ထိုင်းနိုင်ငံ ပထုန်ဋ္ဌာနီမြို့နယ်ရှိ အသားလုံး စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁၅၀ ကျော် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည်ဟုဆိုကာ အလုပ်မဆင်းဘဲ ဆန္ဒပြ

ထိုင်းနိုင်ငံ ပထုန်ဋ္ဌာနီမြို့နယ်ရှိ အသားလုံးစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သား ၁၅၀ ကျော်က အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည်ဟုဆိုကာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့သည့်အတွက် အလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်က လက်ခံခဲ့သည့်အတွက် ပြေလည်မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

အသားလုံးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအား အလုပ်ရှင်သူဌေးက အိုတီခအပြည့်အ၀မပေးခြင်း၊ ထိုင်းအစိုးရက သတ်မှတ်ပေးထားသည့် တစ်ရက်လုပ်အားခ ဘတ် ၃၁၀ အပြည့်အ၀မပေးမှု၊ အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေတွင် အချိန်ပိုဆင်းရပါက လုပ်အားခနှစ်ဆမပေးမှု၊ ထိုင်းအစိုးရရုံးပိတ်ရက်များကိုလည်း ခံစားခွင့်မရ ရှိမှုအပါအ၀င် အခြားအလုပ်သမားအခွင့် အရေးများ ချိုးဖောက်ခံနေရသည့်အတွက် အလုပ်သမားများက သြဂုတ် ၃၁ ရက် နံနက် ၈ နာရီတွင် အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုရာ အလုပ်ရှင်က အလုပ်သမားများဘက်မှ တောင်းဆိုချက်များကို လက်ခံခဲ့သည့်အတွက် ပြေလည်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း AAC အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

“အဓိက,က လုပ်ငန်းခွင်အခွင့်အရေးတွေ ချိုးဖောက်တာပေါ့။ အိုတီတစ်နာရီကို ဘတ်  ၄၀  ပဲရတယ်။ အိုတီအပြည့်အ၀မရဘူး။ ပြီးတော့ နေ့စားခ ဘတ် ၃၁၀ ပေးတာကလည်း မကြာသေးဘူး။ ပြီးတော့ အိမ်သာတက်လို့ ၁၀ မိနစ်ကျော်ရင် ၃၁၀ ဖြတ်တယ်။ တနင်္ဂနွေနေ့ဆို နှစ်ရက်စာမရဘူး။ ပြီးတော့ ထိုင်းအစိုးရရုံးပိတ်ရက်တွေမှာဆိုရင် ခံစားခွင့်တွေမရဘူး။ အဲဒီအတွက် အလုပ်သမားတွေက အလုပ်မဆင်းဘဲ ဆန္ဒပြတာပါ။ အလုပ်ရှင်က အလုပ်သမားတွေဘက်က တောင်းဆိုတာကို လက်ခံလိုက်တဲ့အတွက် အခု ပြေလည်မှုရရှိသွားပါပြီ” ဟု ကိုရဲမင်းက သြဂုတ် ၃၁ ရက်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ လုပ်ငန်းရှင်သူဌေးများ၊ မန်နေဂျာများ၏ လုပ်အားခခေါင်းပုံဖြတ်ခံရခြင်းအပါဝင် အခြားအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ခံရလေ့ရှိပြီး တရားမ၀င် အလုပ်သမားဆိုပါက အလုပ်ရှင်က ထိုင်းရဲများအား ခေါ်၍ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်လေ့ရှိသည်။

ရန်ကုန်တိုင်းအတွင်း ရေကြီးရေလျှံမှု၊ သဘာဝဘေး အန္တရာယ်ရန်ပုံငွေနှင့် အဆောက်အအုံများ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ ၁၂၄ သန်းသည် နည်းပါးကြောင်း ရန်ကုန်မြို့တော်ဝန် ပြောကြား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ရေကြီးနေသည်ကို ဇူလိုင်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းအတွင်း ရေကြီးရေလျှံမှု၊ သဘာဝဘေးအန္တရာယ်ရန်ပုံငွေနှင့် အဆောက်အအုံများ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ ၁၂၄ သန်းသည် နည်းပါးနေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သြဂုတ် ၃၁ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ပြောကြားသည်။

အဆိုပါ ကမ္ဘာ့ဘဏ်ချေးငွေနှင့်ပတ်သက်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအားလုံးတွင် ရေကြီးရေ လျှံမှုဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ ၁၂၄ သန်းရရှိမှုအပေါ် မည်သည့်လုပ်ငန်းစီမံချက်များ ဆောင်ရွက်ရန်ရှိသနည်း၊ မြို့တွင်းခြောက်မြို့နယ်အပြင် ကျန်သည့်မြို့နယ်များ၌ ရေကြီးရေလျှံမှု ကာကွယ်ရန်မည်သည့် အစီအစဉ်များ ပြုလုပ်ထားသည်ကို သိရှိလိုကြောင်း၊ ၎င်းရရှိငွေများထဲမှ အဆောက်အအုံများ ဘေးကင်းလုံခြုံရေးအတွက် ၂၂ သန်း၊ အခြားကဏ္ဍ၌သုံးစွဲရန် ၂၁ သန်းဆိုသည်မှာ မည်သည့်ကဏ္ဍများတွင် သုံးစွဲရန်အစီအစဉ်ရှိသနည်း မေးခွန်းနှင့် ပတ်သက်ပြီး မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒါတွေက ပြည်သူလူထုသိရမယ့် ကိစ္စတွေပါ။ ပွင့်လင်းမြင်သာမှုရှိရမှာပါ။ ဒါဟာရေရှည်အတွက် စီမံရမယ့်ကိစ္စဖြစ်ပါတယ်။ လုပ်ငန်းတွေမှာ လုပ်ငန်းစီမံချက် အပိုင်း (၁)မှာပါတာကတော့ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံရန်ပုံငွေ ထူထောင်တဲ့နေရာမှာ ပါဝင်ဆောင်ရွက်ခြင်းဆိုပြီးတော့ အမေရိကန်ဒေါ်လာသန်း ၂၀ နဲ့ ထောက်ပံ့ငွေတစ်သန်း သတ်မှတ်ထားပါတယ်။ လုပ်ငန်းအပိုင်း (၂) မှာ မြို့ပြရေကြီး ရေလျှံစီမံခန့်ခွဲခြင်း အမေရိကန်ဒေါ်လာ ၇၇ သန်းဖြစ်ပါတယ်။ အကုန်လုံးအတွက် မဟုတ်ပါဘူး။ သူက အပိုင်းလိုက်ခွဲထားပါတယ်။ နောက်လုပ်ငန်းအပိုင်း (၃) မှာဆိုရင် အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်ခြင်းဆိုပြီးတော့ အမေရိကန်ဒေါ်လာ ၂၂ သန်းနဲ့ အသိပညာပေးခြင်းနဲ့ စီမံကိန်းစီမံခန့်ခွဲခြင်းအတွက် အမေရိကန်ဒေါ်လာ ငါးသန်းဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီအပိုင်းတွေအရ ကြည့်မယ်ဆိုရင် ရတဲ့ချေးငွေက နည်းတောင်နည်းနေပါသေးတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ရေကြီးရေလျှံမှုအတွက် အသုံးပြုမည့် ဒေါ်လာ ၇၇ သန်းသည် Down Town ခြောက်မြို့နယ်တွင် တိုက်ရိုက်အကျိုးခံစားရမည်ဖြစ်ပြီး အဆိုပါမြို့နယ်များနှင့် ထိစပ်နေသည့် ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များသည်လည်း သွယ်ဝိုက်အကျိုးခံစားခွင့်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“စီမံကိန်းအကောင်အထည်ဖော်ပြီးစီး တဲ့အခါမှာ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နဲ့ ပုဇွန်တောင်စတဲ့ Down Town ခြောက်မြို့နယ်မှာ တိုက်ရိုက်အကျိုးခံစားရမှာ ဖြစ်ပါတယ်။ ဒီအပြင်နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်းနဲ့ မင်္ဂလာတောင်ညွန့်တွေမှာလည်း သွယ်ဝိုက်အကျိုးခံစားဖို့ ရှိပါတယ်။ ဒါ့အပြင် ကျန်ရှိနေတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံလျော့နည်းဖို့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဆောင်ရွက်မယ့်စီမံကိန်းကတော့ ခြောက်နှစ်တာ စီမံကိန်းကာလဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ ဒီမြို့နယ်တွေအတွက် လိုအပ်မယ့် သတင်းအချက်အလက်၊ မိုးရေချိန်တွေ၊ လူထုသုံးစွဲတဲ့ရေပမာဏ၊ စွန့်ပစ်ရေဆိုးနဲ့ပတ်သက်တဲ့ အသေးစိတ်ပုံစံများနဲ့ လေ့လာနေပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ဆက်လက်ပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက “ရေကြီးရေလျှံမှုနဲ့ ပတ်သက်တဲ့ အခါကျတော့ အရင်တုန်းက တစ်ဘီလျံ သုံးစွဲခဲ့ပါတယ်။ အဲဒါဘာအတွက်လဲဆိုတော့ ရှိနေတဲ့ အခြေခံအဆောက်အအုံတွေက အရင်ကတည်းက တည်ဆောက်ထားတဲ့အရာတွေ၊ ရန်ကုန်လူဦးရေတိုးလာတာနဲ့အမျှ အဆောက်အအုံနဲ့ ပတ်သက်တာတွေပြင်ရမယ်။ လာမယ့် အနာဂတ်လူဦးရေအတွက်ဆိုရင် အခြေခံအဆောက်အအုံတွေကို ပြောင်းရမှာဖြစ်တယ်။ ပြောင်းရမှာဖြစ်တဲ့အတွက် ဒီငွေဟာ တကယ်တမ်းကျတော့ ချင့်ချင့်ချိန်ချိန် သုံးရမှာဖြစ်ပါတယ်။ ဒါက နိုင်ငံတော်ရဲ့ အကြွေးတွေ ဖြစ်ပါတယ်။ သုံးတဲ့နေရာမှာလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ ပွင့်လင်းမြင်သာစွာသုံးရမယ်။ ဒါတွေက ပြည်သူလူထုနဲ့ ဆိုင်တဲ့အတွက်ကြောင့် ပြည်သူလူထုပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့အစီအစဉ် ရှိပါတယ်” ဟု ပြောကြားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေးအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးသည် မြန်မာနိုင်ငံအတွက် မည်မျှအရေးပါနေသည်ကို မောင်တောဒေသ အကြမ်းဖက်ဖြစ်ရပ်များက သာဓက ပြလျက်ရှိပါသည်။ လတ်တလောသတင်းများအရ မောင်တောမြို့တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်ဖြစ်ရပ်များကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားအများအပြား ဘေးကင်းရာ နေရာများသို့ ရွှေ့ပြောင်းနေကြရပြီး အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။ မောင်တောဒေသမှ ဘူးသီးတောင်၊ စစ်တွေ အပါအ၀င် အခြားဒေသများသို့ ပြောင်းရွှေ့နေသူများ ထောင်ချီရှိလာသည်။ ယင်းအပြင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်ဖြစ်ရပ်များကြောင့် အခက်တွေ့ခဲ့ရသူ အများစုမှာ ကယ်ဆယ်ရေးစခန်းများတွင် ရွှေ့ပြောင်းနေထိုင်နေကြရသည်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများကိုသာ ခံစားခဲ့ရသည်မဟုတ်ဘဲ အခြားသော ကျန်းမာရေးအပါအ၀င် လူမှုအခက်အခဲများကိုပါ ရင်ဆိုင်နေကြရသည်။

ထို့ပြင် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်။ မောင်တောမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင်လည်း ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများလည်း ဆက်လက်ဖြစ်ပွားနေသည်။ ယင်းကဲ့သို့သော အကြမ်းဖက်ဖြစ်ရပ်များကြောင့် ဒေသခံတိုင်းရင်းသားများ၏ အလိုလားဆုံးဆန္ဒမှာ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် လုံလောက်သည့် အကာအကွယ်များရရှိရေးပင် ဖြစ်သည်။

“နိုင်ငံတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်အစီအမံတွေနဲ့ ဖြေရှင်းကြိုးပမ်းဆောင်ရွက်နေတဲ့အပြင် လတ်တလော နေရပ်စွန့်ခွာနေရသူတွေရဲ့ လုံခြုံရေးနဲ့ ရေရှည်ရပ်တည်နေနိုင်ရေးတို့အတွက်လည်း အလေးထား ဆောင်ရွက်နေပါတယ်။ ဒါကြောင့် အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ အားပေးကူညီသူတွေကို အကြမ်းဖက်ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး လိုအပ်တဲ့ဒေသတွေမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန် ဆောင်ရွက်နေပါတယ်။ ဒေသခံတိုင်းရင်းသားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က လုံခြုံရေးအင်အား တိုးမြှင့်ချထားဆောင်ရွက်ပေးနေပြီး ဒေသဖွံ့ဖြိုးရေးကိုလည်း အလေးထား ဆောင်ရွက်နေပါတယ်။ ဒါကြောင့် အဆိုကို အတည်ပြုသင့်ပါတယ်” ဟု မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာထွက်ပြေးလာသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန်အဆိုနှင့် ပတ်သက်၍လွှတ်တော်၌ ဆွေးနွေးရာတွင် ဒုတိယ၀န်ကြီးက  ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

ယခုအခါတွင် မောင်တောဖြစ်စဉ် စတင်ပေါ်ပေါက်ခဲ့သည့် သြဂုတ် ၂၅ ရက် နောက်ပိုင်းမှစ၍ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ အင်အားများဖြင့် အကာအကွယ်ပေးနိုင်ရန်၊ မလိုလားအပ်သော ပြဿနာများ မပေါ်ပေါက်ရန်၊ အစွန်းရောက်အကြမ်းဖက်များ အန္တရာယ်မှ ကာကွယ်ရန် လုပ်ဆောင်လျက်ရှိနေပြီ ဖြစ်သည်။ သို့ပါ၍ ယခုကဲ့သို့ အကြမ်းဖက်ဖြစ်ရပ်များအပေါ် သာဓကပြု၍ ဘေးကင်းလုံခြုံမှုရှိစေရေး၊ တရားဥပဒေစိုးမိုးမှုရှိစွာဖြင့် ပြည်သူလူထုအား အကာအကွယ်ပေးနိုင်ရေး အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများ အလေးထားလုပ်ဆောင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

ရန်ကုန်တိုင်းအတွင်းရှိ နှစ် ၃၀ ဂရန်ဖြင့် ငှားရမ်းထားသည့် သစ်တောစိုက်ခင်းများအား ရာခိုင်နှုန်း ၇၀ အထက် အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်းမရှိပါက ပြန်သိမ်းမည်ဟုဆို

သြဂုတ် ၃၁ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပစဉ်

ရန်ကုန်တိုင်းအတွင်းရှိ နှစ် ၃၀ ဂရန်ဖြင့် ငှားရမ်းထားသည့် သစ်တောစိုက်ခင်းများအား ရာခိုင်နှုန်း ၇၀ အထက် အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်းမရှိပါက ပြန်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက သြဂုတ် ၃၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်တောမြေများကို နှစ် ၃၀ မြေငှားဂရန်စနစ်ဖြင့် ချုပ်ဆိုထားသော မြေငှားဂရန်ရရှိသူများက စာချုပ်ပါအတိုင်း ဆောင်ရွက်ထားမှုမရှိဘဲ စာချုပ်ဖောက်ဖျက်သူများကို စာချုပ်ဖျက်သိမ်းခြင်း၊ စာချုပ်ပါမြေကို သစ်တောဦးစီးဌာနမှ ပြန်လည်သိမ်းဆည်းရန် အစီအစဉ်ရှိမရှိသိလိုသည့်  ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး ၀န်ကြီး ဦးဟံထွန်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

“၂၀၁၆ သြဂုတ်မှ စပြီးတော့ စိုက်ပြီးတည်ထောင်လိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်များအား အမှန်တကယ်စိုက်ပျိုးရေး၊ အောင်မြင်သော စိုက်ခင်းများဖြစ်စေရေး စတဲ့အချက်များဖြင့် ကျွန်တော်တို့ ဆောင်ရွက်ဆဲ စိုက်ခင်းဧကနဲ့ ဆောင်ရွက်လိုသည့် စိုက်ခင်းဧကအတိုင်း လုပ်ငန်းအာမခံငွေကို စီးပွားရေးဘဏ်မှာ တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ကြိုတင်ငွေပေးသွင်းစေပြီး စိုက်ပျိုးခွင့်ပြုကြောင်းနှင့် စိုက်ခင်းအောင်မြင်မှု ရာခိုင်နှုန်း ၇၀ အထက်မရှိလျှင်သော်လည်းကောင်း၊       စိုက်ပျိုးခြင်းမပြုရင်သော်လည်းကောင်း၊ စိုက်ပျိုးရန် ခွင့်ပြုပြီးသောမြေနှင့် လုပ်ငန်းအာမခံငွေများကို ပြန်လည်သိမ်းဆည်းခြင်း ပြုမည်ဖြစ်ကြောင်း တရားဝင် အသိပေးကြေညာထားရှိပြီး ဖြစ်တယ်။ ပုဂ္ဂလိက စိုက်ခင်းတည်ထောင်ခွင့်ပြုခြင်းနဲ့ ကုန်သွယ်ခွန်တို့ကို အောင်မြင်သော စိုက်ခင်းများဖြစ်မှသာ မြေငှားခပေးသွင်းစေပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ သိမ်းဆည်းစိုက်ခင်းများနဲ့ ပတ်သက်လို့ ကျွန်တော်တို့သတ်မှတ်ထားတဲ့ အချက်အလက်များနဲ့ ငြိစွန်းနေတယ်။ မအောင်မြင်ဘူးဆိုရင် ဆက်လက်သိမ်းဆည်းသွားဖို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အတွင်း ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ရန် နှစ် ၃၀ မြေငှားစနစ်ဖြင့် စိုက်ခင်းဧက ၂၅၇၄၄ ငှားရမ်းခဲ့ပြီး စာချုပ် စည်းကမ်းဖောက်ဖျက်သည့် စိုက်ခင်းဧက ၂၁၉၄၅ ဧကကို ဌာနမှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီး၊ လှည်းကူး၊ တွံတေးမြို့နယ်များအတွင်းများမှာ ပုဂ္ဂလိက သစ်တောစိုက်ခင်းများကို နှစ် ၃၀ မြေငှားစနစ်ဖြင့် ခွင့်ပြုခဲ့ရမှာ ၂၀၀၆-၂၀၀၇ ခုနှစ်မှ ၂၀၁၆-၂၀၁၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့သူပေါင်း ၁၀၆ ဦး ရှိပါတယ်။ ချုပ်ဆိုခဲ့တဲ့ စိုက်ခင်းဧက ၂၅၇၇၄ ဧက ဖြစ်ပြီးတော့ စာချုပ်စည်းကမ်းဖောက်ဖျက်လို့ စိုက်ခင်းဧကပေါင်း ၂၁၉၄၅ ဧကကို ဌာနမှ ပြန်လည်သိမ်းဆည်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၇- ၂၀၁၈ ခုနှစ် မှာ စာချုပ်စည်းကမ်းဖောက်ဖျက်မှုအဖြစ် ပြန်လည်သိမ်းဆည်းရန် ပုဂ္ဂလိကသစ်မာ စိုက်ခင်းလုပ်ငန်းရှင် ၄၉ ဦး၏ စာချုပ်ချုပ်ဆိုခွင့်ပြုခဲ့ပြီး ၇၄၂၆ ဧကအနက်က ၅၂၄၉ ဧကကို ပြန်လည်သိမ်းဆည်းဖို့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၀န်ကြီးဦးဟံထွန်းက ပြောကြားသည်။

ရိုဟင်ဂျာလူမျိုး ခေတ်အဆက်ဆက်တွင် မရှိကြောင်းနှင့် အကြမ်းဖက်ဝါဒကျဆုံးပါစေဟု အသက် ၈၇ နှစ်အရွယ် အဘိုးအိုတစ်ဦး မကွေးမြို့တွင် ဆန္ဒထုတ်ဖော်

အသက် ၈၇ နှစ်ရှိအဘိုးအိုတစ်ဦး မကွေးမြို့တွင် သြဂုတ် ၃၁ ရက် နံနက် ၈ နာရီက ဆန္ဒထုတ်ဖော်စဉ်

ရိုဟင်ဂျာလူမျိုးဟူ၍ ခေတ်အဆက်ဆက်တွင် မရှိကြောင်းနှင့် အကြမ်းဖက်ဝါဒ ကျဆုံးပါစေဟု အသက် ၈၇ နှစ်ရှိအဘိုးအို တစ်ဦးမကွေးမြို့တွင် သြဂုတ် ၃၁ ရက် နံနက် ၈ နာရီက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးစောမြင့်သည် ဆန္ဒထုတ်ဖော်လှည့်လည်ချိန်တွင် “ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ အလိုမရှိ။ ရိုဟင်ဂျာလူမျိုးဆိုသည်မှာ ခေတ်အဆက်ဆက်မရှိ။ အကြမ်းဖက်ဝါဒကျဆုံးပါစေ။ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ မကျဆုံးအောင် နိုင်ငံတော်အစိုးရမှ တာဝန်ယူပေးပါ” ဟု စာသားများပါ ဗီနိုင်းဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။

“ဘင်္ဂါလီဆိုတဲ့လူတွေမှာ ကောင်းတဲ့လူတွေရှိသလို၊ ဆိုးတဲ့လူတွေရှိတယ်။ အကြမ်းဖက်သမားတွေကို ကျွန်တော်အလိုမရှိဘူး။ နောက်သူက ရိုဟင်ဂျာဆိုပြီး ပြောနေတာ။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်က ရိုဟင်ဂျာဆိုတာမရှိဘူး။ ဒါကြောင့် ကျွန်တော်ကရို ဟင်ဂျာလည်းလက်မခံဘူး။ အကြမ်းဖက်သမားပဲ သတ်မှတ်တယ်။ ဒီနေ့ တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့သားတွေ ကျဆုံးသွားတာ ကျွန်တော်မခံနိုင်ဘူး။ အပြစ်မရှိတဲ့ ပြည်သူပြည်သားတွေကိုလည်း သတ်ဖြတ်တယ်။ လုယူတယ်။ ဖျက်ဆီးတယ်ဆိုတာတွေကို မခံနိုင်လို့ တစ်ကိုယ်တော်ဆန္ဒပြတာပါ” ဟု ဦးစောမြင့်က ပြောကြားသည်။

ဦးစောမြင့်သည် မကွေးမြို့ကန်သာ (၈) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး သူ၏သားများလည်း စစ်မှုထမ်းစဉ် ကျဆုံးခဲ့ဖူးကြောင်း၊ ယခုဆန္ဒထုတ်ဖော်မှုသည် စစ်မှုထမ်းဟောင်းတစ်ဦးအနေဖြင့် မဟုတ်ဘဲ ပြည်သူတစ်ဦး အနေဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ဦးစောမြင့်သည် ဆန္ဒထုတ်ဖော်မှုကို မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအနီးမှ စတင်ခဲ့ပြီး လမ်းငါးသွယ်အ၀ိုင်းမှတစ်ဆင့် အထက (၁) လမ်း၊ သစ္စာလမ်း၊ မေတ္တာလမ်းများသို့ လှည့်လည်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရန်အတွက် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဥပဒေနှင့်အညီ ကြိုတင်အသိပေးတင်ပြခဲ့ကြောင်း သိရသည်။

ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေတွင် ခရီးသွားဇုန် သတ်မှတ်ဖော်ဆောင်မည်

ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေ တစ်နေရာကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်းရှိ နန်စီဗွန်ကျေးရွာအနီး ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေတွင် ခရီးသွားဇုန်သတ်မှတ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ စစ်ကိုင်းဇုန်၊ မုံရွာဇုန်၊ ရွှေဘိုဇုန်၊ ကသာဇုန်၊ ကလေးဇုန်နှင့် ခန္တီးဇုန်တို့တွင် ၂၀၁၇ ခုနှစ် အတွင်း ခရီးသွားဇုန်ဖော်ဆောင်သွားမည်ဟု သြဂုတ် ၂ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ခန္တီးဇုန်တွင် ခန္တီးမြို့နယ်ရှိ နန်စီဗွန်ကျေးရွာအနီး ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေပါဝင်နေခြင်း ဖြစ်သည်။

“စစ်ကိုင်းတိုင်းထဲမှာလည်း ဒီလိုရတနာတွေရှိတယ် ထွက်တယ်။ ဒါတွေကို ကြည့်လို့ ရှုလို့ရတယ်။ လည်လို့ပတ်လို့ရတယ်ဆိုတဲ့ Message ပေးချင်တာပါ။ လောလောဆယ်တော့ လျာထားတုန်းပဲ ရှိပါသေးတယ်။ တကယ်လုပ်ဖြစ်ရင်တော့ အစီအစဉ်အသေးစိတ် ပြန်ဆွဲရပါဦးမယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

ခန္တီးရတနာမြေတွင် ခရီးသွားဇုန် ဖော်ဆောင်မည့်ကိစ္စနှင့် ပတ်သက်၍ ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက “ခန္တီးဇုန်မှာ ခန္တီးရတနာမြေပါတယ်ဆိုတာသိရတော့ ၀မ်းသာပါတယ်။ ဒါမှ ခန္တီးမှာလည်း ကျောက်စိမ်းထွက်တယ်ဆိုတာ လူတွေသိလာကြမှာလေ။ အများစုက ကျောက်စိမ်းနဲ့ပတ်သက်ရင် ဖားကန့်တစ်ခုတည်းကိုပဲ သိကြတာလေ။ ခန္တီးကဒေသခံ အများစုက ရွှေတို့၊ ကျောက်တို့လို သဘာဝ သယံဇာတတွေကိုပဲမှီခိုပြီး တူးဖော်လုပ်ကိုင်နေကြရတယ်။ အခုလို ခရီးသွားဇုန်ဖော်ဆောင်ပြီး ခရီးသွားလုပ်ငန်းတွေသာ ဖွံ့ဖြိုးလာမယ်ဆိုရင် သဘာဝ သယံဇာတတူးဖော်လုပ်ကိုင်တာတွေ တဖြည်းဖြည်းလျော့ကျသွားပြီး ရေရှည်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလည်း သက်သာလျော့ကျသွားမယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ဖွံ့ဖြိုးလာမယ်။ ပြီးတော့ ဒီဒေသမှာက ရတနာနယ်မြေဆိုပေမယ့် ပွင့်လင်းမြင်သာမှုမရှိတော့ ကျောက်ကောင်းရရင်တောင်မှ မှောင်ခိုအနေနဲ့ပဲ အရောင်းအ၀ယ်ဖြစ်ကြတော့ နိုင်ငံတော်အတွက် အခွန်တွေနစ်နာဆုံးရှုံးသလို ဒေသခံတွေလည်း ထိုက်သင့်သလောက် အကျိုးခံစားခွင့်မရကြဘူး။ ခရီးသွားဇုန်ဖော် ဆောင်လိုက်ရင်တော့ ကျောက်အရောင်းအ၀ယ်တွေရော ကျောက်မျက်တူးဖော်မှုတွေပါ အရင်ကထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာ မယ်လို့မျှော်လင့်တယ်” ဟု သူ၏အမြင်ကို ပြောကြားသည်။

ခရီးသွားဇုန်အတွင်း ပါဝင်သည့် နန်စီဗွန်ကျေးရွာအနီး ခန္တီးရတနာမြေတွင် နန်စီဗွန်မှော်၊ မကျန်ခမှော်နှင့် ရွှေပြည်သာကျေးရွာ၊ ချောင်းသာကျေးရွာ၊ မြသာကျေးရွာနှင့် လသာကျေးရွာတို့တည်ရှိပြီး ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားတို့ ရောနှောနေထိုင်ကြကာ ရေမဆေးကျောက်ရှာဖွေခြင်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြသည်။

ခရီးသွားဇုန်ဖော်ဆောင်မည့် ခန္တီးဇုန်အတွင်းတွင် နန်စီဗွန်ကျေးရွာအနီး ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေအပြင် နာဂဒေသဖြစ်သည့် လဟယ်မြို့နှင့် နန်းယွန်းမြို့များသို့ သွားလာနိုင်ပြီး နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင်  Lake of  No Return ရေကန်နှင့် ဒေါ်ခင်ကြည် ရိပ်သာတို့ကို လည်ပတ်နိုင်မည့်အပြင် ထမံသီဘေးမဲ့တောနှင့် ရှားပါးတိရစ္ဆာန်များကို လေ့လာနိုင်ကာ ၎င်းမှ နာဂဒေသ လေရှီးမြို့သို့ သွားရောက်လည်ပတ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသရှိ တောင်ပေါ် ၁၅ ရပ်ကွက်တွင် မြေသားနိမ့်ကျသွားသဖြင့် လူနေထိုင်ခြင်းမပြုရန်နှင့် ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ထား

မြေသားနိမ့်ကျသွားသော မြေနေရာများအား သြဂုတ် ၃၀ ရက်က တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် (ဓာတ်ပုံ – ကိုကျော်မြင့်)

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသရှိ တောင်ပေါ် ၁၅ ရပ်ကွက်တွင် မြေသားများနိမ့်ကျသွားသဖြင့် လူနေထိုင်ခြင်းမပြုရန်နှင့် ဖြတ်သန်းသွားလာ ခြင်းမပြုရန် နယ်မြေခံစခန်းမှူးလက်မှတ်ထိုးကာ တားမြစ်ထားကြောင်း သိရသည် ။

ရုရှားရိပ်သာဟောင်းဝဲဘက်တွင် မြေသားများ ခြောက်လက်မခန့် နိမ့်ဆင်းနေသော သတင်းအရ သြဂုတ် ၃၀ ရက်တွင် တာဝန်ရှိသူများစုပေါင်း သွားရောက်စစ်ဆေးပြီး တားမြစ် ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ်  ၃၁ ရက်မှစတင်၍ အိမ်ထောင်စု သုံးစုအား ရွှေ့ပြောင်းခိုင်းထားပြီး လူများဖြတ်သန်းခြင်းမပြုရန် တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီရက်ထဲ မိုးဆက်တိုက်ရွာတယ်။ မြေသားတွေက အက်ကြောင်းလို စဖြစ်နေတာ တွေ့ရတယ်။ ကွင်းဆင်းစစ်ဆေးပြီး နေထိုင်တဲ့ လူတွေကို အိမ်အထိ သတိပေးထားပါတယ်” ဟု တောင်ပေါ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည် ။

အခင်းဖြစ်သည့်နေရာမှာ ယခင်ကတည်းက အန္တရာယ်ဇုန်အဖြစ်သတ်မှတ်သည့် နေရာတွင်ပါဝင်ပြီး တားမြစ်ဆိုင်းဘုတ်စိုက်ထူထားရှိပြီး လူနေထိုင်ခြင်းနှင့် ဖြတ်သန်းခြင်း မပြုရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးမှုများအရ မြေသားနိမ့်ကျရခြင်းမှာ သတ္တုတူးဖော်ထုတ်လုပ်သည့် လုပ်ကွက်နေရာ မဟုတ်သော်လည်း ၁၅ ရပ်ကွက်မှ ၁၃ ရပ်ကွက်သို့ သွားရာလမ်း ချောက်ကမ်းပါးနှင့်နီးသောကြောင့် မြေသားအက် နိမ့်ကျခြင်းဖြစ်နိုင်ကြောင်း ထူးခြားမှုရှိပါက အချိန်နှင့် တစ်ပြေးညီဆောင်ရွက်သွားကြရန် ညွှန်ကြားထားကြောင်း သိရသည် ။

“စစ်ဆေးတဲ့ သူတွေသေချာတော့ စစ်စေချင်တယ်။ အဲဒီနေရာနားမှာ ညသန်းခေါင်ဆို စက်ဖောက်သံကြားရတယ်။ နံနက် ၃ နာရီဆို ယမ်းခွဲသံကြားရတယ်။ လူနေအိမ်နီးတဲ့ နေရာတွေအောက်ကို ဖောက်ခွဲပစ္စည်းနဲ့ မတူးစေချင်ဘူး။ ခေတ်အဆက်ဆက်လည်း မတူးခဲ့ဘူး။ သေချာစစ်ဆေးစေချင်တယ်” ဟု ၁၅ ရပ်ကွက်နေ ကိုဘန်းမြတ်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာ  ၁၁ ရက်တွင် မိုးအဆက်မပြတ်ရွာသွန်းသောကြောင့် မြေပြိုမှုများဖြစ်ပြီး လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်စာလုပ်အားခငွေများစုပေါင်း၍ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် လှူဒါန်း

သြဂုတ် ၃၁ ရက်က ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယအကြိမ် အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်စာလုပ်အား ခငွေများကို စုပေါင်း၍ ဘင်္ဂါလီအကြမ်းဖက်သမားများကြောင့် ဒုက္ခရောက်နေရသည့် ရခိုင်ပြည်နယ်မှ စစ်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယအကြိမ် အထူးအစည်းအဝေးကို သြဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ကျင်းပခဲ့ကြောင်း တိုင်းလွှတ်တော်တွင် တပ်မတော်သားနှင့် အရပ်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၈ ဦးရှိသည့်အနက် သြဂုတ် ၃၁ ရက် က အစည်းအဝေးတက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့စာလုပ် အားခငွေ ကျပ် ၉၅၀၀၀၀ အားရခိုင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များအတွက် လှူဒါန်းရန်စီစဉ်ခဲ့ကြောင်း၊ ယင်းအစီအစဉ်ကို လွှတ်တော်အစည်းအဝေးအပြီး တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာက ဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြောင်း သိရသည်။

“ရခိုင်ဆိုတာလည်း မြန်မာနိုင်ငံ တိုင်းရင်းသားထဲမှာပါတဲ့ လူမျိုးစုတစ်စု ဖြစ်တယ်။ အခုလူမျိုးရေး ပဋိပက္ခတွေလည်း ဖြစ်နေတယ်ဆိုတော့ လွှတ်တော်ကနေ လွှတ်တော်ကိုယ်စားလှယ်တွေစုပြီး တစ်နေ့စာလုပ်အားခကို လှူတာပါ။ ဒါဟာ တကယ်ကောင်းမွန်တဲ့ အလုပ်ပါ။ ကျွန်မတို့ ပခုက္ကူမှာလည်း ရခိုင်မှာ သွားရောက်လှူဒါန်းဖို့ စုပေါင်းလုပ်ဆောင်နေကြတာတွေလည်း ရှိပါတယ်” ဟု ပခုက္ကူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ် စားလှယ်ဒေါ်ဇင်နီနီဝင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက “မနေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တိုင်းအတွင်းမှာရေဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းတဲ့ပွဲလေးမှာ ဒီလိုလှူဖို့ စိတ်ကူးရခဲ့တာပါ။ စိတ်ကူးရခဲ့ဆိုပေမယ့် လွန်ခဲ့တဲ့ ပုဂံငလျင်မှာတုန်းကလည်း လွှတ်တော်ကနေ သွားရောက်လှူဒါန်းခဲ့တာ ရှိပါတယ်။ ခုဆိုလည်းပဲ ရခိုင်ဘက်မှာ ဘင်္ဂါလီအကြမ်းဖက်ဖြစ်ပွားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေ၊ အသက်အိုးအိမ် စွန့်လွှတ်ရတဲ့ ပြည်သူတွေ၊ နောက်အသက်စွန့်ပြီးတော့ တိုင်းပြည်အတွက် အလုပ်အကျွေးပြုသွားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အားလုံးအတွက် ထောက်ပံ့သောအားဖြင့် တစ်နေ့စာနေ့တွက် စရိတ်ကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်”  ဟု ပြောကြားသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ လှူဒါန်းငွေများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ချိတ်ဆက်၍ ဘဏ်မှလွှဲပို့သည့်နည်းဖြင့် ဖြစ်စေ၊ လူကိုယ်တိုင် သွားရောက်ပို့ဆောင်၍ ဖြစ်စေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် ရပ်ရွာနေပြည်သူအခြေပြု Community Baced Policing အဖွဲ့များ ဖွဲ့စည်းမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ ခုမှ မှုခင်းဖြစ်ပွားမှု များပြားသည့်နေ ရာများတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရန် ရပ်ရွာနေပြည်သူအခြေပြု Community Baced Policing အဖွဲ့များ ဖွဲ့စည်း သွားရန်စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအစောပိုင်းက ကော့သောင်းမြို့၌ ကျင်းပခဲ့သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ တင်ပြလာသည့် အချက်များအပေါ်မူတည်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မှုခင်းဖော်ထုတ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်သော ရပ်ရွာနေ ပြည်သူအခြေပြု Community Baced Policing အဖွဲ့များ ဖွဲ့စည်းရန်လမ်းညွှန်ချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ပြည်သူတွေပါဝင်တဲ့ Community Baced Policing အဖွဲ့ ဖွဲ့စည်းဖို့အတွက် နေရာရွေးချယ်ဖို့ သက်ဆိုင်ရာခရိုင် မြို့နယ်ရဲတပ်ဖွဲ့တွေကို သြဂုတ် ၂၂ ရက်ကပဲ အကြောင်းကြားထားပြီးပြီ။ မြို့နယ်တစ်ခုမှာ မှုခင်းဖြစ်ပွားမှုအများဆုံး အဓိကနေရာတွေကို ဦးစားပေးအနေနဲ့ ဖွဲ့စည်းသွားမှာပါ။ ဒီအဖွဲ့ထဲမှာ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေး၊ ရဲအငြိမ်းစားနဲ့ ရပ်ကွက်နေပြည်သူတွေပါမယ်။ တိုင်းထဲက ၁၀ မြို့နယ်စလုံးမှာ လုပ်မှာပါ။ တစ်မြို့နယ်မှာ တစ်ခုဖြစ်ချင်လည်း ဖြစ်မယ်။ နှစ်ခုဖြစ်ချင်လည်း ဖြစ်မယ်။ ပုံသေတော့ပြောလို့ မရဘူး” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဦးနေမျိုးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးမှာ ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ပြင်ရှည်လျားစွာ ဆက်စပ်လျက်ရှိနေခြင်း၊ အထူးသဖြင့် အကြမ်းဖက်သောင်းကျန်းသူများ လှုပ်ရှားသည့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ၍ အချိန်မရွေးနယ်စပ်ကို ဖြတ်ကျော်ဖောက်ခွဲဖျက်ဆီးခြင်းစသော အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်လာနိုင်ကြောင်း၊ ထို့ပြင် တရားမ၀င် ဘင်္ဂါလီများ ခိုးဝင်လာမှုအပေါ် ဖမ်းဆီးရမိခြင်း၊ ငွေတု၊ လက်နက်။ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း၊ လူကုန်ကူးသူများအား ဖမ်းဆီးရမိခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် အနာဂတ်ကာလများတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်သဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို နယ်မြေခံပြည်သူများနှင့် ပူးပေါင်းပြီး လုံခြုံရေးကင်းများဖြင့် စောင့်ကြည့်ထိန်းသိမ်းခြင်း လှည့်ကင်းဝပ်ကင်းများဆောင်ရွက်ခြင်း၊ ယာဉ်စစ်/ ပိတ်ဆို့ စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန် ရပ်ရွာနေပြည်သူအခြေပြု အဖွဲ့များဖွဲ့စည်း ဆောင်ရွက်စေခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် စည်ပင်ခွင့်ပြုချက် မရှိသည့် အလုံပိတ်အခန်းများအား အရေးယူ

ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် စည်ပင်ခွင့်ပြုချက်မရှိဘဲ အလုံပိတ်အခန်းနှင့် တဲများဖွင့်လှစ်နေမှုအား အရေးယူခဲ့ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး) မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်း(အမှတ် ၁)မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ် ၃၀ ရက် မွန်းလွဲ ၂ နာရီက အောင်မြေသာစံမြို့နယ်၊ ၅၇ လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြား၊ မြို့ပတ်လမ်းရေနီမြောင်းအနီး၊ ဒေါနဘွားရပ်ကွက်တွင်ရှိသည့် အအေးဆိုင်တွင် အလုံပိတ်အခန်း/ တဲများပြုလုပ်ကာ လုပ်ငန်းများဆောင်ရွက်နေကြောင်း သတင်းအရ ၀င်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်ဆေးတွေ့ရှိတာကတော့ အတွင်းဘက်အလုံပိတ်တဲရှစ်လုံး၊ အပြင်ဘက်မှာ အလုံပိတ်ခန်းခြောက်ခန်းပါ။ အခန်းထဲမှာတော့ ဆိုဖာတို့၊ အဲယားကွန်းတို့၊ ပန်ကာတို့တွေ့ပါတယ်။ စည်ပင်ရဲနဲ့ ပူးပေါင်းဖမ်းဆီးတာပါ။ အမှုနဲ့ပတ်သက်ပြီး စည်ပင်ရဲကိုပဲ လွှဲလိုက်တာပါ” ဟု နယ်မြေရဲစခန်း(အမှတ် ၁) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အလုံပိတ်ခန်း/ တဲများအား အချိန်ပြည့်စုံတွဲများဖြင့် အခကြေးငွေ ရယူကာဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။