဆင်မပြေမှုသာဖြစ်ကြောင်း ပယ်ချခဲ့သည်။ Forbes မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်နေကျ အလွန်အမင်းကြွယ်ဝသူများစာရင်းကဲ့သို့ အလွယ်တကူရရှိနိုင်သော အချက်အလက်များကိုအခြေပြု၍ ယခုစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ၀န်ခံခဲ့သည်။ ယင်းစာရင်းတွင် ၎င်း၏အမည်မပါသဖြင့် စိတ်ပျက်မိကြောင်း အသက် ၆၅ နှစ်ရှိ ပူတင်က ထောက်ခံသူများအား ပြောကြားခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု သို့မဟုတ် ယူကရိန်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများအား စွက်ဖက်မှုတို့အတွက် ရုရှားအားအပြစ်ပေးရန် အမေရိကန်အစိုးရကို အခွင့်အာဏာပေးထားသည့် (CAATSA) ဥပဒေ သို့မဟုတ် အခြားအက်ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးစတီဗင်နူချင်းက အထက်လွှတ်တော်ကြားနာမှု၌ ပြောကြားခဲ့သည်။ လာမည့်လပိုင်းအတွင်း၊ တစ်လအတွင်း ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်နိုင်ကြောင်း နူချင်းက ပြောကြားခဲ့သည်။

အမေရိကန်က ထုတ်ပြန်ခဲ့သောစာရင်းတွင် ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်၊ ရုရှား၏ဒုတိယသြဇာအကြီးဆုံးပုဂ္ဂိုလ်ဟု ယူဆခံရသော နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကြီး Rosneft အမှုဆောင်ချုပ် အီဂေါ်ဆီချင်းတို့အပါအ၀င် နိုင်ငံရေး သို့မဟုတ် အစိုးရတာဝန်ရှိသူ ၁၁၄ ဦးနှင့်အတူ ပိုင်ဆိုင်မှုဒေါ်လာတစ်ဘီလျံထက်မနည်းစီရှိကြသော သြဇာကြီးလုပ်ငန်းရှင်များဟု ယူဆရသူ ၉၆ ဦးတို့ပါဝင်သည်။ မတ်တွင် ကျင်းပမည့်ရုရှားသမ္မတ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံထားရသော ခြစားမှုတိုက်ဖျက်ရေးတက်ြွကလှုပ်ရှားသူ အလက်ဇီနာဗာညီက အမေရိကန်၏စာရင်းသည် ၎င်းနှင့်၎င်း၏အဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည့်စာရင်းထက် ပိုမိုများပြားကြောင်း ပြောကြားခဲ့သည်။

■ ကွန်တီ၏နောက်တွင်ကစားသမားများရှိသည်ဟု ဒရင့်ဝါတာ ဆို

 

Photo: Chelsea Season

 

ချယ်လ်ဆီးအသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဒရင့်ဝါတာက အသင်းတွင် အနာဂတ်လှုပ်ခတ်နေသော နည်းပြ ကွန်တီ၏နောက်တွင် မိမိတို့ကစားသမားများ အားပေးထောက်ခံမှုအပြည့်ဖြင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နွေရာသီက လက်စတာမှ ချယ်လ်ဆီးသို့ ရောက်ရှိလာသော ဒရင့်ဝါတာက ” ကျွန်တော်တို့ ကစားသမားတွေ အနေနဲ့ နည်းပြဖြစ်သူအပေါ်မှာ ယုံကြည်ချက်အပြည့်အ၀ ရှိပါတယ်။ အသင်းအတွက် ကျွန်တော်တို့ အာရုံစိုက်ပြီး ရလဒ်ကောင်းတွေရရှိအောင် ကြိုးစားမှာပါ” ဟု ပြောကြားခဲ့သည်။

ကွန်တီသည် လက်ရှိတွင် ချယ်လ်ဆီးအသင်းဒါ ရိုက်တာအဖွဲ့ဝင်များနှင့် မပြေလည်ဟု သတင်းများထွက် ပေါ်လျက်ရှိသည်။

အငြင်းပွားဖွယ် သမ္မတသက်တမ်း ပထမနှစ်အပြီးတွင် ထရန့်က ညီညွတ်ကြရန် နိုင်ငံတော်မိန့်ခွန်း၌ တိုက်တွန်း

ဇန်န၀ါရီ ၃၀ ရက်က ၀ါရှင်တန်တွင် အမေရိကန်ကွန်ဂရက်၌ မိန့်ခွန်းပြောနေသော သမ္မတဒေါ်နယ်ထရန့် (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်န၀ါရီ ၃၀ ရက်တွင် ပြောကြားခဲ့သော ၎င်း၏ပထမဆုံးနိုင်ငံတော်မိန့်ခွန်း၌ ညီညွတ်ကြရန်နှင့် ခိုင်မာသောနယ်စပ်များ တည်ဆောက်ကြရန် မေတ္တာရပ်ခံခဲ့သည်။ မပြေလည်မှုများ၊ သဘောကွဲလွဲမှုများ၊ အရှုပ်တော်ပုံများကြောင့် ရုပ်ပျက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ‘အမေရိကန် တစ်မိသားစု’ ဖော်ဆောင်ရန်လည်း ၎င်းကတိုက်တွန်းခဲ့သည်။

၎င်း၏အရေးကြီးဆုံးမိန့်ခွန်းပြောရာတွင် သဘောထားကွဲလွဲမှု အများဆုံးဖြစ်ပေါ်စေခဲ့သည့် ထရန့်က လွှတ်တော်နှစ်ရပ်ပေါင်းသော ကွန်ဂရက်သို့တက်ရောက်လာသူများအား အားကောင်းသောစီးပွားရေးကို မီးမောင်းထိုးပြရန်ကြိုးပမ်းခဲ့ပြီး ရွှေ့ပြောင်းအခြေချများအား တင်းကျပ်သောထိန်းချုပ်မှုများ ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။ ရွှေ့ပြောင်းအခြေချများအား လျှော့ချရန် ၎င်း၏တွန်းအားပေးမှုကို အလျှော့ပေးခြင်းမရှိသော်လည်း ထရန့်၏မိန့်ခွန်းအဖွင့်သည် တစ်မူထူးလျက် ပြေရာပြေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြုံယမ်း၏အဆင်ခြင်မဲ့သော နျူကလီးယားစီမံကိန်းသည် အမေရိကန်အား မဝေးသောအနာဂတ်တွင် ခြိမ်းခြောက်လာနိုင်ကြောင်း ထရန့်ကသတိပေးခဲ့ပြီး ပြိုင်ဘက်တရုတ်နှင့် ရုရှားတို့၏ ပထ၀ီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ၎င်းက ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။ သို့သော် တစ်နာရီမိနစ် ၂၀ ကြာမြင့်ခဲ့ပြီး တတိယအရှည်ဆုံး နိုင်ငံတော်မိန့်ခွန်းဖြစ်ခဲ့သည့် ထရန့်၏မိန့်ခွန်းတွင် ပြည်တွင်းရေးရာများကိုသာ အဓိကအာရုံစိုက်ခဲ့သည်။

ထရန့်၏မိန့်ခွန်းအား တက်ရောက်နားထောင်သူများတွင် ၎င်း၏ဇနီးမီလန်နီယာထရန့်အပါအ၀င် မိသားစုဝင်များလည်း ပါဝင်ခဲ့သည်။ သို့သော် ထရန့်သည် အပြာမင်းသမီးတစ်ဦးအား နှုတ်ပိတ်ခပေးခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း လူမြင်ကွင်း၌ ခင်ပွန်းဖြစ်သူနှင့်အတူ မတွေ့ရတော့သော မီလန်နီယာသည် ဆွစ်ဇာလန်တွင်ကျင်းပသည့် ဒါးဗို့စ်ထိပ်သီးသို့လည်း မတက်ရောက်ခဲ့ပေ။ ထို့ပြင် ကွန်ဂရက်သို့တက်ရောက်ရာတွင် ထရန့်ဇနီးမောင်နှံသည် အစဉ်အလာချိုးဖောက်လျက် သီးခြားစီလာရောက်ခဲ့ကြသည်။

စီးပွားရေးနှင့်ပတ်သက်၍ ထရန့်က အမေရိကန်ကိုကျော်လွန်၍ မျှော်ကြည့်ခဲ့ပြီး မျှတသောကုန်သွယ်ရေးကို တောင်းဆိုကာ စီးပွားရေးဆိုင်ရာ အလျှော့ပေးသည့် ခေတ်ကုန်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရက်များနှင့် ရီပက်ဘလီကင် အများအပြားအတွက် ရွံမုန်းစရာဖြစ်နေသော အငြင်းပွားဖွယ် ဂွမ်တာနာမိုအကျဉ်းစခန်းအား ဆက်လက်ဖွင့်ထားမည်ဟုလည်း ထရန့်ကကတိပြုခဲ့သည်။

အမေရိကန်သန်း ၄၀ အထိစောင့်ကြည့်ခဲ့ကြသော ယင်းမိန့်ခွန်းအပြီးတွင် CNN က မိန့်ခွန်းကြည့်ရှုသူများအား စစ်တမ်းမေးမြန်းခဲ့ရာ ၄၈ ရာခိုင်နှုန်းက ထရန့်၏မိန့်ခွန်းအား အပြုသဘောရှုမြင်ခဲ့ကြသည်။ သမ္မတဟောင်း ဘာရက်အိုဘားမားလက်ထက် ပထမဆုံးနိုင်ငံတော်မိန့်ခွန်းကိုမူ ကြည့်ရှုသူ ၅၇ ရာခိုင်နှုန်းက အပြုသဘောရှုမြင်ခဲ့ကြသည်။ ထရန့်၏မိန့်ခွန်းသည် CNN က ၁၉၉၈ ခုနှစ်တွင် ပထမဆုံးစစ်တမ်းကောက်ယူခဲ့ပြီးနောက်ပိုင်း ထောက်ခံမှုအနိမ့်ဆုံးဖြစ်ခဲ့သည်။

Jude Jude Family ကုမ္ပဏီမှာ Thit Myat public Holding ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိဟုဆို

လတ်တလောတွင် ငွေကြေးအရှုပ်အရှင်း ပြသာနာများဖြစ်ပွားလျက်ရှိသည့် Jude Jude ကုမ္ပဏီနှင့် Thit Myat public Holding ကုမ္ပဏီမှာ သက်ဆိုင်ခြင်းမရှိကြောင်း Thit Myat public Holding ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကုမ္ပဏီချင်းမတူပါဘူး။ Jude Jude ကုမ္ပဏီမှာပါဝင်တဲ့ မသက်သက်မြိုင်က Thit Myat public Holding ကုမ္ပဏီမှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရှိပါတယ်။ အခုကိစ္စတွေဖြစ်လာတော့ သူ့ကိုဒါရိုက်တာအစည်းအဝေးကနေ ထုတ်ပယ်ဖို့ စီစဉ်နေပါတယ်” ဟု Thit Myat public Holding ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Thit Myat public Holding ကုမ္ပဏီမှာ လက်ရှိတွင် ဒါရိုက်တာခြောက်ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီမှ လုပ်ဆောင်ချက်များမှာ Jude Jude Family ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း အဆိုပါတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

Jude Jude Family ကုမ္ပဏီမှာ လက်ရှိတွင် ကျပ်သိန်းပေါင်း သောင်းနှင့်ချီလိမ်လည်ခဲ့သည်ဟုဆိုကာ အစုရှယ်ယာရှင်များနှင့် ပိုင်ရှင်ဖြစ်သည့် ဒေါ်သက်သက်မြိုင်အကြား အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိကြောင်း Jude Jude Family ကုမ္ပဏီတွင် ရှယ်ယာဝင်ထားပြီး ငွေကြေးပြန်လည်မရရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

ရှယ်ယာရှင်များ၏ ငွေကြေးများနှင့်ပတ်သက်ပြီး ခြောက်လပိုင်းတွင် ငွေကြေးများ ပြန်ပေးမည်ဖြစ်ကြောင်း အမှုဖွင့်ထားသူများကိုလည်း တရားဥပဒေအရ ပြန်လည်ရင်ဆိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီ ၃၀ ရက်က ဖိုးစိန်လမ်းရှိ Holiday စားသောက်ဆိုင်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်သက်သက်မြိုင်က ပြောကြားထားသည်။

လက်ရှိတွင် အဆိုပါငွေကြေးကိစ္စများနှင့်ပတ်သက်ပြီး အမှုအခင်းများဖြစ်ပွားလျက်ရှိကြောင်းသိရပြီး Jude Jude Family ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးမှာ ဖမ်းဆီးခံထားရကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်ခြင်း လုံးဝရပ်တန့်စေရေး မုန်းဒေသခံများ ဆန္ဒထုတ်ဖော်

ကျောက်ကြီးမြို့အတွင်း မုန်းဒေသခံများ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်စဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့၌ ဇန်န၀ါရီ ၃၁ ရက် နံနက် ၁၀ နာရီခွဲက ကျောက်ကြီးမြို့နယ် မုန်းဒေသ မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်နေသော လုပ်ငန်းများလုံးဝရပ်တန့်စေရန်အတွက် မုန်းဒေသခံများက ကျောက်ကြီးမြို့အတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်ခြင်းများ ရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခြင်းအား ပြီးခဲ့သော ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၆ ရက်က တစ်ကြိမ်ဆန္ဒထုတ်ဖော်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း အဆင်မပြေသောကြောင့် ယခု ဇန်န၀ါရီ ၃၁ ရက်တွင် ဒုတိယအကြိမ်မြောက် ထပ်မံဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ တရားဝင်အသိပေး ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခြင်းနှင့်ပတ်သက်ပြီး ဦးဆောင်သူ ကိုကျော်စွာက “ဒီကျောက်ကွင်းထဲကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်က ဦးကျော်မင်းဇံကိုယ်တိုင် ကွင်းဆင်းပြီး ရှင်းပြသွားတယ်။ ရှင်းပြသွားပြီး အကုန်လုံး ဒီလိုဒီလိုဆိုပြီး ညွှန်ပြခဲ့တာပေါ့နော်။ ညွှန်ပြတဲ့အတိုင်းအတာကို သူတို့က လိုက်နာဆောင်ရွက်ခြင်း တစ်ယောက်မှမရှိဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က တအားနစ်နာတယ်။ တအားလည်းခံရပြင်းလို့ ကျွန်တော်တို့ ဒီလမ်းပေါ်တက်ရခြင်းဖြစ်ပါတယ်” ဟုပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲအား ပဲခူးရပ်ကွက်မ ဆယ်ကွေ့လမ်းဆုံမှ နံနက် ၉ နာရီခန့်တွင်စတင်၍ ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ရောက်ရှိ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်ဦးဆောင်ပြီး လုပ်ငန်းရှင်များ၊ ဒေသခံဆန္ဒထုတ်ဖော်ပြည်သူများ ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ ကိုယ်လုပ်ပေးနိုင်တဲ့အနေအထား၊ လုပ်မပေးနိုင်တဲ့အနေအထားဆိုရင် အထက်ကိုတင်ပြတယ်။ အဲဒီထဲမှာ ကျွန်တော်တို့က ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများတိုးတက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ၁၁ လပိုင်းထဲမှာပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ရောက်လာတယ်။ ရောက်လာပြီးတော့မှ ကျောက်ကြီးမှာလည်း ဒီလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲလုပ်တယ်။ ရုံးမှာလည်း လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲလုပ်တယ်။ အခုက တစ်ယောက်မှမလုပ်နိုင်သေးဘူး။ သူတို့တွေကတော့ လိုင်စင်တော့ကျပြီးပြီလို့ကြားတယ်။ မလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးဘူးဆိုတာက ဒီလိုမျိုးကန့်ကွက်တာတွေရှိတော့ ခဏတားထားတယ်။ တရားဝင်ခွင့်ပြုချက်လည်း တင်ပြ၊ ငွေသွင်းပြီးပြီဆိုရင်တော့ သူတို့လုပ်ငန်းကို စနစ်တကျလုပ်နိုင်အောင် ကျွန်တော်တို့ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က ပြောကြားသည်။