<

နေပြည်တော်တွင် မီးသွေးအိတ်များ တင်လာသည့်ယာဉ်အား ဖမ်းဆီးရာ မောင်းနှင်ထွက်ပြေးသဖြင့် ဒုရဲအုပ်တစ်ဦးက သေနတ်ဖြင့်ချိန်ကာ ရပ်တန့်ခိုင်းရာမှ ကျည်ထွက်ပြီး ယာဉ်မောင်းသေဆုံး

နေပြည်တော် ဥတ္တရသီရိမြို့နယ် ချောင်းမကြီးရွာဟောင်းအနီးတွင် မီးသွေးအိတ် တင်ဆောင်လာသည့် ယာဉ်အား လှည့်ကင်း ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရာတွင် မောင်းနှင် ထွက်ပြေးခြင်းကြောင့် ဒုရဲအုပ်တစ်ဦးက သေနတ်ဖြင့်ချိန်ကာ ရပ်တန့်ခိုင်းရာမှ ကျည်ထွက်မှုဖြစ်ပွားပြီး ယာဉ်မောင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၇ ရက် ည ၇ နာရီခွဲတွင် လှည့်ကင်း ဆောင်ရွက်နေသည့် ဒုရဲအုပ်တစ်ဦး အပါအ၀င် သုံးဦးမှ ဗိုလ်ရွေးလမ်းဆုံတွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်များအား စစ်ဆေးနေစဉ် အပြာရောင် ခြောက်ဘီးယာဉ် တစ်စီးပေါ်တွင် မီးသွေးအိတ် ၄၅ အိတ် တင်ဆောင်လာသည်ကို တွေ့ရှိခဲ့ရခြင်းကြောင့် ဖမ်းဆီးမည်ဟု ပြောဆိုခဲ့ကြောင်း နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းမှ သိရသည်။

“ ဖိုးစောင်းတောင် နယ်မြေရဲစခန်းမှူး ဒုရဲအုပ် အောင်နိုင်ထွန်းနဲ့ အဖွဲ့ပေါ့။ သူတို့က လှည့်ကင်းတာဝန် ထမ်းဆောင်ရင်း မသင်္ကာတဲ့ယာဉ်ကို သတင်းရလို့ ရပ်တန့်ပြီးတော့ စစ်ဆေးတာပေါ့။ စစ်ဆေးတော့ မီးသွေးအိတ်တွေ တွေ့တယ်။ အဲဒါနဲ့ ရပ်ခိုင်းတယ်၊ ဖမ်းဖို့။ အဲဒီလိုဖမ်းဖို့ ရပ်ခိုင်းရင်းကနေပြီးတော့မှ နောက်ပိုင်း မရပ်ပေးတော့ ဘေးဘက်မှန်ကို ကိုင်ပြီး ဒုရဲအုပ် အောင်နိုင်ထွန်းက ပါသွားတယ်။ ပါသွားရင်းနဲ့ သေနတ်ထုတ်ပြီး ရပ်ခိုင်းတဲ့အချိန် ကျည်ပေါက်ထွက်မှု ဖြစ်ပွားတာ” ဟု ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးတင်ဌေးက ပြောကြားသည်။

သေဆုံးသူ ယာဉ်မောင်းမှာ ဥတ္တရသီရိမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ ဦးနှောက်အတွင်းဘက် နောက်ဘက်ခြမ်းတွင် ၁ ဒသမ ၅ စင်တီမီတာ x ၁ စင်တီမီတာ x ၁ စင်တီမီတာ ထုထည်ရှိ ပုံပျက်နေသည့် ကျည်ဆန် ခဲသီးဖူးအား တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းအား သေနတ်ကျည်ဆန် ထိမှန်သေဆုံးစေသူ ဒုရဲအုပ် အောင်နိုင်ထွန်းအား ရာဇသတ်ကြီး ပုဒ်မ ၃၀၄ အရ အရေးယူနိုင်ရန် စခန်းမှူး ဒုရဲမှူး ဦးတင်ဌေးမှ တရားလိုပြုလုပ်ကာ တိုင်ချက်ဖွင့်၍ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ဘုရားကုန်းမြို့မရဲစခန်းမှ သိရသည်။

စခန်းမှူး ဒုတိယရဲမှူး ဦးတင်ဌေးက “ဟိုဘက်က သေသွားတယ်။ သေသွားတော့ အခုလည်း အမှုဖွင့်ထားတယ်။ သူ့ကိုလည်း ၃၀၄ နဲ့ ဖွင့်ထားတယ်။ ၃၀၄ (က) က ပထမ ယာဉ်အမှုဖွင့်တာပေါ့။ နောက်ပိုင်းကျတော့ နောက်တစ်ခု ထပ်ဖွင့်တာပေါ့။ ကျန်တဲ့အပိုင်းကလည်း ရဲစည်းကမ်းအရ ဥပဒေအရ အရေးယူမယ်”ဟု ပြောကြားသည်။

ဆက်လက်၍ “သူတို့က ပြောတာတွေက မမှန်ဘူး။ ယူနီဖောင်းနဲ့ ကျွန်တော်တို့ဆီက တရားဝင်ကတော့ ၁ အပေါင်း ၂ ပဲ။ အရာရှိတစ်ဦး အခြားအဆင့် နှစ်ဦးပေါ့။ လက်ရှိမှာ အရာရှိတစ်ဦးပဲ ဖမ်းထားတယ်။ သူက လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီးတော့ လုပ်တဲ့သဘောမျိုး သက်ရောက်သွားတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့က သက်ဆိုင်တဲ့ဥပဒေနဲ့ အရေးယူထားပါတယ်”ဟု ၎င်းက ပြောကြားသည်။

 

October 8, 2018














Copy Protected by Chetan's WP-Copyprotect.