တာမွေမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုပြီး အုတ်ခဲဖြင့်ပစ်ကာ သေနတ်လုယူရန် ကြိုးစားခဲ့သူအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

တာမွေမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုပြီး အုတ်ခဲဖြင့်ပစ်ကာ သေနတ်လုယူရန် ကြိုးစားခဲ့သူအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
Published 7 October 2018

တာမွေမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုပြီး အုတ်ခဲဖြင့်ပစ်ကာ သေနတ်လုယူရန် ကြိုးစားခဲ့သူအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း အောက်တိုဘာ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရရှိသည်။

အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက် နှင်းဆီလမ်း တိုက်တစ်တိုက်၏ ငါးလွှာတွင် အမျိုးသားတစ်ဦး အရက်သေစာ သောက်စားပြီး ရမ်းကားနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်း သိရသည်။

သွားရောက်ရာ အဆိုပါတိုက်၏ ငါးလွှာနေ သန်းကျော် (၃၅ နှစ်) မှာ မူးယစ်ရမ်းကားနေသဖြင့် ရဲတပ်ဖွဲ့ဝင်များက တိုက်ပေါ်သို့ တက်ခဲ့ကြောင်း၊ ယင်းနောက် ရဲတပ်ဖွဲ့ဝင်များ တိုက်၏လေးလွှာနှင့် ငါးလွှာကြား လှေကားအရောက်တွင် သန်းကျော် (၃၅ နှစ်) က ရဲများအား ဆဲဆိုပြီး အုတ်ခဲဖြင့် နှစ်ချက်ပစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သန်းကျော် (၃၅ နှစ်) မှာ ရဲတပ်ဖွဲ့ဝင်များထံသို့ ပြေးဆင်းလာပြီး ရဲတပ်သားတစ်ဦး ကိုင်ဆောင်ထားသည့် ပန့်အက်ရှင် သေနတ်ကို လုယူရန် ကြိုးစားခဲ့ကြောင်း သိရသည်။

သေနတ်လုယူရန် ကြိုးစားသည့် သန်းကျော် (၃၅ နှစ်) အား အခြားရဲတပ်သား တစ်ဦးက သေနတ်ဖြင့် တစ်ချက်ပစ်ခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သန်းကျော် (၃၅ နှစ်) မှာ ယာလက်ဖမိုး တစ်ချက်၊ ယာလက်ကောက်ဝတ် တစ်ချက်၊ ယာလက်သန်း တစ်ချက်၊ ဝမ်းဗိုက်တွင် အပေါ်ယံရှပ်ထိ သုံးချက် ရရှိခဲ့ကြောင်း သိရသည်။

“သောက်စားမူးယစ်ပြီး ရမ်းကားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး 199 Call Center ကို ဆက်သွယ်လာလို့ တာမွေမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေက သွားရောက်ခဲ့တာပါ။ ရောက်တော့ အဲဒီမှာနေတဲ့ အမျိုးသား တစ်ယောက်က ရမ်းကားနေတာကို တွေ့တော့ ရဲတပ်ဖွဲ့ဝင်တွေက တိုက်ပေါ်တက်တာ။ တက်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ဆဲဆိုတယ်။ ပြီးတော့ အုတ်ခဲနဲ့ပစ်တယ်။ အုတ်ခဲနဲ့ ပစ်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ  ရှောင်လိုက်နိုင်လို့ပါ။ ထိသွားမယ် ဆိုရင်တော့ လေးလွှာက လိမ့်ကျပြီး အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ ပြီးတော့ သူက ရဲတပ်ဖွဲ့ဝင်တွေဆီက သေနတ်ကို လုဖို့ကြိုးစားတယ်။ လုတော့ ရဲတစ်ဦးက ပန့်အက်ရှင် သေနတ်နဲ့ တစ်ချက်ပစ်လိုက်ပြီး ထိန်းသိမ်းလိုက်ရပါတယ်။ သူ့ကို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့် ထားပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှ သန်းကျော် (၃၅ နှစ်) အား တာမွေမြို့မ ရဲစခန်းက (ပ)၉၇၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၃/၂၉၄ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

 

Most Read

Most Recent