ဘားအံအကျဉ်းထောင်ဖောက်ရာတွင် ဦးဆောင်သူဖြစ်သည့် လွတ်ရက်မရှိ ပြစ်ဒဏ်ကျ အကျဉ်းသားအား အသေပစ်ခတ် ဖမ်းဆီးရမိပြီး ထောင်မှူးအား နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးနေ

ဘားအံအကျဉ်းထောင်ဖောက်ရာတွင် ဦးဆောင်သူဖြစ်သည့် လွတ်ရက်မရှိ ပြစ်ဒဏ်ကျ အကျဉ်းသားအား အသေပစ်ခတ် ဖမ်းဆီးရမိပြီး ထောင်မှူးအား နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးနေ
Published 18 September 2018

ဘားအံအကျဉ်းထောင်ဖောက်ရာတွင် ဦးဆောင်သူဖြစ်သည့် လွတ်ရက်မရှိ ပြစ်ဒဏ်ကျ အကျဉ်းသားအား အသေပစ်ခတ် ဖမ်းဆီးရမိပြီး ထောင်မှူးအား နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးနေကြောင်း သိရသည်။

ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက အကျဉ်းထောင် ဓမ္မာရုံအနီးရှိ စိုက်ခင်းအတွင်း စုပုံထားသော အမှိုက်များတင်ဆောင်ရန် အကျဉ်းဝန်ထမ်း ဒုကြီးကြပ်ရေးမှူးအဆင့်ရှိ ဦးစိုးဝင်း အသက် (၅၄) နှစ် မောင်းနှင်သည့် အပြာရောင်ကင်တာအမျိုးအစား ယာဉ်အမှတ် 7N/9847 ယာဉ်အားရပ်ထားစဉ် အကျဉ်းသားများက ယာဉ်မောင်းအကျဉ်းဝန်ထမ်း ဒုကြီးကြပ်ရေးမှူး ဦးစိုးဝင်းအား ဝိုင်းဝန်းထိုးကြိတ်ပြီး ထောင်ဝင်တံခါးလေးပေါက်အား တိုက်ဖြို မောင်းနှင် ထွက်ပြေးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာန ဒုညွန်ကြားရေးမှုးနှင့်အဖွဲ့ ရောက်ရှိကာ ထောင်အုပ်ချုပ်မှုလုပ်ငန်းများကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နေပြီး ထောင်ဝန်ထမ်းအရာရှိနှင့် အခြားအဆင့်ထောင်ဝန်ထမ်းများကိုလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

တောင်ကလေး အကျဉ်းထောင်ဖောက်ပြေးသည့် အကျဉ်းသား ၄၁ ဦးတွင် နှစ်ရှည်ပြစ်ဒဏ်ကျတရားခံ ၂၉ ဦး၊ အချုပ်တရားခံ ၁၂ ဦးပါဝင်ပြီး ၎င်းတို့အား ထောင်မကြီးဝင်းအပြင်တွင် အပြင်ဘုတ်ထုတ်ကာ အလုပ်ခိုင်းစေမှုအတွက် တာဝန်ရှိသူ ထောင်မှူးဒုညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းအား ထောင်တွင်းနေအိမ်လိုင်းခန်းတွင် ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ထွက်ပြေးလွတ်မြောက်သည့် အကျဉ်းသား ၄၁ ဦးကို ဖမ်းဆီးရမိရေးအတွက် ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက အနီးကပ်ကွပ်ကဲ၍ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူး၊ ဦးစီးပထမတန်း(ဦး။ရေး။ထောက်)၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့ ကြီးကြပ်ကွပ်ကဲသည့် အဖွဲ့များခွဲ၍ နယ်မြေခံ တပ်မတော်သားများနှင့်အတူ မိတ်ဘက်အဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များက ထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်ကို လိုက်လံရှာဖွေပိတ်ဆို့ခြင်း၊ ကရင်ပြည်နယ်အတွင်းမှ လမ်းတံတားများတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးခြင်းများကို ကွက်ပြည့်နင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံအကျဉ်းထောင်အတွင်း စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက အကျဉ်းထောင်အတွင်း တံခါးလေးပေါက်ကို ကားဖြင့်တိုက်ဖြို ထွက်ပြေးတိမ်းရှောင်နေသူ အကျဉ်းသား ၄၁ ဦးအနက် အကျဉ်းသား ၁၃ ဦးကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးမိပြီး ဦးဆောင်သူ လွတ်ရက်မရှိ ပြစ်ဒဏ်အကျဉ်းသား ကျော်မိန်လ (ခ) အရှောင်အား ယင်းနေ့ ည ၁၁ နာရီကျော်က လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ ရော်ဘာတောစပ်အတွင်း အသေပစ်ခတ် ရရှိခဲ့ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်ခဲ့သည့် အကျဉ်းသား ၄၁ ဦးတွင် အပြစ်ကျတရားခံ ၂၉ ဦး၊ အမှုစစ်ဆေးဆဲ အချုပ်သားတရားခံ ၁၂ ဦး ပါဝင်ကာ ဦးဆောင်သူ ကျော်မိန်လ(ခ)အရှောင်မှာ မူးယစ်ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ်လေးနှစ်၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၂(ခ)နှင့် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်အပြင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ ဖြင့် ထောင်ဒဏ် ၁၀ နှစ် အသီးသီး ပြစ်ဒဏ်ကျခံနေရပြီး လွတ်ရက်မရှိ ပြစ်ဒဏ်ကျခံရသူဖြစ်ကာ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့စိန်ဘန်(အောက်)ကျေးရွာအုပ်စု ရွှေပြည်တောင်ကျေးရွာတွင် နေထိုင်သူဖြစ်ကာ အသက် ၃၃ နှစ်ရှိကြောင်း သိရသည်။

ထိုသို့ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေရာ အခင်းဖြစ် ညနေပိုင်းတွင် ဘားအံမြို့နယ် သံလွင်မြစ်အရှေ့ခြမ်း မိဇံရွာနှင့် ကော့ကူးရွာအကြား လျှိုအတွင်း၌ ထွက်ပြေးလွတ်မြောက် အကျဉ်းသားသုံးဦးကို ဖမ်းဆီးရရှိပြီး ည ၇ နာရီခန့်တွင် ကျုံပကိုကျေးရွာ လယ်တောအနီး၌ အကျဉ်းသား ၁၀ ဦးကို တွေ့ရှိဖမ်းဆီးရရှိပြီး ည ၁၁ နာရီကျော်တွင် ဦးဆောင်သူ ကျော်မိန်လ (ခ) အရှောင်အား လှိုင်းဘွဲမြို့နယ် ထီလုံအပိုင် ရော်ဘာတောအတွင်း အသေပစ်ခတ် ဖမ်းဆီးရရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဘားအံစက်မူဇုန် နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်လှဟန်က “အတိအကျတော့ ပြောလို့မရသေးဘူး။ ကြားတာတော့ကြားတယ်။ ဆေးရုံကိုပို့လိုက်တယ်လို့ ကြားတယ်။ ကျွန်တော်တို့အဖွဲ့နဲ့ ထိပ်တိုက်တွေ့တာတော့ မဟုတ်ဘူး။ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ကလည်း အကျဉ်းသားဓာတ်ပုံတွေ ဖြန့်ဝေထားပြီး ပြည်သူတွေကို အကူအညီ တောင်းခံထားပါတယ်။ မကြာခင် အကျဉ်းသားအားလုံးကို ပြန်လည်ဖမ်းဆီးရရှိမှာပါ” ဟု ဖြေကြားသည်။

စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ရရှိသော သတင်းများအရ ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးအနက် ၂၁ ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၇ ရက်တွင် ည ၇ နာရီခန့်တွင် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ဖားခြောက်ကောင်ဘုန်းကြီးကျောင်းဝင်း အနောက်ဘက်တွင် ဝင်းသိန်း(ခ)အရှည်ကြီး ကိုလည်းကောင်း၊ ည ၈ နာရီခန့်တွင် လှိုင်းဘွဲမြို့နယ် ကျုံပကိုကျေးရွာအုပ်စု နော်ပနားမိန်ကျေးရွာအနီး ရာဘာခြံအတွင်းမှ အချုပ်သား စောမြင့်စိုး(ခ)စောသံမဏိနှင့် အကျဉ်းသား အောင်မြင့်လင်း(ခ) မြင့်လင်းတို့အား လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ရာ စုစုပေါင်း ၂၁ ဦး ဖမ်းမိပြီဖြစ်သည်။

Most Read

Most Recent