ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အသတ်ခံရ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အသတ်ခံရ
Published 27 August 2018

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာ ရပ်ကွက်တွင် အသက် (၁၆ နှစ်) အရွယ်ရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး သြဂုတ် ၂၅ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် အသတ်ခံရကြောင်း သတင်းရရှိသည်။

အသတ်ခံရသူမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန်အတွက် ဘော်ဒါဆောင်တွင် နေထိုင်သူ မသဲနုအောင်ဖြစ်ပြီး သြဂုတ် ၂၄ ရက်က နေမကောင်းသဖြင့် မိဘနေအိမ်သို့ ခွင့်ယူပြန်လာနေခြင်း ဖြစ်ကြောင်း၊ သြဂုတ် ၂၅ ရက်တွင် မိခင်ဖြစ်သူက မောင်ဝမ်းကွဲ၏ ဇနီးဖြစ်သူကို ဆေးခန်းသွားပြစဉ် နေအိမ်ကို သော့ခတ်ကာ သမီးတစ်ဦးတည်း နေအိမ်တွင် ချန်ထားခဲ့ကြောင်း၊ နေအိမ်သို့ ပြန်လာစဉ် သမီးဖြစ်သူမှာ အိမ်ရှေ့တံခါးပေါက်ရှေ့တွင် ဝဲနားထင် တစ်လက်မခန့် ပေါက်ပြဲတစ်ချက်၊ ဝဲလက်မောင်းတွင် လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ဦးခေါင်းနောက်စေ့တွင် လေးလက်မခန့်တစ်ချက်၊ တစ်လက်မခန့်တစ်ချက်၊ နှာတံပေါ်တွင် တစ်လက်မခန့် တစ်ချက်၊ ဝဲလည်ပင်း နှစ်လက်မခန့် တစ်ချက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

နေအိမ်မှာ ဖားကန့်လုံးခင်း မြို့ရှောင်လမ်း အေးချမ်းသာယာရပ်ကွက် အစွန်အိမ်ဖြစ်ပြီး ဘေးအိမ်များနှင့် အနည်းငယ် ကွာဝေးသည့် အနေအထားတွင် ရှိနေကြောင်း၊ သံသယရှိသူကို မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။

ဖခင်ဖြစ်သူ ဦးအောင်စိုးမိုးက “ကျွန်တော့်သားသမီး သုံးဦးအနက် သမီးအကြီးဆုံးပေါ့။ ၁၀ တန်းတက်နေတယ်။ ကျန်းမာရေး မကောင်းလို့ မနေ့က ပြန်ခေါ်လာတာပါ။ ဒဏ်ရာက ပါးစပ်ကို တစ်ချက်ရိုက်တယ်။ နောက်စေ့မှာ ဓားနဲ့ထိုးသွင်းရာ သုံးချက်။ နားမှာ တစ်ချက်၊ လက်မောင်းမှာ ဓားရာတစ်ချက်ပါ။ အခု သမီးက ရင်ခွဲရုံထဲမှာပါ။ အရှေ့တံခါးက ပိတ်ထားတော့ နောက်ပေါက်ကနေ ဝင်လာတယ်လို့ ယူဆတယ်။ ကျွန်တော်တို့ ဈေးဝယ်သွားတာက ၁၂ နာရီ ၊ အိမ်ပြန်ရောက် တာက ၃ နာရီဆိုတော့ အဲဒီကြားမှာဖြစ်တာ။ ကျွန်တော်က ကုမ္ပဏီဝန်ထမ်းပေါ့။ အလောင်း တွေ့တာက ၃ နာရီကျွန်တော်တို့  ပြန်ရောက်တာက ၃ နာရီခွဲမှ။ ကျွန်တော်တို့ ဘဝတွေက မလုံခြုံတော့ဘူး။ ကျွန်တော့်သမီးက အိမ်မှာ ဖြစ်တာလေ။ လမ်းမှာနေရင်းဖြစ်တာမဟုတ် ဘူး။ ဒါကြောင့် ကျွန်တော့်ဇာတိဖြစ်တဲ့ မိုးကောင်းကို ပြန်တော့မယ်လို့ ဆုံးဖြတ်တယ်။ ကျွန်တော်တို့ ဘဝတွေကို လုံခြုံမှု ပေးလည်း မပေးနိုင်ဘူး။ ပေးလည်း မပေးကြဘူး။ ရှေ့ဆက်ပြီး ရပ်တည်လို့ မရတော့ဘူး။ ဘယ်က လူတွေ၊ ဘယ်သူတွေ လာကြမှန်းမသိဘူး။ ကျွန်တော့်သမီးကို ကိုယ့်အိုး၊ ကိုယ့်အိမ်မှာ အခန်းထဲမှာ ထားခဲ့တာ။ လုံလုံခြုံခြုံ ထားခဲ့တာပါ။ ကျွန်တော်လည်း ဘယ်သူနဲ့မှ ရန်ငြိုးရှိတာ၊ ရန်ဖြစ်တာ မရှိပါဘူး။ ကျွန်တော်က ကုမ္ပဏီမှာ ကားမောင်းတာ။ ညနေစောင်းမှ မိသားစုက အိမ်ပြန်ရောက်တာ။ ပစ္စည်းကတော့ မပျောက်ဘူး” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လုံးခင်းနယ်မြေရဲစခန်းတွင် (ပ) ၁၂/၂၀၁၈ အမှုကြီး အမှတ်စဉ် ၁၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ တရားခံကို စုံစမ်းလျက်ရှိပြီး ဒေသခံများ သုံးသပ်ချက်အရ သူခိုးခိုးရန် ဝင်ရောက်စဉ် အိမ်ရှင်ဖြစ်သူကို တွေ့သဖြင့် အသင့်ဆောင်လာသည့် ဓားဖြင့် ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်မှုများ ရှိနေသည်။

ဖားကန့်ဒေသသည် ကချင်ပြည်နယ်၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဈေးကွက်အဖြစ် တည်ရှိနေပြီး ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။  မှုခင်းကြီးများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တရားဥပဒေ စိုးမိုးမှုကို ကြိုးစားလုပ်ဆောင်နေရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

 

Most Read

Most Recent