ဖောင်ကြီး ရဲစခန်း၌ ထိန်းသိမ်းထားသည့် အမျိုးသားတစ်ဦး ဆွဲကြိုးချ သတ်သေမှုကို မယုံကြည်သဖြင့် သေဆုံးသူ၏ မိသားစုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သေဆုံးရခြင်း အကြောင်းရင်းကို ဖော်ထုတ်ပေးရန် တောင်းဆို

ဖောင်ကြီး ရဲစခန်း၌ ထိန်းသိမ်းထားသည့် အမျိုးသားတစ်ဦး ဆွဲကြိုးချ သတ်သေမှုကို မယုံကြည်သဖြင့် သေဆုံးသူ၏ မိသားစုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သေဆုံးရခြင်း အကြောင်းရင်းကို ဖော်ထုတ်ပေးရန် တောင်းဆို
Published 13 September 2018

သေဆုံးသူ၏ မိသားစုဝင်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

ဖောင်ကြီးရဲစခန်း၌ ထိန်းသိမ်းထားသည့် အမျိုးသားတစ်ဦး ဆွဲကြိုးချ သတ်သေမှုဖြစ်စဉ်တွင် သေဆုံးသူ၏ မိသားစုက သေဆုံးသူသည် ဆွဲကြိုးချ သတ်သေခြင်း ဖြစ်သည်ဟု မယုံကြည်သဖြင့် စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ သေဆုံးရခြင်း အကြောင်းရင်းမှန်အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဧပြီ ၁၉ ရက်က ဖောင်ကြီးရဲစခန်း၌ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဧပြီ ၂၀ ရက်တွင် ရဲစခန်းအချုပ်ခန်း လျှောက်လမ်းအပေါ်ရှိ ထုတ်တန်းပေါ်တွင် ချည်သားအင်္ကျီ လက်ရှည်ဖြင့် ဆွဲကြိုးချ သေဆုံးသည့် အမျိုးသားတစ်ဦး၏ ဖြစ်စဉ်အား သေဆုံးသူ၏ မိသားစုများက သေဆုံးသူသည် ဆွဲကြိုးချ သတ်သေခြင်းကြောင့် သေဆုံးသည်ဟု မယုံနိုင်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမှုမှန်ပေါ်ပေါက်နိုင်ရေး ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။

“ကျွန်မမောင်လေးက ဖောင်ကြီးရဲစခန်းမှာ ဧပြီ ၁၉ ရက်က ထိန်းသိမ်းခံရတယ်လို့ ၂၀ ရက် နံနက်ပိုင်းမှာ ကျွန်မမောင်လေး ဖုန်းကိုကိုင်တဲ့ ဖောင်ကြီးရဲစခန်းက ရဲတစ်ယောက်က ပြောတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ မောင်လေးက ရဲစခန်းမှာ ဆွဲကြိုးချ သေသွားလို့ ဖောင်ကြီးတိုက်နယ်ဆေးရုံကို ရောက်နေတယ်လို့ ပြောတယ်။ ရပ်ကွက်လူကြီးရဲ့ မိန်းမက လာပြောတာ။ ရဲစခန်းက အကြောင်းကြားတာ မဟုတ်ဘူး။ ကျွန်မတို့ သွားကြည့်တော့ မောင်လေးရဲ့ အလောင်းကို ရင်ခွဲရုံမှာ တွေ့တယ်။ တွေ့တော့ အလောင်းက တောင့်နေပြီ။ အခြားဒဏ်ရာတွေလည်း တွေ့တယ်။ ကျွန်မတို့ကတော့ ကျွန်မ မောင်လေး ဆွဲကြိုးချသတ်သေတယ် ဆိုတာကို မယုံဘူး။ ဒါကြောင့် မောင်လေး သေဆုံးရတဲ့ အကြောင်းအရင်းမှန်ကို သိချင်တယ်။ အမှုမှန် ပေါ်စေချင်တယ်။ ကျွန်မတို့မိသားစု လိုချင်တာက အမှန်တရားပါပဲ” ဟု ဖောင်ကြီးရဲစခန်း၌ ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့ရသူ အမျိုးသား၏ အစ်မက ပြောကြားသည်။

ဖောင်ကြီးရဲစခန်းမှ စခန်းမှူးဖြစ်သူ၏ ပြောကြားချက်အရ ဖောင်ကြီး အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွေး၏ အိမ်သို့ တောင်းပန်ရန် သေဆုံးသူက လာရောက်ရာတွင် ဦးမြင့်ထွေးက ပြန်ခိုင်းရာ လက်မခံသဖြင့် ဖောင်ကြီးရဲစခန်းသို့ သေဆုံးသူအား လာရောက် ပို့ဆောင်ခဲ့ပြီး တိုင်ချက်ဖွင့်ရန် လုပ်ဆောင်နေစဉ် အချုပ်ခန်းနံဘေးရှိ လျှောက်လမ်းပေါ် ထုပ်တန်း၌ သေဆုံးသူက ဆွဲကြိုးချ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လွန်ခဲ့သည့် သုံးလေးနှစ်လောက်က ဖောင်ကြီးအနောက် အုပ်ချုပ်ရေးမှူးသမီးနဲ့ Viber , Facebook တို့နဲ့ စကားပြောခဲ့တယ် ပြောတာပဲလို့ ကျွန်တော် ကြားတာပါ။ အဲဒီလို ပို့တဲ့ကိစ္စတွေကို သွားတောင်းပန်မယ် ဆိုပြီး သွားတယ်လို့ ပြောတယ်။ အဲဒီအထိတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ သွားတော့ အုပ်ချုပ်ရေးမှူးက မင်းဘာလို့ လာတာလဲ။ သူ့ကိုလည်း သားလို့ပဲ ခေါ်တာပါ။ သေဆုံးသူက ပြောတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စာတွေပို့တဲ့အတွက် အရှက်ရစေလို့ လာတောင်းပန်တာပါလို့ ပြောပါတယ်။ အုပ်ချုပ်ရေးမှူးက ရပါတယ်လို့ပြောပြီး ပြန်ပါလို့ ပြောတာကို မပြန်ဘူးလို့ သေဆုံးသူက ပြောပါတယ်။ အဲ့ဒါကြောင့် ရဲစခန်းကို ခေါ်လာရတာပါ။ စခန်းကို ဦးမြင့်ထွန်း ရောက်လာပြီး ဦးမြင့်ထွန်းကို အကျိုးအကြောင်း မေးနေပြီး တိုင်ချက်ကောက်နေချိန် သူ့ကို အချုပ်ခန်းရဲ့ ဘေးထိုင်ခုံလေးနားမှာ ထိုင်ခိုင်းထားတယ်။ အချုပ်ခန်းရဲ့ ဘေးပတ်လည်မှာ လျှောက်လမ်းရှိတယ်။ လျှောက်လမ်းရဲ့ အပေါ်ထပ်မှာ သူ့အင်္ကျီလက်ရှည်နဲ့ အုန်းဆိုတဲ့ အသံပဲကြားရပြီး သူကိုယ်တိုင် ဆွဲကြိုးချသွားတာပါ” ဟု ဖောင်ကြီးရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖောင်ကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများမှ လာရောက် စစ်ဆေးလျက်ရှိကြောင်း ဖောင်ကြီးရဲစခန်းမှ စခန်းမှူးက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူ၏ မိသားစုက နိုင်ငံတော်သမ္မတရုံးနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တိုင်ကြားစာများ ပေးပို့ တိုင်ကြားထားကာ အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် လိုလားလျက် ရှိကြောင်း သိရသည်။

Most Read

Most Recent