တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ဓားခုတ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူ

တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ဓားခုတ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူ
Published 27 September 2018

ဝင်းထွဋ်ဝင်း အပါအဝင် တာမွေ ဓားခုတ်မှုတွင် ပါဝင်သူများကို စက်တင်ဘာ ၂၆ ရက်က ရုံးထုတ်လာစဉ်

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေဈေးရှေ့တွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ဓားခုတ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို စက်တင်ဘာ ၂၆ ရက်က တာမွေမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ် ရမန်ယူခဲ့ကြောင်း သိရသည်။

“ ဒီနေ့တော့ တာမွေဓားခုတ်မှုက ဖမ်းဆီးထားတဲ့ သူတွေကို ရမန်ယူတာပါ။ အခြားဘာမှ မစစ်ဆေးသေးပါဘူး။ တရားစွဲတင်လာမှ စစ်ဆေးမှာပါ။ အခုတော့ ရမန်ပဲ ယူတာပါ။ နောက် ရုံးချိန်းကိုတော့ အောက်တိုဘာ ၁၀ ရက်မှာ ပြန်ချိန်းထားတယ်” ဟု တာမွေမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရုံးချိန်းတွင် ဖမ်းဆီးခံထားရသည့် သာကေတ လူမိုက်ဟုဆိုသူ ဝင်းထွဋ်ဝင်းနှင့် ပတ်သက်သည့် အပေါင်းအသင်းများလည်း တာမွေတရားရုံးသို့ လာရောက်ခဲ့သည်ကို တွေ့ရသည်။

စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီခန့်တွင် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်နေ မ...... (၂၆ နှစ်) သည် ၎င်း၏ ခင်ပွန်းဖြစ်သူ ဇော်ဟိန်း (၃၀နှစ်) နှင့် အတူ တာမွေမြို့နယ်ရှိ ဂိမ်းကစားဆိုင် တစ်ဆိုင်တွင် ဂိမ်းကစားနေစဉ် ၎င်းတို့၏ ကလေးငယ်ကို အနီးရှိ ကလေးတစ်ဦးက ကစားစရာ သေနတ်ဖြင့် ဦးခေါင်းအား ထုနေသောကြောင့် မထုရန်ပြောဆိုခဲ့ရာမှ သေနတ်ဖြင့် ထုနေသည့် ကလေး၏မိခင်နှင့် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ည ၁၀ နာရီခွဲခန့်တွင် ဝင်းထွဋ်ဝင်း ဆိုသူက မ.......၏ ဖခင် ဦးကြည်ဝင်း ထံဖုန်းဆက်၍ “ မင်းတို့စောက်ချိုးမပြေဘူး။ မင်းတို့ကို လာခုတ်ပြီ” ဟု ပြောကြားစဉ် အပြန်အလှန် စကားများခဲ့ကြကြောင်း သိရသည်။

ထို့နောက် အနည်းငယ်အကြာတွင် ဦးကြည်ဝင်း၏ မိသားစုမှာ တိုက်အောက်သို့ ဆင်းလာစဉ် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်အနီးသို့ ကားသုံးစီး ရောက်လာသည်ကို တွေ့ရှိခဲ့ရပြီး ကားပေါ်မှ လှံများ၊ ဓားများ ကိုင်ထားသည့်သူများ ဆင်းလာကာ ဦးကြည်ဝင်းတို့ ရှိနေသည့်နေရာသို့ ပြေးလာကာ ထိုးခုတ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ အုပ်စုဖွဲ့လှံ၊ ဓားများဖြင့် ထိုးခုတ်မှုကြောင့် ဦးကြည်ဝင်းမှာ ယာလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်၊ သမက်ဖြစ်သူ ဇော်ဟိန်းမှာ ဦးခေါင်းနောက်စေ့ ဘယ်ဘက်တွင် ပြတ်ရှဒဏ်ရာ၊ ဘယ်မျက်ခုံးဖူးရောင်ဒဏ်ရာ၊ မျက်လုံး အောက်ပြတ်ရှဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ဘယ်ဘက်နံဘေးထိုးသွင်းဒဏ်ရာ၊ ဘယ်ဘက်ကျောကုန်း ထိုးသွင်းပြတ်ရှဒဏ်ရာ၊ ယာဘက်ပေါင် ပြတ်ရှဒဏ်ရာများ၊ တရားလို၏ ဆိုင်မှ အလုပ်သမားဖြစ်သူ ဇော်လင်းဦး (၃၂ နှစ်) မှာ ဘယ်ဘက်ပခုံး ထိုးသွင်းဒဏ်ရာ၊ ဘယ်ညှပ်ရိုး ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာများ အသီးသီးရခဲ့ကြောင်း သိရသည်။

ထိုသို့ ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ကုသစဉ် ဇော်ဟိန်းမှာ လမ်းတွင် သေဆုံးသွားခဲ့ပြီး ဦးကြည်ဝင်းနှင့် ဇော်လင်းဦးတို့မှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများအား တာမွေမြို့မရဲစခန်း က (ပ) ၈၈၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

Most Read

Most Recent