<

မန္တလေးမြို့တွင် စိတ်ကြွဆေးပြား တစ်သိန်းနှစ်သောင်းနီးပါးနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

မန္တလေးမြို့တွင် စိတ်ကြွဆေးပြား တစ်သိန်းနှစ်သောင်းနီးပါးနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စက်တင်ဘာ ၁၀ ရက်က သတင်းရရှိသည်။

စက်တင်ဘာ ၈ ရက်က မူးယစ်တပ်ဖွဲ့စု (၁၈)နှင့် နယ်မြေရဲစခန်း အမှတ် (၁၁) မှ တာဝန်ရှိသူများ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၂) ရပ်ကွက် ဇလပ်ဝါလမ်းနှင့် ဒေလီယာလမ်းကြား ဒေါ်တင်တင်လှ (ဈေးရောင်း) ၏ နေအိမ်ကို ၀င်ရောက်ရှာဖွေရာ ၎င်းအား အသင့်တွေ့ရှိပြီး နေအိမ် အောက်ထပ်ရှိ အိပ်ခန်းအတွင်းမှ အမည်းရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်အတွင်း ထည့်ထားသော ၈၈/၁ စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၊ တန်ဖိုးကျပ် ၉,၇၅၀,၀၀၀ နှင့် ဒေါ်တင်တင်လှက ဆေးပြားများအား အမရပူရမြို့နယ် ကင်းပတ်ရွာနေ ထွန်းနိုင် (ခ) ဆိတ်ပေါက် (၃၅ နှစ်)၊ ဆေးသုတ်သူထံမှ ၀ယ်ယူခဲ့ပြီး ထွန်းနိုင်သည် ဆေးပြားဖိုးငွေများယူပြီး မြို့သစ် (၂) ရပ်ကွက် ခိုင်ရွှေဝါလမ်းနှင့် ဇလပ်ဝါလမ်းကြားရှိ ဘီယာဆိုင်သို့ ထွက်သွားကြောင်း သိရသောကြောင့် ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေခဲ့ရာ ဘီယာဆိုင်တွင် ထွန်းနိုင်အား တွေ့ရှိပြီးနောက် စစ်မေးရာ ၎င်းနေအိမ်ခြံဝင်းအတွင်းရှိ ကောက်ရိုးပုံအောက်နှင့် ခြံစည်းရိုးအနီး မြေကြီးအတွင်း မြှုပ်နှံထားသော ၈၈/၁ စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀,၀၀၀၊ တန်ဖိုး ကျပ် ၃၃၀,၀၀၀,၀၀၀၊ ဆပ်ပြာခွက်များအတွင်း ထည့်ထားသည့် ဘိန်းဖြူမှုန့် အလေးချိန်ဂရမ် ၇၇၀၊ တန်ဖိုး ကျပ် ၅၃,၉၀၀,၀၀၀ နှင့် နေအိမ် အပေါ်ထပ် အခန်းအတွင်းမှ မူးယစ်ဆေး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်ရမိခဲ့သည်။

ယင်းနေ့တွင် မူးယစ်တပ်ဖွဲ့စု (၁၈) မှလည်း ၈၃ လမ်းနှင့် ၈၄ လမ်းကြား၊ ၄၂ လမ်း နှင့် ၄၃ လမ်းကြားနေ အမျိုးသားတစ်ဦး၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်တွင် နေအိမ်နေသူနှင့် မူးယစ်ဆေးဝါး သုံးစွဲနေသူနှစ်ဦးအား တွေ့ရှိပြီး မူးယစ်ဆေး သုံးစွဲနေသူတစ်ဦး၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ ပင်နီဆလင် ပုလင်းများ ထည့်ထားသည့် ဘိန်းဖြူ ၀ ဒသမ ၀၈၊ တန်ဖိုး ကျပ် ၅၆၀၀ နှင့် မူးယစ်ဆေးသုံးစွဲရာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေ့တွင် မူးယစ်တပ်ဖွဲ့စု (၁၇) မှ တာဝန်ရှိသူများသည် ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊ ၁၉ လမ်းပေါ်ရှိ ဘီယာဆိုင်တွင် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့ ဆိုင်ထဲ ၀င်ရောက်လာစဉ် ယူဆောင်လာသည့် ခြင်းအတွင်းမှ ၈၈/၁ ပန်းရောင် စိတ်ကြွဆေးပြား၂၀၀၀ ပြား၊ တန်ဖိုး ကျပ် ၆၀၀၀၀၀၀ ခန့်နှင့် အမျိုးသမီးတစ်ဦးအား ဆက်လက်ပြီး စစ်မေးရာ ထပ်မံဝယ်ယူရန် မှာယူထားကြောင်း သိရှိရသောကြောင့် တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မန္တလေး-ဗန်းမော်လမ်းမကြီး၊ အင်းရွာလမ်းဆုံတွင် အမျိုးသမီးတစ်ဦးအား ရှာဖွေရာ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား၊ တန်ဖိုး ကျပ် ၁၈,၀၀၀,၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

သက်ထွန်းအောင်

September 11, 2018














Copy Protected by Chetan's WP-Copyprotect.