<

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် သေနတ်ပြပြီး iPhone နှစ်လုံး လုယူမှုဖြစ်ပွား

အခင်းဖြစ်ရာ လုံးခင်းကျေးရွာ လမ်းမကြီးနှင့် ဖုန်းဆိုင်ကို တွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် သြဂုတ် ၃၁ ရက် ညပိုင်းက သေနတ်ပြပြီး iPhone နှစ်လုံး လုယူမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် ည ၈ နာရီ ခန့်တွင် ဖုန်ကာမျက်နှာ အုပ်ထားသည့် အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် လုံးခင်းကျေးရွာရှိ ဦးချိုဖုန်းဆိုင်တွင် ဖုန်းဝယ်ဟန်ဆောင်ပြီး ငွေရှင်းချိန်တွင် သေနတ်ထုတ်ပြသဖြင့် ဆိုင်ရှိအရောင်းစာရေးမများမှာ ထွက်ပြေးသဖြင့် ကျပ်ငွေ ၁၅ သိန်းခန့်တန်ဖိုးရှိ iPhone နှစ်လုံးယူဆောင်သွားကြောင်း သိရသည်။

လုံးခင်းကျေးရွာ ရပ်မိရပ်ဖတစ်ဦးက “ဒီလိုဖြစ်တာက မနှစ်က ရိန်းဘိုးတရုတ်ဆိုင်မှာလည်း သေနတ်ပြပြီး ယူသွားပြီ။ မနေ့က iPhone နှစ်လုံးယူသွားတယ်။ လုံးခင်းမှာ ၁၀ တန်းတက်နေတဲ့ ကလေးမကို သတ်သွားတာလည်း တရားခံ မမိသေးဘူး။ ဒီမှာက မှုခင်းတွေ ဆက်တိုက်ဖြစ်နေတာ။ သေနတ်ပြတယ် ဆိုပေမဲ့ အတုလား အစစ်လား မသိရဘူး။ သေနတ်ထုတ်တာနဲ့ စာရေးမတွေက ပြေးကြပြီ။ အဲဒါနဲ့ အေးအေးဆေးဆေးပဲ ယူသွားတာ” ဟု ပြောကြားသည်။

ဖားကန့်ဒေသမှာ သေမှုသေခင်းတွေ ထူပြောနေကြောင်း ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ ဖားကန့်ဒေသတွင် လုယက်မှု၊ ခိုးမှု၊ လူသတ်မှုများ နေ့စဉ်ဖြစ်ပွားနေပြီး တရားခံများကိုလည်း ဖမ်းဆီးရမိခြင်း မရှိကြောင်း၊ အထူးသဖြင့် ညအချိန်များတွင် အုပ်စုဖွဲ့ လုယက်ငွေတောင်းမှုများ ဖြစ်ပေါ်နေပြီး ပြန်လည်ခုခံပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နေကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာမှ ကိုကျော်က “ဒီမှာက ဆိုင်ကယ်ခိုး၊ အိမ်ဖောက်၊ ညဘက်လုတာက နေ့တိုင်းဖြစ်နေတာ။ လူတွေ ဒီလောက်များတော့ မထိန်းနိုင်ဘူး။ ကျွန်တော်တို့ဆိုရင် ဒီရောက်တာ ကြာပြီး တစ်ရက်နဲ့ တစ်ရက် လူတွေက အုပ်လိုက်ရောက်လာတာ။ ဘယ်ကလာလို့လာမှန်း မသိဘူး။ အခု ဆန်ခါကျေးရွာဘေးမှာ လောင်းကစားဝိုင်း အစုံရှိတယ်။ မူးယစ်ဆေးဝါး အစုံရှိတယ်။ နေ့တိုင်းကို ဆိုင်ကယ်ပျောက်နေတာ။ ရဲစခန်းမှာ မေးရင်လည်း တစ်မှုမှရှိမှာ မဟုတ်ဘူး။ အရင်ကတော့ မိရင်ဝိုင်းရိုက်ပြီး သေမှစခန်းရောက်တာ။ ဘယ်သူတွေရိုက်မှန်းလည်း မသိဘူး။ အခုဆိုးနေတာက ညမှာ ဓားတွေနဲ့ ၀ိုင်းလုတာပဲ။ အရင်လက ည ၉ နာရီလောက်မှာ လုံးခင်းမှော်ဆီဇာဘက်မှာ ၀ိုင်းလုပြီး အသတ်ခံရသေးတယ်။ လုယက်တာက အမြဲဖြစ်နေတယ်” ဟု ပြောကြားသည်။

ဖားကန့်ဒေသသည် ကချင်ပြည်နယ်၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဈေးကွက်အဖြစ် တည်ရှိနေပြီး ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။ မှုခင်းကြီးများလည်း မကြာခဏ ဖြစ်ပွားလေ့ပြီး တရားဥပဒေ စိုးမိုးမှုကို ကြိုးစားလုပ်ဆောင် နေရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

 

September 1, 2018














Copy Protected by Chetan's WP-Copyprotect.