<

ပေါက်တောမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦး မိမိကိုယ်မိမိ သေနတ်ဖြင့်ပစ်ခတ် သေဆုံးမှုဖြစ်ပွား

ရခိုင်ပြည်နယ် ပေါက်တောမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦး မိမိကိုယ်မိမိ သေနတ်ဖြင့်ပစ်ခတ် သေဆုံးမှု အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ရဲတပ်သား အောင်မြင့်သိန်း (၂၂ နှစ်) ဖြစ်ပြီး မြောက်ဦးဇာတိဖြစ်ကာ ပေါက်တောရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရဲအုပ်သန်းဌေးက “မနက်ပိုင်းတန်းစီပြီးတော့ ရဲတပ်သား ထိုက်လင်းက သူတို့နေတဲ့ လူပျိုဆောင်ကို သွားတယ်။ စခန်းဟောင်းရဲ့အပေါ်ထပ်မှာ သွေးအိုင်ထဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အောင်မြင့်သိန်းကို တွေ့ရတယ်။ ဘေးမှာလည်း သေနတ်တစ်လက်ကို တွေ့ရတယ်။ နားထင်ကို ပစ်လိုက်တာလို့ ယူဆတယ်။ အချိန်က မနက် ၈ နာရီ ၁၅ မိနစ်လောက်ဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ သေမှုသေခင်း ဖွင့်လှစ်ပြီး စိစစ်ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်ပြီး ပေါက်တောမြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားရှိပြီး စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

October 11, 2018














Copy Protected by Chetan's WP-Copyprotect.