မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဂိုဏ်းဖွဲ့ခိုးယူနေသူ ငါးဦးအား ဆိုင်ကယ် ၁၅ စီးနှင့်အတူ ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဂိုဏ်းဖွဲ့ခိုးယူနေသူ ငါးဦးအား ဆိုင်ကယ် ၁၅ စီးနှင့်အတူ ဖမ်းဆီးရမိ
Published 13 September 2018

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဂိုဏ်းဖွဲ့ ခိုးယူနေသူ ငါးဦးအား ဆိုင်ကယ် ၁၅ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိမှုမှာ သြဂုတ် ၂၈ ရက်မှ စတင်ကာ ဆိုင်ကယ်ခိုးသူတစ်ဦးကို ဖမ်းဆီးမိရာမှ ကွင်းဆက်တရားခံများ ဆက်စပ်ဖော်ထုတ်ချက်အရ စက်တင်ဘာ ၁၁ ရက်အထိ ဆိုင်ကယ် ၁၅ စီးအနက် ၁၃ စီးနှင့် ပတ်သက်၍ အမှုဖွင့်နိုင်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်ဇင်ကိုကိုက “မိတာကတော့ စီတာပူမနက်ဈေးမှာ ဆိုင်ကယ်ခိုးပြေးတော့ ပိုင်ရှင်နှင့် ရဲတပ်ဖွဲ့ဝင်တွေ နောက်ကနေလိုက်တယ်။ ဆွမ်ပရာဘွမ် လမ်းမကြီးပေါ် တပ်ကုန်းရပ်ကွက်က လှည့်ကင်းသမားတွေက သတင်းပို့ပြီး ရပ်ကွက်က လူတွေနဲ့ ဝိုင်းဖမ်းတယ်။ အဲဒီကနေ အဆင့်ဆင့် ဖမ်းဆီးစစ်ဆေးလိုက်တာ စက်တင်ဘာ ၁၁ ရက်အထိဆိုရင် တရားခံခိုးသူ လေးဦး၊ ပစ္စည်းအမာခံ ထုတ်ရောင်းပေးသူ တစ်ဦး၊ အားလုံး ငါးဦးမိပါတယ်။ ဆိုင်ကယ် ၁၅ စီးမှာ ၁၃ စီးနှင့် ပတ်သက်ပြီး အမှုဖွင့်ပြီးပြီ။ နှစ်စီးက သက်သေတွေကို စစ်ဆေးနေတယ်။ အဓိက ဆိုက်ကယ်ခိုးတဲ့ အောင်လတ်၊ ထိန်နူးဂျာ (ခ) အားဂမ်၊ ဇော်မိုင်အောင်၊ ကျော်ခွန်းတို့ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ အမှုလည်း ဖွင့်ပြီးပြီ။ ပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးပြီးတော့ လှည့်ကင်း၊ ရပ်ကင်း၊ ပိတ်ဆို့တာတွေ လုပ်နေတော့ အခုလပိုင်းတွေမှာ သူခိုးတွေကို အများကြီးမိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဖမ်းတာဆိုရင် အစီး ၅၀ လောက်နှင့် လူ ၂၀ လောက် ရှိသွားပြီ။ အပြင်မှာခိုးစားသူတွေက ရှိနေတုန်းပဲ။ အရပ်သူ အရပ်သားတွေ အနေနဲ့ လုံခြုံမှုနှင့် ပတ်သက်ပြီး သတိမပြတ်တာက အကောင်းဆုံးပါ” ဟု ပြောကြားသည်။

မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက လပိုင်းအတွင်း မြစ်ကြီးနားအခြေစိုက် ဆိုင်ကယ်ခိုး ဂိုဏ်းနှစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှ ဆိုင်ကယ်ခိုးဂိုဏ်းတစ်ခုကို ဖမ်းမိထားပြီး ကျူးလွန်ရသည့် အကြောင်းရင်းမှာ မူးယစ်ဆေးဝါးကြောင့် မဟုတ်ဘဲ ငွေကြေးရှာဖွေရ လွယ်ကူခြင်းကို အကြောင်းပြု ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ရဲမှူးမြင့်မိုးက “အခု နောက်ဆုံး ဖမ်းတာက ခိုးတာက လေးဦး၊ ပစ္စည်းထုတ်ပေးနေသူတစ်ဦး ငါးဦးပေါ့။ သူတို့ပုံစံက မူးယစ်ဆေးစွဲသူတွေ မဟုတ်ဘူး။ သာမန်လူတွေပဲ ကျူးလွန်နေတာ။ ဆိုင်ကယ်ကိုမှာ မာစတာကြီးတပ်ပြီး စက္ကန့်ပိုင်းအတွင်းပဲ လှည့်ဖွင့်ခိုးသွားတာပဲ။ အများဆုံးခိုးခဲ့တာက ဈေးတာပူ ဈေးကပဲ။ ငါးစီးရှိတယ်။ သူတို့အားလုံးကို ရာဇသတ်ကြီးပုဒ်မ -၃၈၀ (မဆ)ကျင့် ၅၄ နဲ့ အမှုဖွင့်ထားတယ်။ လွန်ခဲ့တဲ့လက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က အဖွဲ့တွေ မြစ်ကြီးနားတက်လာပြီး လာလုပ်စားတယ်။ လေးယောက်ပဲ။ မသင်္ကာ ခေါ်စစ်လို့ ပေါ်တယ်။ မြစ်ကြီးနားမှာဆိုင်ကယ် သုံးစီး။ အင်းတော်မြို့နယ် ဆိုင်ကယ် ၁၈ စီး ပြန်ရတယ်။ အဲဒီအရင်က ဖားကန့်မှာ မိသားစုလိုက် ဆိုင်ကယ်ခိုးစားသူတွေကို ဆိုင်ကယ် ၁၆ စီးနဲ့မိတယ်။ မူးယစ်တွေကြောင့် မဟုတ်တော့ဘူး။ မိသားစု စားဝတ်နေရေးအတွက် ငွေရှာရလွယ်လို့ လုပ်သလိုဖြစ်နေတာ။ ပြည်သူတွေကလည်း ဖြစ်တာနဲ့ ၁၉၉ ကို ဆက်သွယ်ပြီး အကြောင်းကြားဖို့လိုတယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဖို့ အများကြီး လိုသေးတယ်။ ကျွန်တော်တို့လည်း လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ လှည့်လည် စောင့်ကြည့်နေပါတယ်” ဟု ပြောကြားသည်။

ရိုက်နှက်လုယက်မှုများ၊ ဖောက်ထွင်းမှုများ၊ ဓားထောက်လုယက်မှုများမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်သာမက မိုးညှင်း၊ ဗန်းမော်၊ ဖားကန့်မြို့များတွင် အဖြစ်များနေပြီး အများစုမှာ အဘက်ဘက်မှ ယုံကြည်မှု အားနည်းသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အစိုးရသစ် နှစ်ဆက်အတွင်း ဝန်ကြီးချုပ်များ၏ ကိုယ်ရေးအရာရှိနှင့် လုံခြုံရေးအရာရှိများ မြစ်ကြီးနားမြို့ပေါ်တွင် လိုက်ခိုက်ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent