Farmer Money Changer တွင် လုယက်ရန်ကြံစည်၍ သေနတ်ပစ်ဖောက် ထွက်ပြေးသူ နှစ်ဦးနှင့် သေနတ်ရောင်းချပေးသူ နှစ်ဦးတို့အား ရက် ၃၀ အတွင်း ဖမ်းမိ

Farmer Money Changer တွင် လုယက်ရန်ကြံစည်၍ သေနတ်ပစ်ဖောက် ထွက်ပြေးသူ နှစ်ဦးနှင့် သေနတ်ရောင်းချပေးသူ နှစ်ဦးတို့အား ရက် ၃၀ အတွင်း ဖမ်းမိ
Published 6 September 2017

Photo : Yangon Police

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Farmer Money Changer ဆိုင်တွင် လုယက်ရန် အကြံအစည်ဖြင့် သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသူ နှစ်ဦးနှင့် သေနတ်ယူဆောင် ရောင်းချပေးသူ နှစ်ဦးတို့အား ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရက် ၃၀ အတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း Yangon Police ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ပြည်လမ်းနှင့် ယိုးဒယားလမ်းထောင့်ရှိ Farmer Money Changer ဆိုင်တွင် ဝန်ထမ်း မအိအိဝင်းအား အမျိုးသား ၂ ဦးက အမေရိကန်ဒေါ်လာ ၃၀ ကို မြန်မာငွေနှင့် လဲလှယ်ပေးရန်ပြောဆိုသဖြင့် ကျသင့်ငွေ မြန်မာငွေ ၄၀၈၀ဝ ကျပ်အတွက် ၄၁၀ဝ၀ ကျပ်ပေးလိုက်ပြီး ပိုငွေ ၂၀ဝ ကျပ် ပြန်လည်တောင်းယူရာ အမျိုးသားတစ်ဦးက သေနတ်ထုတ်ပြပြီး ငွေလွှဲကောင်တာတံခါး ဖွင့်ခိုင်းစဉ် အခြားအမျိုးသမီးဝန်ထမ်း တစ်ဦးမှ ဆိုင်အတွင်း ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်အတွင်းရှိ ဘုရားပန်းချီကားကိုထိမှန်ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား ၂ ဦးတို့မှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း တိုင်တန်းချက်အရ မရမ်းကုန်းမြို့မ ရဲစခန်း(ပ)၆၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၉၃/၄၂၇/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Photo : Yangon Police

အမှုမှတရားခံ အမြန်ဆုံး ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ တိုက်ရိုက်ကွပ်ကဲ အနီးကပ်ညွှန်ကြားမှုဖြင့် အမှုနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ် ညွှန်ကြားခဲ့ပြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးပါဝင်သော အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်ရပ်တွင် ကျန်ရစ်ခဲ့သော သဲလွန်စ အထောက်အထားအဖြစ် ၇.၆၅ ကျည်ခွံတစ်ခု၊ ကျည်ထိပ်ဖူးတစ်ခုနှင့် လက်လုပ် Silencer အပိုင်းအစဟု ယူဆရသော ပစ္စည်းအပိုင်းအစများ၊ ကျည်ဆံထိမှန် ထားသော ဘုရားပုံပန်းချီကားချပ်တို့ကို တွေ့ရှိသိမ်းဆည်းခဲ့ပြီး အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်သူ ၂ ဦး၏လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည့် စီစီတီဗီကင်မရာ မှတ်တမ်းများ ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှုစုံစမ်းဆောင်ရွက်နေစဉ် သြဂုတ်လ ၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် စည်ပင်သာယာဝန်ထမ်း ၂ ဦးတို့က ကမာရွတ်မြို့နယ်၊ အင်းယားကန်ဘောင် အနောက်ဘက် ကျွန်းတောစပ်ရှိ စည်ပင်အမှိုက်ပုံး အတွင်းမှ အမှိုက်များကို ကားပေါ်သို့တင်ယူစဉ် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့်အထုပ် ၂ ထုပ်တို့ကို မသင်္ကာတွေ့ရှိကြောင်း အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ 9mmK တံဆိပ်ပါ ၉ မမ စတင်းကျည်တစ်ထောင့်၊ 7.65 B13 S & B တံဆိပ်ပါ ကျည်တစ်ထောင့် အပါအဝင် ပစ္စည်း(၁၆)မျိုးကို တွေ့ရှိသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

Photo : Yangon Police

အဆိုပါတွေ့ရှိသော ကျည် ၂ ထောင့်မှာ အခင်းဖြစ်စဉ်က ကျန်ရစ်ခဲ့သော ကျည်ဆံအခွံ၊ ကျည်ထိပ်ဖူးတို့နှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် မှုခင်းရဲတပ်ဖွဲ့သို့ ပေးပို့ထင်မြင်ချက် တောင်းခံခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသော သက်သေခံသဲလွန်စ အထောက်အထား များမှတစ်ဆင့် ဆက်စပ်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ လှည်းကူးမြို့နယ်နေ ပြည့်ဖြိုးသူ(ခ)ပြည့်သူဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ကြောင်း၊ ပြည့်ဖြိုးသူ(ခ) ပြည့်သူအား ဖမ်းဆီးရမိရေးအတွက် ၎င်းနေထိုင်သည့် နေအိမ်သို့ အမှုစစ်အဖွဲ့မှ သွားရောက်စုံစမ်းခဲ့ရာ ပြည့်ဖြိုးသူ(ခ)ပြည့်သူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရပြီး အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ်နှင့်ပတ်သက်၍ စုံစမ်းရရှိခဲ့ရာ ဆိုင်ကယ်ပိုင်ရှင်မှာ လှည်းကူးမြို့နယ်နေ ဇော်ဟိန်းထက်(ခ)ပဲလေး ဆိုသူဖြစ်ပြီး ၎င်း၏ပြောပြချက်အရ ပြည့်ဖြိုးသူ(ခ)ပြည့်သူက ဆိုင်ကယ်ကို တစ်ရက်လျင် ငွေတစ်သောင်းကျပ်ဖြင့် ငှားရမ်းထားကြောင်း၊ ၎င်းဆိုင်ကယ်ကို ပြည့်ဖြိုးသူ၏ သူငယ်ချင်းဖြစ်သူ သက်ထက်ထံ အပ်နှံထားရာမှ ပြန်လည်ယူဆောင် လာခဲ့ကြောင်းပြောပြပြီး သက်သေခံဆိုင်ကယ် Canda 110 အမျိုးအစား ဒလက်ဘီးဆိုင်ကယ်ကို အပ်နှံပေးခဲ့ကြောင်း သိရသည်။

Photo : Yangon Police

ပြည့်ဖြိုးသူ(ခ)ပြည့်သူ၏ သူငယ်ချင်းဖြစ်သူ သက်ထက်၏နေအိမ်သို့ သွားရောက်ရှာဖွေရာ အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော Space Crown စာတမ်းပါ ဆိုင်ကယ်စီး ဦးထုပ်တစ်လုံးကို တွေ့ရှိသိမ်းဆည်း ရရှိခဲ့ပါကြောင်း သက်ထက်၏ ထွက်ဆိုချက်အရ လွန်ခဲ့သော တစ်လကျော်ခန့်က ပြည့်ဖြိုးသူနှင့်အတူ မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ တွင်ခုံတွင် သွားရောက်ပြီး တွင်ခုံပိုင်ရှင်၏ သားဖြစ်သူ ရဲလေးထံတွင် အင်တာနက်ပါ လေသေနတ် ကျည်ဆံပုံလုပ်ရန်အတွက် မို(ပုံစံခွက်)လုပ်ပေးရန် အပ်နှံခဲ့ဖူးကြောင်း သိရှိရသဖြင့် အတည်ပြုစုံစမ်းခဲ့ရာ သေနတ်ကျည်ဆံပုံစံ လုပ်ရန်အပ်နှံ ထားသော်လည်း ပုံစံခွက်ပြုလုပ်ပေးရခြင်း မရှိသေးကြောင်း သိရသည်။

ရရှိသည့် သတင်းအချက်အလက်များအပေါ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက သုံးသပ်ပြီး ညွှန်ကြားချက်အရ သိမ်းဆည်းရမိသည့် ဆိုင်ကယ်စီးဦးထုပ်မှာ စီစီတီဗီမှတ်တမ်းတွင်တွေ့ရှိရသည့် ဦးထုပ် ဟုတ်/မဟုတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ကိုက်ညီမှုကြောင်း တွေ့ရှိရသည့်အပြင် ဇော်ဟိန်းထက်(ခ)ပဲလေးနှင့် သက်ထက်တို့အား အခင်းဖြစ်မှတ်တမ်း ဓာတ်ပုံများ၊ အခင်းဖြစ်စဉ်က အသုံးပြုသည့် မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်စီး ဦးထုပ်တို့အား ပြသပြီး တိုက်ဆိုင်စစ်ဆေးခဲ့ရာ စီစီတီဗီ မှတ်တမ်းဓာတ်ပုံအရ သေနတ်ကိုင်ဆောင်သူမှာ ပြည့်ဖြိုးသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

Photo : Yangon Police

ပြည့်ဖြိုးသူအား ဖမ်းဆီးရမိရေးအတွက် ၎င်းနေထိုင်သည့် ပန်းသစ္စာလမ်း၊ ဇရပ်ကွင်းကျေးရွာ၊ လှည်းကူးမြို့နယ် သို့ သွားရောက်စုံစမ်းခဲ့ရာ ပြည့်ဖြိုးသူမှာ နေအိမ်တွင်မရှိဘဲ မကွေးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရသဖြင့် အမှုစစ်အဖွဲ့မှ မကွေးမြို့သို့ သွားရောက်စုံစမ်းခဲ့ရာ ပြည့်ဖြိုးသူမှာ ၇.၈.၂၀၁၇ ရက်နေ့ ၁၂၃၀ အချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဂုဏ်တည်းခိုခန်းတွင် ရောက်ရှိတည်းခို နေထိုင်ပြီး ၁၅၃၀ အချိန်ခန့်တွင် အမျိုးသားတစ်ဦးမှ လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။ ဆက်လက်စုံစမ်းခဲ့ရာ ပြည့်ဖြိုးသူ(ခ)ပြည့်သူမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် အမှုစစ်အဖွဲ့မှ ဖားကန့်သို့ ဆက်လက်သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ၃၀.၈.၂၀၁၇ ရက်နေ့ ၁၀၃၀ အချိန်တွင် ပြည့်ဖြိုးသူ (ခ)ပြည့်သူ(၂၆)နှစ်အား ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု(ဆိုင်းတောင်)၊ ဘဇာချောင်းကျေးရွာရှိ ၁၁၁ ကုမ္ပဏီ၏ ကျောက်စိမ်းမြေစာပုံ အနီးရှိ ပျံကျအလုပ်သမားတဲ အတွင်းမှ ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိသူ ပြည့်ဖြိုးသူ(ခ)ပြည့်သူ၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ပါဝင်ကျူးလွန်သူမှာ မကွေးမြို့တွင်နေထိုင်သူ ကျော်ကျော်ခိုင်(ခ)ကျော်ခိုင်(ခ)ကောင်းကောင်း ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုသည့် သေနတ်ကို အခင်းမဖြစ်မီ ဇူလှိုင်လ ၂၈ ရက်နေ့က တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းတောင်ရပ်ကွက်နေ စောမြတ်သူ(ခ)မြတ်သူအား ဝယ်ယူခိုင်းခဲ့ကြောင်း၊ ပစ္စတိုသေနတ် ၁ လက်နှင့် ကျည် ၁၄ တောင့်ကို ထိုင်းဘတ်ငွေ ၃၂၀ဝဝ၊ (မြန်မာငွေကျပ် ၁၃၈၀ဝဝဝ)ဖြင့် ဝယ်ယူပေးခဲ့ကြောင်း၊ ဝယ်ယူလာသည့် ပစ္စတိုသေနတ် အသုံးပြုရာတွင် အသံမမြည်စေရန် Facebook မှ ကူးယူထားသော အသံတိတ် ကိရိယာပြုလုပ်နည်း ပုံစံအတိုင်း သံပိုက်ဖြင့် ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုသည့်အပြင် အဆိုပါသေနတ်ကို ကျော်ကျော်ခိုင်ထံ အပ်နှံထားခဲ့ကြောင်း သိရှိရသဖြင့် အမှုစစ်အဖွဲ့မှ မကွေးမြို့သို့သွားရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ၄.၉.၂၀၁၇ ရက်နေ့ ဝ၉၄၅ အချိန်တွင် ကျော်ကျော်ခိုင်(ခ)ကျော်ခိုင် (ခ)ကောင်းကောင်း(၃၀)နှစ်အား မကွေးမြို့၊ အဝေးပြေးကားကြီးဝင်းအတွင်းရှိ ရွှေပွင့်ဖြူ စားသောက်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Photo : Yangon Police

ကျော်ကျော်ခိုင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုသည့် သေနတ်မှာ မကွေးမြို့၊ မြို့ဟောင်း ၄ ရပ်ကွက်၊ စံပယ်လမ်းရှိ ရေမရှိသော ရေမြောင်းအတွင်းတွင် ကြွပ်ကြွပ်အိတ်နှစ်လုံးဖြင့်ထည့်၍ ဝှက်သိမ်းထားကြောင်း ထွက်ဆိုသဖြင့် သွားရောက်ရှာဖွေ သိမ်းဆည်းရာ အဆိုပါနေရာတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်၍ဝှက်သိမ်းထားသော လက်လုပ်အသံတိတ် ကိရိယာ တပ်ဆင်လျက် Made in W.Germany WAITHER CARL WALTHER Waffen Fabrik Uln/80 Model PP. Cal 7.65 MM စာသားပါ စတီး/အနက်ရောင်စပ် .၃၂ ပစ္စတိုသေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခု၊ 7.65 ကျည် ၄ တောင့်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သေနတ်ဝယ်ပေးသူ စောမြတ်သူ(ခ)မြတ်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ၅.၉.၂၀၁၇ ရက်နေ့ ၁၂၄၅ အချိန်တွင် ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက စောမြတ်သူ(ခ)မြတ်သူ၊ (၂၇)နှစ်နှင့် သေနတ်ဝယ်ရာတွင် လိုက်ပါသူ မင်းမင်း(ခ)မင်းဟန်၊ (၃၆)နှစ်တို့နှစ်ဦးအား တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်း တောင်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Photo : Yangon Police

ပြစ်မှုကျူးလွန်သူများ၏ ထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန်ရသည့် အကြောင်းအရင်းမှာ ပြည့်ဖြိုးသူ(ခ)ပြည့်သူ(ခ)ကိုပြည့်သည် နယ်စပ်တွင် ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ ဝယ်ယူရောင်းချရန် ငွေကြေးလိုအပ်နေသည့်အပြင် ကျော်ကျော်ခိုင်(ခ)ကျော်ခိုင်(ခ) ကောင်းကောင်းမှာလည်း ဖဲလောင်းကစားရာမှာ ရှုံးသဖြင့် ဖဲကြွေးအပါအဝင် အခြားအကြွေးငွေ ၁၂၅ သိန်းပေးဆပ်ရန် လိုအပ်နေသဖြင့် ၎င်းတို့နှစ်ယောက်ပေါင်းပြီး Money Changer ဆိုင်များမှ ငွေများလုယက်ရန် စီစဉ်ခဲ့ရာ ကျောက်တံတားမြို့နယ်ရှိ OK ZWE Money Changer အား လုယက်ရန် စီစဉ်ခဲ့သော်လည်း လူစည်ကားသဖြင့် လုယက်ခဲ့ခြင်း မရှိခဲ့ဘဲ လုယက်မှု ကျူးလွန်ရန် လွယ်ကူသော မရမ်းကုန်းမြို့နယ်၊ ၉ မိုင် အိုရှင်စင်တာရှေ့ရှိ Farmer Money Changer ဆိုင်မှငွေများ လုယက်ရန် ကြံစည်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့့်် ပြစ်မှုကျူးလွန်သူများကို လက်နက်ဥပဒေဖြင့်ပါ ထပ်မံအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent