စစ်ကိုင်း မြစ်ငယ်ကားလမ်းတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ရိုက်နှက်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား

စစ်ကိုင်း မြစ်ငယ်ကားလမ်းတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ရိုက်နှက်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား
Published 16 September 2018

မန္တလေးမြို့ အမရပူရမြို့နယ် စစ်ကိုင်း -မြစ်ငယ် ကားလမ်းတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်မှုတစ်ခု စက်တင်ဘာ ၁၄ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း၊ လုယက်ခံရသည့် ရဲတပ်ဖွဲ့ဝင်မှာ စစ်ကိုင်းမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်းမြို့မရဲစခန်းကလို့ သိရပါတယ်။ ကျူးလွန်သူတွေကို ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်။ ရဲတပ်သား အခြေနေကတော့ စောင့်ကြည့်နေရတုန်းပါ” ဟု အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက ပြောကြားသည်။

အဆိုပါ စစ်ကိုင်းမြို့မရဲစခန်းမှ ရဲတပ်သား အေးကျော်သည် မန္တလေးမြို့ရှိ ကျွဲဆည်ကန်ကားကြီးကွင်းသို့  သူငယ်ချင်းသွားကြိုရာ မတွေ့ရသဖြင့် စစ်ကိုင်းသို့ တစ်ဦးတည်း ပြန်လာစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူများက ဦးခေါင်းကိုတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် လက်ဝဲဘက်နံစောင်းသို့ ချွန်ထက်သည့်အရာဖြင့် ထိုးသွင်းခံခဲ့ရကာ ဆိုင်ကယ်ယူသွားခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်သားအေးကျော်အား တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ထိုးသွင်းခြင်း စသည်တို့ ကျူးလွန်ပြီး ဆိုင်ကယ်ယူဆောင်သွားသူတို့ကို အမရပူရမြို့နယ် မြစ်ငယ်ရဲစခန်းတွင် ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

Most Read

Most Recent