ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာအတွင်း စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ကျော်နှင့် ဘိန်းဖြူဖမ်းဆီးရမိ

ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာအတွင်း စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ကျော်နှင့် ဘိန်းဖြူဖမ်းဆီးရမိ
Published 4 September 2018

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ လက်ပံကျေးရွာအတွင်း စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ကျော်နှင့် ဘိန်းဖြူဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာ အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ စက်တင်ဘာ ၂ ရက်က စစ်ဆေးခဲ့ရာ လက်ပံကျေးရွာ (၁) ရပ်ကွက် စိုးနိုင် (ခ) ဖွဲလုံး ၃၀ နှစ်၊ ကျပန်းလုပ်သူ၏ နေအိမ်၏ ရှေ့အနောက်မြောက်ထောင့် ကိုက် ၅၀ ခန့်အကွာ ခြံစည်းရိုးပုတ်အတွင်း သိုဝှက်ထားသည့် 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၂၀၁၀၀၊ တန်ဖိုး ကျပ် ၅၀၂၅၀၀၀၀ ခန့်၊ လက်ပံကျေးရွာ (၈) ရပ်ကွက်၊ အိမ်အမှတ် (၆၀) နေ မဆိုဖီယာ ၃၅ နှစ်၊ ကျပန်းလုပ်သူ၏ နေအိမ်အပေါ်ထပ် အိပ်ခန်းဝင်ပေါက် ယာဘက်တံခါးဘောင်ကြားတွင် ညှပ်လျက် အမည်းရောင်ကြွပ်ကြွပ်အိတ် အပိုင်းအစဖြင့်ထုပ်လျက် စိတ်ကြွဆေးပြား ၂၀၊ တန်ဖိုး ကျပ် ၅၀၀၀၀ ခန့်၊ လက်ပံကျေးရွာ၊ (၇) ရပ်ကွက်နေ ကိုလေး ၅၃ နှစ်၊ တောင်သူလုပ်သူ၏ နေအိမ်အောက်ထပ် နောက်ဖေးခန်းနံရံတွင် ချိတ်ထားသည့် အမျိုးသမီးကိုင် အနက်ရောင်စလင်းဘက်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြား၊ သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ နေအိမ်အပေါ်ထပ် မြောက်ဘက်နံရံ အောက်ခြေကြမ်းပြင်ပေါ်ရှိ ဒန်အိုးအဖုံးပေါ်တွင် စိတ်ကြွဆေးပြားတစ်ပြား၊ ဒန်အိုးအနီးရှိ ပလတ်စတစ်ခြင်းအဝိုင်းအတွင်း အအေးစုပ်ပိုက်ဖြင့်ထည့်လျက် စိတ်ကြွဆေးပြား အကြေမှုန့်ဟု ယူဆရသည့် အစိမ်းရောင်မှုန့် အလေးချိန် ၀ ဒဿမ ၅ ဂရမ်ခန့်နှင့် နံရံတွင် ချိတ်ထားသည့် အိတ်အတွင်းမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် လက်ပံကျေးရွာ (၇) ရပ်ကွက် ဇော်ဂျီချောင်းရေမြောင်းဘေးတွင် လမ်းလျှောက်လာသည့် မြင့်လွင်ဦး ၂၀ နှစ်၊ ကျပန်းလုပ်သူ၏ ဝဲလက်ထဲတွင် ကိုင်ထားသည့် Red Ruby စီးကရက်ဘူးခွံအတွင်းမှ စိတ်ကြွဆေးပြား သုံးပြား၊ ဂက်စ်မီးခြစ်တစ်လုံး၊ ခဲစက္ကူစ တစ်စ၊ Kenbo လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး လက်ပံကျေးရွာ (၇) ရပ်ကွက် ဇော်ဂျီချောင်းဘေးရှိ ဇော်မင်းထွန်း (ခ) မိုးဟာမက်အလီ ၃၄ နှစ်၊ ဆိုင်ကယ်ပြင်သူ၏အိမ်အား စစ်ဆေးရာ ၎င်း၏ ပုဆိုး ယာဘက်ခါးတွင် ချိတ်ထားသည့် ပြောက်ကျားအိတ်အတွင်းမှ ပင်နယ်ဆီလင်ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့် အလေးချိန် ၀ ဒသမ ၃ ဂရမ်ခန့်ပါ တစ်ပုလင်း၊ ၀ ဒသမ ၇ ဂရမ်ခန့်ပါ တစ်ပုလင်း၊ ရေမွှေးပုလင်းအသေး အတွင်းထည့်လျက် ဘိန်းဖြူဟုယူဆရသည့် ဖြူဝါရောင်အမှုန့် အလေးချိန် ၀ ဒသမ ၁၅ ဂရမ်ခန့်ပါ တစ်ပုလင်း စုစုပေါင်းဘိန်းဖြူ ၀ ဒသမ ၅၂ ဂရမ်၊ တန်ဖိုး ကျပ် ၃၆၄၀၀ ခန့်၊ ပင်နယ်ဆီလင် ပုလင်းဖြင့်ထည့်လျက် စိတ်ကြွဆေးပြား ၃၂ ပြား၊ တန်ဖိုး ကျပ် ၈၀၀၀၀ ခန့်၊ သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး မြို့မရဲစခန်း (ကျောက်ဆည်) မှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent