ကျပ်သိန်း ၃၀၀၀ ဆု အောင်ဘာလေ ထီလက်မှတ်ကို လိမ်လည် ခိုးယူသွားသည့် အမျိုးသားအား ပေါက်မြို့နယ် ရေပြာနယ်မြေရဲစခန်းတွင် အမှုဖွင့်

ကျပ်သိန်း ၃၀၀၀ ဆု အောင်ဘာလေ ထီလက်မှတ်ကို လိမ်လည် ခိုးယူသွားသည့် အမျိုးသားအား ပေါက်မြို့နယ် ရေပြာနယ်မြေရဲစခန်းတွင် အမှုဖွင့်
Published 13 September 2018

(၁၈) ကြိမ်မြောက်တွင် သိန်း ၃၀၀၀ ကံထူးသော ထီလက်မှတ်ကို လိမ်လည် ခိုးယူသွားသည့် အမျိုးသားအား ပေါက်မြို့နယ် ရေပြာနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါ နယ်မြေရဲစခန်းမှ စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် သရက်ကန်ကျေးရွာအုပ်စု၊ လက်ပံတိုရွာမှ အသက် ၃၇ နှစ်ရှိ မတင်စန်း နှင့် မိသားစုသည် ပြီးခဲ့သည့် သြဂုတ်အတွင်း က မိုးယံထီဆိုင်မှ ၄၆ စောင်ပါ ထီအုပ် တစ်အုပ်ကို ကံစမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် အောင်ဘာလေထီ ထွက်ရှိသည့် စက်တင်ဘာ ၁ ရက်တွင် ထီပေါက်စဉ် အလွယ်တကူ မရှိသောကြောင့် ထိုးထားသည့် ထီကို မတိုက်ဘဲ အမှုမဲ့အမှတ်မဲ့ နေခဲ့ကြောင်း၊ စက်တင်ဘာ ၆ ရက်တွင် အမည်မသိ အမျိုးသားတစ်ဦး (ထီရောင်းသူဟု ဆိုသူ) နေအိမ်သို့ ရောက်လာပြီး ထီပေါက်စဉ် တိုက်ပေးမည်ဟု ဆိုကာ ထီလက်မှတ်များကို တောင်းခံခဲ့ကြောင်း၊ တိုက်ကြည့်ပြီး မပေါက်ကြောင်းပြော၍ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား ပြန်ထွက်သွားချိန်တွင် ထီ ၄၆ ရွက်အနက် ယ- ၈၆၉၁၈၂ ထီလက်မှတ် တစ်ခု ပျောက်ဆုံးနေ၍ ထီပေါက်စဉ်နှင့် ပြန်စစ်ကြည့်ရာ သိန်း ၃၀၀၀ ပေါက်သည့် လက်မှတ်ဖြစ်နေသဖြင့် ထီလက်မှတ်အား လိမ်လည် ယူဆောင်သွားခဲ့သည့် အမျိုးသားအား စုံစမ်းစစ်ဆေးပေးပါရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

သိန်း ၃၀၀၀ ထီပေါက်သူ၏ မိသားစုဝင်တစ်ဦးက “ရွာခံ မဟုတ်ပါဘူး။ ရွာကလည်း မသိဘူး။ သူ့ကိုယ်သူ ရွှေမြန်မာက ထီရောင်းတဲ့သူ လို့တော့ ပြောတယ်၊ ပြီးတော့ ထီတိုက်တယ်၊ မပေါက်ဘူးဆိုပြီး ပြန်သွားတယ်၊ ပြန်ရမလားတော့ မသိဘူး။ ရန်ကုန်က အောင်ဘာလေကိုတော့ ထုတ်မပေးဖို့ အကြောင်းကြားထားတယ်”ဟု သိန်း ၃၀၀၀ ထီပေါက်သူ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ထီပေါက်သည်ကို ရောင်းသူက အကြောင်းမကြားမီ လိမ်လည် ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထီပေါက်သည့် မိသားစုထံမှ သိရသည်။

“ထီက နှစ်ဖွဲ့ ဖြစ်နေတာပေါ့။ တစ်ဖွဲ့က ရောင်းခဲ့တယ်၊ တစ်ဖွဲ့က လာပြီး ခိုးသွားတယ်၊ အဲဒီလိုဖြစ်တာ ကျွန်တော်တို့ကတော့ ပိတ်ပစ်ခဲ့တယ်။ ဒီထီလက်မှတ်နဲ့ လာထုတ်ရင် မထုတ်ပေးဖို့ကို လျှောက်လွှာတင်ခဲ့တယ်။ ထီဆိုင်တွေကတော့ လက်ကားကြီးတွေ ဖြန့်တာဆိုတော့ အတိအကျကြီး မလိုက်ပေးနိုင်ဘူးပေါ့”ဟု လက်ပံတိုရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုဖြစ်စဉ်မှ ထီလက်မှတ် လိမ်လည် ခိုးယူခဲ့သူအား ရေပြာနယ်မြေ ရဲစခန်းတွင် (ပ) ၈၂/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျပ်ငါးရာတန် အောင်ဘာလေထီ ဖွင့်လှစ်သည့် ခြောက်လအတွင်း ကျပ်သိန်း သုံးထောင်ဆု အပါအဝင် ဆုငွေ လာရောက်ထုတ်ယူခြင်း မရှိသည့် ထီလက်မှတ် ခုနစ်သောင်းကျော် ရှိကြောင်းနှင့် ယခုလ ပထမအပတ်အတွင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားပြီး ဆုမဲများကို ထီဖွင့်လှစ်သည့်နေ့မှ တစ်နှစ်အတွင်း လာရောက်ထုတ်ယူခြင်း မရှိပါက ယင်းဆုငွေအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

Most Read

Most Recent