<

ဟင်္သာ တတက္ကသိုလ်အနီးတွင် လူသတ် အလောင်းဖျောက်မှု နှစ်နှစ်ခွဲနီးပါး ကြာသည်အထိ အမိန့်ချမှတ်နိုင်ခြင်း မရှိသေး

အခင်းဖြစ်ပွားခဲ့သည့် လယ်ကွင်းစပ်၌ တာဝန်ရှိသူများနှင့်အတူ အလောင်းအား စစ်ဆေးတူးဖော်နေစဉ်

ဟင်္သာတ တက္ကသိုလ်အနီး ချစ်သူလမ်းကြား၌ လူသတ် အလောင်းဖျောက်မှု နှစ်နှစ်ခွဲနီးပါး ကြာသည်အထိ ဟင်္သာတခရိုင် တရားရုံး၌ စစ်ဆေးနေဆဲဖြစ်ပြီး အမိန့်ချမှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယင်းအမှုကို ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်ကတည်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ ဖြင့် ရဲက တရားစွဲဆို တင်ပို့ထားခြင်းဖြစ်ပြီး တရားလို အပါအ၀င် သက်သေ ၄၅ ဦးကို စစ်ဆေးမှုအပြီး တစ်နှစ်နီးပါးအကြာတွင် တရားရုံးက စွဲချက် တင်ထားကြောင်း သိရသည်။

“တရားလိုနဲ့ လိုပြ သက်သေတွေရဲ့ ထွက်ဆိုချက်အရ ၁၄.၃.၂၀၁၇ ရက်နေ့မှာ (၁) တရားခံ သန်းဇော်ရော (၂) တရားခံ မနှင်းပွင့်ဖြူ (ခ) နှင်းချယ်ရီ အပေါ်မှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ)/ ၃၄ နဲ့ စွဲချက် တင်ခဲ့တယ်။ စွဲချက် တင်တဲ့အပေါ်မှာ တရားခံတွေက အပြစ်မရှိကြောင်း ငြင်းဆိုတယ်။ ကိုယ်တိုင် သက်သေအဖြစ် အစစ်ခံမယ်။ ခံပြ သက်သေတွေ တင်ပြမယ်ဆိုပြီးတော့ သူတို့ရှေ့နေတွေက တင်ပြလာတယ်။ တင်ပြလာတဲ့အပေါ် ဆက်လက်ပြီးတော့ တရားခံ စစ်ဆေးဖို့ အဆင့်မှာပဲ (၁) တရားခံရော၊ (၂) တရားခံရောက ကျွန်မတို့ခရိုင်တရားရုံးက စွဲချက်တင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ အပေါ်မှာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်ကို စွဲချက်တင်တာနဲ့ ပတ်သက်ပြီး ပြင်ဆင်မှု တက်ရောက်သွားတယ်။ ပြင်ဆင်မှု တက်ရောက်သွားတော့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်ကနေပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ နဲ့ပဲ ဆက်လက်ပြီးတော့ အတည်ပြုခဲ့တယ်”ဟု ဟင်္သာတခရိုင် တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်တင်ကြူကြူဝင်းက ပြောကြားသည်။

စွဲချက်တင်အမိန့်ကို ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဟင်္သာတခရိုင် တရားရုံးက (၁) တရားခံကို စစ်ဆေးခဲ့ပြီး (၂) တရားခံကို စစ်ဆေးမည့်အဆင့်တွင် ရှေ့နေက ၄င်းအမှုသည်၏ ထုချေနိုင်စွမ်း ရှိ၊ မရှိ စိတ်ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးရန် တောင်းဆိုမှု ရှိလာသဖြင့် ဟင်္သာတဆေးရုံကြီးရှိ စိတ်ရောဂါကု ဆရာဝန်ကြီးနှင့် စစ်ဆေးစေရာ ရန်ကုန်စိတ်ရောဂါကုဆေးရုံ ကြီး၌ ပြသသင့်သည်ဟု ထင်မြင်ချက်ပေးခဲ့ကြောင်း ဒုတိယခရိုင် တရားသူကြီးထံ မှ သိရသည်။

“အဲဒီ့ ဆေးစာအရ သူ့ကို ရန်ကုန် စိတ်ရောဂါကု ဆေးရုံကြီးမှာ စိတ်ပေါသွပ်ခြင်းကြောင့် ထုချေနိုင်စွမ်း ရှိ၊ မရှိ လျှောက်ထားတဲ့အပေါ် ခွင့်မပြုတဲ့အမိန့် ချခဲ့ပါတယ်။ (၁) တရားခံလည်း ရှိနေတဲ့အတွက် ဒီအမှုက ၂၀၁၆ ခုနှစ်၊ မတ်လ ကတည်းက စွဲတင်လာတဲ့ အမှုဖြစ်တာကြောင့် တရားခံ မနှင်းပွင့်ဖြူ အနေနဲ့ အမှုစတင် ဖြစ်ပွားစဉ်တုန်းက စိတ်ရောဂါဝေဒနာ ရှိတယ်လို့ မတင်ပြခဲ့ဘူး။ မြို့နယ် တရားရုံးမှာလည်း ဒီအမှုနဲ့ ပတ်သက်လို့ ဖြောင့်ချက်ပေးခဲ့တယ်။ ဖြောင့်ချက်ပေးစဉ် အခါကလည်း ဝေဒနာ ခံစားနေရတယ်လို့ မပေါ်ပေါက်ဘူး။ ဒါကြောင့်မို့လို့ ကျွန်မက သူ့ကို ဆက်စစ်သွားမယ် ဆိုပြီးတော့ အမိန့်ချခဲ့တယ်။ ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ မနှင်းပွင့်ဖြူ (ခ) နှင်းချယ်ရီရဲ့ ရှေ့နေက အမိန့်အပေါ်မှာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်ကို ရာဇ၀တ်ပြင်ဆင်မှု ထပ်တက်တယ်။ တက်သွားတဲ့အခါ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်က တရားခံ မနှင်းပွင့်ဖြူ (ခ) နှင်းချယ်ရီကို စိတ်ရောဂါကု ဆေးရုံကိုပြသဖို့ ဟင်္သာတဆေးရုံက စိတ်ရောဂါကု ဆရာဝန်ကြီးရဲ့ထင်မြင်ချက်အရရော၊ ဆေးစာအရရော တရားခံကို ဥပဒေပါ အခွင့်အရေး ပေးသင့်တယ်လို့ သုံးသပ်ပြီး ရန်ကုန် စိတ်ရောဂါကုဆေးရုံကြီးကို ပို့ဆောင်ပြီးတော့ သက်သေထွက်ဆိုချက် ပေးနိုင်၊ မပေးနိုင် စစ်ဆေးသင့်ကြောင်း အမိန့်ချတဲ့အတွက်ကြောင့် ကုသဖို့အတွက် စေလွှတ်ထားတဲ့ အဆင့်ဖြစ်ပါတယ်”ဟု ဒုတိယခရိုင် တရားသူကြီး ဒေါ်တင်ကြူကြူဝင်းက ဆက်လက်ပြောကြားသည်။

အဆိုပါ လူသတ် အလောင်းဖျောက်မှုမှ လူသေအလောင်းကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၉ နာရီခွဲခန့်က ဟင်္သာတတက္ကသိုလ်အနီး ချစ်သူလမ်းကြားနံဘေး လယ်ကွင်းစပ်၌ လယ်ပိုင်ရှင်က မသင်္ကာဖွယ်ရာ အနေအထားတွေ့ရှိခဲ့ရာမှ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီးနောက် တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

August 30, 2018














Copy Protected by Chetan's WP-Copyprotect.