<

သထုံမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့

မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက် ၀ါးတောရပ်ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ သြဂုတ် ၃၀ ရက်ည ၉ နာရီ ၁၅ မိနစ်ခန့်က သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့ သိမ်ကုန်းရပ်ကွက် ၀ါးတောလမ်းရှိ ဟာမိုနီ စားသောက်ဆိုင်၌ သထုံမြို့ တာယာစက်ရုံဝင်းအနီး (၃) အိမ်စုရွာနေ အောင်မျိုးသူ (၂၉ နှစ်)(ဘ) ဦးမျိုးမြင့်နှင့် ကျော်ကောင်း၊ ကောက်ကြီး၊ ကိုဖြိုး၊ အောင်ဇေယျာဝင်းတို့ ငါးဦးမှာ စားသောက်ဆိုင်အတွင်း စားသောက်ပြီးပြန်ရန် ဆိုင်မှထွက်လာစဉ် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ မင်းလမ်း၊ အမှတ်-၇၇၉ နေ KNU ဗဟိုတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ တရုတ် (ခ) အောင်သူရိန် (၃၂ နှစ်) (ဘ) ဦးမင်းဦး ရောက်ရှိလာပြီး “မင်းတို့ဝိုင်းမှာ ဆူညံလွန်းတယ်” ဟုပြောသဖြင့် အောင်မျိုးသူက “အစ်ကိုနဲ့ ဘာဆိုင်လို့လဲ” ဟုပြန်ပြောခဲ့ရာ တရုတ် (ခ) အောင်သူရိန်မှ “မင်းလူမိုက်လား” ဟု ပြောပြီးနောက် ၎င်းတွင်အသင့်ပါလာသည့် သေနတ် (အမျိုးအစားမသိ-အတို) ဖြင့် မိုးပေါ်သို့ တစ်ချက် ထောင်ပစ်ပြီးနောက် အောင်မျိုးသူအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လည်ပင်းအလယ် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် ထိမှန်ခဲ့ပြီး တရုတ် (ခ) အောင်သူရိန်က ၎င်းစီးနင်းလာ သည့် 1D/—- နံပါတ်တပ် Toyota Mark II အဖြူရောင်ယာဉ် (လိုင်စင်စိစစ်ဆဲ) ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ အောင်မျိုးသူမှာ သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် (အတွင်းလူနာ-စိုးရိမ်ရ) ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သထုံမြို့မရဲစခန်းမှ ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သထုံမြို့ မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ရှာဖွေ၊ စစ်ဆေးဆောင်ရွက်ရာ၌ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာ၌ တရုတ် (ခ) အောင်သူရိန် ပစ်ခတ်ခဲ့သည့် ကျည်ခွံ PAC-380 AUTO ကျည်ခွံ နှစ်ခုနှင့် ၎င်းမောင်းနှင် ထွက်ပြေးခဲ့သည့် 1D/—- နံပါတ်တပ် Toyota Mark II အဖြူရောင်ယာဉ်ကို ၎င်းနေအိမ်မှ တွေ့ ရှိ သိမ်းဆည်းရမိခဲ့ပြီး တရုတ် (ခ) အောင်သူရိန်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေပါတယ်။ သေနတ်ပစ်ခံထိတဲ့ သူကတော့ အခြေအနေ ကောင်းသွားပါပြီ။ မစိုးရိမ်ရတော့ပါဘူး။ ပြစ်မှုကျူးလွန်သူကိုတော့ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ အရ  အမှုဖွင့် အရေးယူ ထားပါတယ်” ဟု သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မျိုးသူအား သေစေရန် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအပေါ် သထုံမြို့မ ရဲစခန်းမှ (ပ) ၇၄၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၇ အရ အမှုဖွင့် အရေးယူထားသည်။

 

September 1, 2018














Copy Protected by Chetan's WP-Copyprotect.