ကိုယ်ပိုင်ယာဉ်ပေါ်မှ ဇနီးမောင်နှံအား နံနက်ပိုင်း လူစည်ကားချိန်တွင် လူတစ်စုက ဓားရှည်များဖြင့် ဝိုင်းခုတ်မှု မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ဖြစ်ပွား

ကိုယ်ပိုင်ယာဉ်ပေါ်မှ ဇနီးမောင်နှံအား နံနက်ပိုင်း လူစည်ကားချိန်တွင် လူတစ်စုက ဓားရှည်များဖြင့် ဝိုင်းခုတ်မှု မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ဖြစ်ပွား
Published 26 September 2018

အခင်းဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)

ကိုယ်ပိုင်ယာဉ်ပေါ်မှ ဇနီးမောင်နှံအား နံနက်ပိုင်း လူစည်ကားချိန်တွင် လူတစ်စုက ဓားရှည်များဖြင့် ဝိုင်းခုတ်မှု စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၁ လမ်းနေ ဦး...(၄၀ နှစ်) သည် ဇနီးဖြစ်သူနှင့်အတူ ၎င်းပိုင်ယာဉ်ဖြင့် ယင်းမြို့နယ်အတွင်းရှိ မင်္ဂလာတောင်ညွန့် စံပြညဈေး (ယခင်အခေါ်- အမဲဈေး) သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့ယာဉ်အား မင်္ဂလာတောင်ညွန့် စံပြညဈေး (အမဲဈေး ယခင်အခေါ်) အရောက် ယာဉ်ကိုရပ်တန့်ချိန်တွင် လူတစ်စုက ဓားရှည်များ ကိုင်ဆောင်ပြီး ၎င်းတို့ ဇနီးမောင်နှံအား ဝိုင်းခုတ်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“သူတို့လင်မယား နှစ်ယောက်က အမဲဈေးကိုသွားတာ။ အဲဒီရှေ့အရောက် ကားရပ်တဲ့အချိန်မှာ လူတစ်စုက ဓားတွေနဲ့ဝင်ခုတ်တာ။ အမျိုးသားရော၊ အမျိုးသမီးရော ပြတ်ရှဒဏ်ရာတွေရရှိပြီး ရန်ကုန်ဆေးရုံကို တင်ပို့ထားရပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရသူ နှစ်ဦးစလုံး စကားပြောနိုင်ပါပြီ” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဇနီးမောင်နှံအား ဓားဖြင့်ဝိုင်းခုတ်ခဲ့သည့် လူတစ်စုအား အနီးရှိ စီစီတီဗီ မှတ်တမ်းများမှ ရရှိထားပြီး လက်ရှိတွင် ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဓားဖြင့်အခုတ်ခံရသည့် အမျိုးသားနှင့် ၎င်းကို ဓားဖြင့်ခုတ်ခဲ့သည့် အဖွဲ့တို့မှာ ယခင်ကတည်းက ရန်ငြိုးများ ရှိဖူးကြောင်း ပတ်ဝန်းကျင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်အား မင်္ဂလာတောင်ညွန့် ရဲစခန်းက (ပ)၅၀၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

Most Recent