ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် တစ်ဦးသေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် တစ်ဦးသေဆုံး
Published 18 September 2018

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် စက်တင်ဘာ ၁၇ ရက်က မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အမျိုးသားတစ်ဦးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရဲမှတ်တမ်းများအရ ဖြစ်စဉ်မှာ ဆားမှော်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဆားမှော်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ့စစ်အဖွဲ့ဝင်များနှင့်အတူ ဆားမှော်ကျေးရွာ၊ ဆွပ်ငိုင်ရပ်ကွက်ထိပ်ရှိ ကြက်ခြံသွားသည့်လမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့သည် ၉ နာရီခန့်တွင် အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရန် ဆောင်ရွက်စဉ် အရိုးအသွား ၈ လက်မခန့် ဓားဖြင့်ပြေးထိုးသည့်အတွက်
ရဲတပ်သား စည်သူအောင်၏ ဝဲဘက်လက်မောင်းတွင် ၃ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)၊ နောက်ပြန်လှည့်ထွက်ပြေးရာတွင် ရဲဒုတပ်ကြပ် ဝင်းနိုင်ထွန်းအား ဓားဖြင့်ထပ်မံထိုးပြေးသည့်အတွက် လက်ဖျံတွင်
တစ်လက်မခွဲခန့် ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း၊ ထပ်မံရန်ပြုရာတွင် ရဲတပ်သား အောင်ရဲကျော်က ၎င်းကိုင်ဆောင်သည့် ဘီအေ ၆၃ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာတွင် အမည်မသိ အမျိုးသားမှာ ယာဘက်ရင်အုံဖောက်ဝင်၍ ကျောဘက်ဖောက်ထွက် ဒဏ်ရာတစ်ချက် ရရှိကာ လဲကျသွားကြောင်း ဖော်ပြထားသည်။

လဲကျသွားသည့် အမျိုးသားအား ဆားမှော်တိုက်နယ်သို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရပြီး ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ဆားမှော်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ မျက်မြင်များပြောစကားရ မိုးကောင်းမြို့အနီးတွင် မူးယစ်ဆေးဝါးနှိမ်နှင်းမှုများ ဆက်တိုက် လုပ်ဆောင်ပြီးနောက် အများစုမှာဒေသတွင်း ကျေးရွာများတွင် ဝယ်ယူနေရကြောင်း၊ ကျေးရွာအတွင်း ဖမ်းဆီးမှုများလည်း ဆက်တိုက်ဖြစ်နေကြောင်း၊ ယခုဖြစ်စဉ်မှာ ဖမ်းဆီးခံရပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှတ်တမ်းများနှင့် ကွဲလွဲနေကြောင်း သိရသည်။

Most Read

Most Recent