မြဝတီ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး၏နေအိမ်မှ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သူအား ဖမ်းဆီးရမိ

မြဝတီ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး၏နေအိမ်မှ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သူအား ဖမ်းဆီးရမိ
Published 31 August 2018

ကရင်ပြည်နယ် မြဝတီမြို့ မူးယစ်တပ်ဖွဲ့မှ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမင်းအောင်မြင့်ဦး ရန်ကုန်သို့ ခရီးသွားနေစဉ် နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ သြဂုတ် ၂၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြဝတီ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမင်းအောင်မြင့်ဦးသည် အလုပ်ကိစ္စဖြင့် ရန်ကုန်သို့ သြဂုတ် ၂၃ ရက်က ခရီးသွားခဲ့ပြီး သြဂုတ်၂၇ ရက်၌ နေအိမ်သို့ပြန်ရောက်ခဲ့ရာ နေအိမ်အိပ်ခန်း ခုတင်ခြေရင်းတွင် ရွှေထည်ပစ္စည်းများ သော့ခတ်သိမ်းဆည်းထားသည့် (အတာချီကေ့စ်) မှာ ပွင့်နေပြီး အိတ်အတွင်း သိမ်းဆည်းထားသော ရွှေဆွဲကြိုး သုံးကုံး၊ ဟန်းချိန်း နှစ်ခု၊ နားကပ် နှစ်ရံ၊ လက်စွပ် နှစ်ကွင်း၊ လော့ကတ် နှစ်ခု၊ စုစုပေါင်းကာလ တန်ဘိုး ကျပ် ၃၅ သိန်းရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေသည်ကို တွေ့ရှိရပြီး မြဝတီမြို့မရဲစခန်းသို့ သြဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်အောင်ချမ်းမွန်နှင့် ရဲတပ်ဖွဲ့ဝင်များ အမှုစစ်ဒုရဲအုပ် ကျော်မျိုးဝင်းနှင့် အဖွဲ့တို့သည် သက်သေများဖြစ်သော အမှတ် (၃)ရပ်ကွက်မှ ရာအိမ်မှူး ဦးအောင်ညွန့်၊ ဦးဝင်းဟန်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်း နေ့စဉ်လိုက်လံ စုံစမ်းဖော်ထုတ်စဉ် သြဂုတ် ၂၉ ရက် ည ၉ နာရီ ၄၅ မိနစ်၌ အမှတ် (၄) ရပ်ကွက် ကျောက်ဖျာဂိတ်အနီးရှိ ပြည်ခိုင်ဖြိုးလမ်းအတိုင်း လမ်းလျှောက်လာသည့် လူတစ်ဦးအား မသင်္ကာဖွယ်ရာ တွေ့ရှိရပြီး ရပ်တန့်စစ်ဆေးခဲ့သည်။

ရဲတပ်ဖွဲ့က စစ်ဆေးရာ အောင်မိုးဆိုသူဖြစ်ကြောင်း သိရှိရပြီး ၎င်းခန္ဓာကိုယ်အား ရှာဖွေရာ ခါးကြား၌ ထိုးထားသော အဖြူရောင် ကပ်ခွာအိတ်အတွင်း၌ ရွှေထည်ပစ္စည်းများကို တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းပစ္စည်းများမှာ သြဂုတ် ၂၃ ရက် ည ၁၀ နာရီ မိနစ် ၃၀ က မြဝတီမြို့ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမင်းအောင်မြင့်ဦး၏ နေအိမ်အတွင်း ဝင်ရောက်ပြီး ခိုးယူလာသော ရွှေထည်ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပူးပေါင်းအဖွဲ့က ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

မြဝတီမူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမင်းအောင်မြင့်ဦး၏ နေအိမ်အတွင်း ရွှေထည်ပစ္စည်းများ ဝင်ရောက်ခိုးယူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ အောင်မိုး (၃၈ နှစ်) အား မြဝတီရဲစခန်းက သြဂုတ် ၂၉ ရက်ည ၇ နာရီ ၁၅ မိနစ်တွင် (ပ) ၇၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent