တောင်ကြီးမြို့ လေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်အကျဉ်းကို ရဲစခန်းသို့ GE တပ်ဆွယ် တာဝန်ခံ ဗိုလ်မှူးက လာရောက်အသိပေးအကြောင်းကြားဟုဆို

တောင်ကြီးမြို့ လေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်အကျဉ်းကို ရဲစခန်းသို့ GE တပ်ဆွယ် တာဝန်ခံ ဗိုလ်မှူးက လာရောက်အသိပေးအကြောင်းကြားဟုဆို
Published 23 August 2018

သြဂုတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် အသုဘ အခမ်းအနားအား တွေ့ရစဉ်

တောင်ကြီးမြို့၊ GE ဆအတ(၃) တပ်ဆွယ်၊ လိုင်းခန်းတွင်း၌ ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှု ဖြစ်စဉ်အကျဉ်း ရဲစခန်းကို အကြောင်းကြားခဲ့ကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ သြဂုတ်လ ၂၃ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

အဆိုပါ ဖြစ်စဉ်မှာ သြဂုတ်လ ၂၁ ရက် ၂ နာရီ ၅၀ မိနစ်က ဆအတ(၃) တပ်ဆွယ်၊ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ဆွယ်၊ တာဝန်ခံ ဗိုလ်မှူးမှ တောင်ကြီးမြို့မ ရဲစခန်းကို ရောက်ရှိလာပြီး၊ တောင်ကြီးမြို့ သစ်တောရပ်၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်းရှိ ဆအတ(၃) တပ်အတွင်း၌ သြဂုတ်လ ၂၀ ရက် ညနေ ၆ နာရီအချိန်တွင် လမ်းဦးစီးဌာနမှ အရာခံဗိုလ် စိုးမိုးထွန်းနေထိုင်သော လိုင်းခန်းအတွင်း၌ ဓါးထိုးမှုဖြစ်ပွားခဲ့ရာ ကျား ၂ ဦး၊ မ၂ ဦး စုစုပေါင်း(၄) ဦးတို့သည် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှ သေဆုံးခဲ့သူများအား မဆရ (၂) စစ်မြေပြင် ဆေးတပ်ရင်း၊ ရင်ခွဲရုံ၌ မဆရ (၂) မှ ဗိုလ်မှူးနှင့် အဖွဲ့မှ သြဂုတ် ၂၁ ရက် ညနေ ၆ နာရီ အချိန်မှစ၍ ရင်ခွဲစစ်ဆေးလျက် ရှိကြောင်းနှင့် အခင်းဖြစ်နေရာသည် ပုဒ်မ (၁၄၄) ထုတ်ပြန်ပြီး၊ ကန့်သတ်ဧရိယာ နယ်မြေအတွင်း တန်းပြည့်စစ်မှုထမ်းနေချိန် ဖြစ်သဖြင့် (ရပခ) ၏ ညွှန်ကြားချက်အရ စစ်ဘက်ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံဗိုလ်မှူးမှ လာရောက် အကြောင်းကြားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

“စခန်းကို စာပေးတာ မဟုတ်ဘူး။ ဗိုလ်မှူးက စခန်းမှူးကိုတွေ့ပြီး ရပခ ညွှန်ကြားချက်အရ စစ်ဘက်ဥပဒေနဲ့ အရေးယူသွားမယ်ဆိုတာ အသိလာပေးသွားတာ။ ဖြစ်ပြီးတဲ့ နောက်တစ်နေ့ ညနေပိုင်းလောက်မှာပေါ့။ ဒါက တပ်နဲ့ ဆိုင်တဲ့ ကိစ္စတွေကိုဆိုရင် တပ်ကိုပဲ ပြန်လွှဲပေးရတယ်။ အကယ်၍ ရဲစခန်းကို အမှုလာဖွင့်ရင်လည်း တပ်ကိုပဲ ပြန်လွှဲပေးရမှာပါပဲ။ ဘာလို့လဲဆိုတော့ တပ်တွင်းမှာ ဖြစ်ပျက်ခဲ့လို့၊ တပ်မတော်သားချင်းချင်း ကျူးလွန်တာ ဖြစ်တဲ့အတွက် တပ်ကိုပဲ ပြန်လွှဲပေးရတယ်။ ဘာမှာပဲဖြစ်ဖြစ်ပေါ့။ အပြင်မှာ တပ်မတော်သားက အရပ်သားကို ရိုက်တယ်ဆိုရင် အမှုလာဖွင့်တယ်ဆိုရင် တပ်ကို အကြောင်းကြားရတယ်။ အရပ်ဖက်နဲ့ အရေးယူမလား၊ တပ်မတော် ဥပဒေနဲ့ အရေးယူမလားဆိုရင် တပ်မတော်ဥပဒေနဲ့ အရေးယူမယ်ပဲ အကြောင်းပြန်တယ်။ အမှုတွဲတွေရော ပြန်လွှဲပေးလိုက်ရတယ်။ စုံခုံတွေနဲ့ စစ်တရားရုံးနဲ့ အရေးယူတာပေါ့။ ကျူးလွန်တာက အရပ်သားဆိုရင် ရဲကတရားစွဲလို့ရတယ်။ တပ်ကဆိုရင် တပ်ကိုလွှဲရတယ်။ တပ်မတော်သားတွေ ဖမ်းချုပ်ထားလို့မရဘူး။ စစ်ပြေးတွေဆိုလည်း တပ်ကို အပ်ရတယ်။ ဒီမှာ ချုပ်နှောင်ခွင့် မရှိဘူး” ဟု တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ တောင်ကြီး GE ဆအတ(၃) တပ်ဆွယ်၊ လိုင်းခန်းတွင်း၌ ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုသည် သြဂုတ်လ ၂၀ ရက် ညနေပိုင်း အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ ၂၁ ရက် ညနေ ၃ နာရီခန့် အချိန်တွင် ရဲတပ်ဖွဲ့ကို အသိပေး အကြောင်းကြားခဲ့ကြောင်း၊ ၂၂ ရက်တွင် အသုဘ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေးလောင်းပြိုင် လူသတ်မှု အသုဘအခမ်းအနားကို သြဂုတ်လ ၂၂ ရက် နေ့လည်ပိုင်း အချိန်တွင် တပ်မိသားစုဝင် အများအပြား လိုက်လံပို့ဆောင်ပေးခြင်းဖြစ်ပြီး မဆရ(၂) ရင်ခွဲရုံမှ စတင်ထွက်ခွာလာကာ ရာထူးအလိုက် တစ်လောင်းချင်းစီ ထွက်ခွာခြင်းဖြစ်ကာ ၃ ကြိမ်ခွဲ၍ သယ်ဆောင်သွားခြင်းဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ သုဿာန်တွင် မီးရှို့သဂြိုလ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အသေးစိတ် သိရှိထားခြင်း မရှိပါကြောင်းနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စများကို တပ်တရားရုံးတွင် စစ်ဘက်ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၁ ရက်၌ တောင်နီတွင် ၃ လောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လူသတ်တရားခံကို ရက်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ၊ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင်လည်း ရွှေဘုန်းပွင့်တောင်ပေါ် အတက်လမ်း ယာဘက်လမ်းကြားတွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကာ ရှမ်းပြည်နယ် လွှတ်တော် ဝန်ထမ်းအချင်းချင်း အကြွေးမပေးနိုင်သဖြင့် ပြန်လည်သတ်လိုက်သော လူသတ်မှု တစ်ခုလည်း ဖြစ်ပွားခဲ့ကာ ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent