<

မူဆယ်မြို့မှ ခရီးသည်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် ဂျပ်ဖာဘူးအတွင်းမှ ကျပ် ၆၄၆ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးများနှင့် မက်အက်ဖီတမင်း (ICE) များ ဖမ်းဆီးရမိ

ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့

မူဆယ်မြို့မှ ခရီးသည်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည့် ဂျပ်ဖာဘူးအတွင်းမှ ကျပ် ၆၄၆ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးများနှင့် မက်အက်ဖီတမင်း (ICE) များ ဖမ်းဆီးရမိခဲ့မှုနှင့် ပတ်သက်ပြီး နယ်မြေရဲစခန်း (အောင်ပင်လယ်) မှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အောက်တိုဘာ ၉ ရက်က သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့စု-၁၈ မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၇ ရက် ည ၈ နာရီက မူဆယ်ဘက်မှ မန္တလေးဘက်သို့ MDY FF/—- ခရီးသည်ယာဉ်ဖြင့် မသင်္ကာဖွယ်ရာ ဂျပ်ဖာတစ်ခု ပါရှိလာကြောင်း သတင်းအရ စစ်ဆေးရာ စက္ကူဂျပ်ဖာပေါ်တွင် ရေးသားထားသည့် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇ လမ်း၊ ဘုရင့်နောင်လမ်းနှင့် အောင်ဇေယျ လမ်းကြားတွင် အဆိုပါယာဉ်အား ရပ်တန့်ပြီး လိပ်မူပါ ဖုန်းနံပါတ်သို့ ဆက်သွယ်ကာ လာရောက်ရွေးယူရန် အကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ယုန်ဆွမ်း(ခ)ရန်ယုန်စန်း ၃၂ နှစ်၊ ဈေးရောင်း၊ နမ့်ခမ်းမြို့နယ်နေသူသည် 54/—- Honda Scoopy ဖြင့် ရောက်ရှိလာပြီး ဂျပ်ဖာအား လာရောက်ရွေးယူစဉ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ အဆိုပါ ဖုန်းနံပါတ်ဖြင့် အောင်အောင် ၅၇ လမ်း၊ ဘုရင့်နောင်လမ်းနှင့် အောင်ဇေယျလမ်းကြား သိပ္ပံလမ်း တောင်ဘက်လိပ်စာ တပ်ထားသည့် ဂျပ်ဖာဘူးအတွင်း အပြာရောင် ပလတ်စတစ်ကပ်ခွာ အိတ်တစ်ထုပ်လျှင် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၄၇ ထုပ်၊ စုစုပေါင်း ဆေးပြား ၉၄၀၀ ပြား၊ အလေးချိန် ၉၄၀ ဂရမ်၊ တန်ဖိုး ကျပ် ၄၇၀၀၀၀၀၀ ခန့်၊ မက်အက်ဖီတမင်း (ICE) ဟု ယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ ၈၈၀ ဂရမ်၊ တန်ဖိုး ကျပ် ၁၇၆၀၀၀၀၀၊ စုစုပေါင်း တန်ဖိုးကျပ် ၆၄၆၀၀၀၀၀အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ရဲတပ်ဖွဲ့မှ ယုန်ဆွမ်းအား စစ်မေးရာ ၎င်းနှင့်ခင်မင်ရင်းနှီးခဲ့သည့် မူဆယ်မြို့တွင် နေထိုင်သည့် စုံစမ်းဆဲတစ်ဦးထံမှ တစ်ဆင့်ပြန်လည် ၀ယ်ယူခဲ့သဖြင့် ပို့ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးအမှုနှင့် ပတ်သက်ပြီး အောက်တိုဘာ ၈ ရက်တွင် နယ်မြေရဲစခန်း (အောင်ပင်လယ်) မှ မယ(ပ) ၂၀/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က) အရ အမှုဖွင့် ဆက်လက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

 

October 9, 2018














Copy Protected by Chetan's WP-Copyprotect.