မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ငွေကျပ်သိန်းပေါင်း ၄၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားပေါင်း ၁၄ သိန်းကျော် ဖမ်းဆီးရမိ

မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ငွေကျပ်သိန်းပေါင်း ၄၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားပေါင်း ၁၄ သိန်းကျော် ဖမ်းဆီးရမိ
Published 26 August 2018

ဖမ်းဆီးရမိသော စိတ်ကြွ ဆေးပြားများကို တွေ့ရစဉ်

မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ငွေကျပ်သိန်းပေါင်း ၄၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားပေါင်း ၁၄ သိန်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“ဒီကနေ့ ညနေပိုင်းက ဘူးသီးတောင်မှာ ယာဉ်တစ်စီးပေါ်ကနေ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။ ငွေကျပ်သိန်းပေါင်း ၄၃၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြားပေါင်း ၁၄ သိန်းကျော်ကို တရားခံ နှစ်ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်”  ဟု မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်းက ပြောကြားသည်။

သြဂုတ် ၂၅ ရက် ညနေ ၆ နာရီခွဲခန့် တွင် မူးယစ်ဆေးဝါး သတင်းအရ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ စီမံကွပ်ကဲမှုဖြင့် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြင့်ထွန်းကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ရဲတပ်ဖွဲ့မှ ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက် မြို့ဝင်ထွက် စစ်ဆေးရေးဂိတ်တွင် ကားများအား စစ်ဆေးရှာဖွေရာ ဓညဝတီလမ်းအတိုင်း မြို့ဝင်၊ ထွက်စစ်ဆေးဂိတ်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုးလွင် ( ၃၇ နှစ်) (ဘ)ဦးသန်းကျော် မောင်းနှင်ကာ ယာဉ်ပေါ်တွင် တစ်ရပ်တည်းနေ ကျော်စိုးဦး (ခ) ခင်မောင်ဝင်း ( ၄၁ နှစ်)(ဘ) ဦးလှဝင်းလိုက်ပါလာပြီး ယာဉ်အား သက်သေများနှင့်အတူ ဆက်လက်ရှာဖွေရာ ယာဉ်နောက်ခန်းတွင် ပီနံအိတ်အကြီး ခုနစ်ထုပ်၊ အသေးတစ်ထုပ်အတွင်းမှ မြင်းချေးရောင် စက္ကူဖြင့် ထုပ်ထားသော အထုပ် ၁၄၉ ထုပ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအထုပ် ၁၄၉ ထုပ်အား သက်သေများရှေ့  ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၅၂၇၅၀ ပြား၊ ကာလတန်ဖိုးတစ်ပြားလျှင် ကျပ်  ၃၀၀၀ နှုန်းဖြင့် စုစုပေါင်း တန်ဖိုး ၄၃၅၈၂၅၀၀၀၀ ကျပ်အား ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ အောင်မျိုးလွင်နှင့် ကျော်စိုးဦး (ခ) ခင်မောင်ဝင်းတို့နှစ်ဦးအား ဘူးသီးတောင် မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၁၇ ရက် ညနေပိုင်းကလည်း မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ရွှေဇားတံတားအနီးတွင် တွေ့ရှိသည့် ဂျင်း (ချင်း)များ တင်ဆောင်လာသော တေပါယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ချင်းများ ဖြင့် ရောနှောတင်ဆောင်လာသော ငွေကျပ် သိန်းပေါင်း ၈၃၀၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွ ဆေးပြားပေါင်း ၂၇၆၆၀၀၀ ပြားကို စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent