<

ချက်လက်မှတ်ခိုးယူ၍ ဘဏ်တွင် ငွေလိမ်လည် ထုတ်ယူခဲ့သည့် အမျိုးသားအား မရမ်းကုန်းမြို့နယ်တွင် အမှုဖွင့်

မရမ်းကုန်းမြို့နယ်တွင် ချက်လက်မှတ် ခိုးယူ၍ ဘဏ်တွင် ငွေလိမ်လည် ထုတ်ယူခဲ့သည့် အမျိုးသားအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အောက်တိုဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်…. (၅၂ နှစ်)သည် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်တွင်ရှိနေစဉ် ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းရှိ ဘဏ်တစ်ခုမှ ဒေါ်…. ၏ အမည်ဖြင့် အမျိုးသားတစ်ဦးက ငွေလာရောက် ထုတ်နေသည်ဟု ဖုန်းဖြင့်အကြောင်း ကြားသဖြင့် ၎င်း၏စာကြည့်ခန်း အတွင်းရှိ ကျောပိုးအိတ်အတွင်း ထည့်ထားသည့် ချက်စာအုပ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ အကောင့်နံပါတ် —- ချက် စာအုပ်အတွင်းမှ ဗ —- နံပါတ်ပါ ချက်စာရွက်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ဘဏ်သို့ ပြန်လည်ဖုန်းဆက်ပြီး ငွေလာရောက် ထုတ်ယူသူကို ထိန်းသိမ်းထားပေးရန် ပြောဆိုကာ ဘဏ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဘဏ်သို့ ရောက်ရှိချိန်တွင် ငွေလာရောက် ထုတ်ယူသူမှာ ၎င်းအိမ်တွင် ယာဉ်မောင်းအလုပ် လုပ်ကိုင်သည့် စမ်းချောင်းမြို့နယ်နေ သန်းနိုင် (ခ) သန်းနိုင်ဝင်း ဆိုသူဖြစ်ပြီး မေးမြန်းရာ သန်းနိုင်မှာ ကျောပိုးအိတ်အတွင်း ထည့်ထားသည့် ချက်လက်မှတ်အား ခိုးယူပြီး ဒေါ်…. ၏ လက်မှတ်အတုအား ရေးသားကာ လိမ်လည်၍ ငွေလာရောက် ထုတ်ယူသည်ဟု ပေါ်ပေါက်ခဲ့သဖြင့် အဆိုပါဖြစ်စဉ်ကို ဒေါ်…. က သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

“သူက ချက်လက်မှတ်ကို ပထမခိုးတယ်။ နောက် လက်မှတ်အတု ထိုးပြီးတော့ ဘဏ်မှာ ငွေလာထုတ်တာပေါ့။ လာထုတ်တဲ့ ငွေပမာဏက ငွေ ၂၁ သိန်းပေါ့။ ခုသူ့ကို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားပြီး စခန်းမှာ ဖမ်းဆီးထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှ ချက်လက်မှတ်ခိုး၍ ငွေလိမ်လည် ထုတ်ယူခဲ့သည့် အမျိုးသားကို မရမ်းကုန်းမြို့မရဲစခန်းမှ (ပ)၈၆၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁/၄၆၈ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

October 9, 2018














Copy Protected by Chetan's WP-Copyprotect.